Lifestyle

ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်နဲ့ ဖက်ရှင်အကြောင်း တစေ့တစောင်း

This article has been converted from Zawgyi One to Unicode

ဖက်ရှင်ဆိုတဲ့စကားလုံးက နှစ်လုံးထဲပါ။ ဒါပေမယ့် ဖက်ရှင်ကို အမြဲတစေ လေ့လာလိုက်စားတဲ့သူတွေအနေနဲ့ကတော့ ဖက်ရှင်ဆိုတာ လေ့လာလိုက်စားလို့ မကုန်နိုင်တဲ့အရာပါပဲ။ ရာသီအလိုက် ကိုယ်နဲ့လိုက်ဖက်တဲ့ ဝတ်စားဆင်ယင် တတ်မှုကို ဖက်ရှင်အမြင်ရှိတယ်လို့ အရင်က ဆိုကြပေမယ့်နောက်ပိုင်းမှာတော့ ဖက်ရှင်နဲ့ပတ်သက်တဲ့ ဒီဇိုင်နာတွေ ပေါ်ထွက်လာတဲ့အခါ ဖက်ရှင်ခေတ်ရေးစီးကြောင်းက အရှိန်အဟုန်ပြင်းပြင်းနဲ့ နိုင်ငံအဝှမ်းမှာ စီးဆင်းနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဟိုးအရင် ကုန်းဘောင်ခေတ် စစ်ကြိုခေတ်ထဲက ဖက်ရှင်ဆိုတာက ရှိခဲ့ပြီးသားပါ။ ဖက်ရှင်ဆိုတာကလည်းအလွှာအသိုင်းအဝိုင်းအလိုက် ကွဲပြားခြားနားသလို တဦးနဲ့တဦး ဖက်ရှင်ကျနစွာ ရွေးချယ် ဝတ်ဆင်ပုံခြင်းကလည်း အသွင်မတူလှပါဘူး။ ဒါကြောင့် မြန်မာပြည်ရဲ့ ထိပ်တန်းဒီဇိုင်နာလို့ ပြောလို့ ရနိုင်တဲ့ မိုးကုတ်ပေါက်ပေါက်နဲ့ အင်တာဗျူးကို ဖော်ပြပေးချင်ပါတယ်။ ဖက်ရှင်အကြောင်း Brand Image အကြောင်း မြန်မာနိုင်ငံရဲ့ဖက်ရှင်ရေစီးကြောင်းအကြောင်း နဲ့ တလောက သူဖန်တီးပေးလိုက်တဲ့ ပွဲတက်ဝတ်စုံကြောင့် နာမည်ကြီးခဲ့တဲ့မင်းသမီးတယောက်ရဲ့ အဆိုပါ ပွဲတက်ဝတ်စုံအကြောင်းတို့ကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က ဆက်သွယ်ပြီးမေးမြန်းထားပါတယ်။

မေး ဒီဇိုင်နာမိုးကုတ်ပေါက်ပေါက်ရဲ့ ဒီဇိုင်နာသက်တမ်းနဲ့ ဖြတ်သန်းလာတဲ့ ဒီဇိုင်နာဘဝကို သိချင်ပါတယ်။

ဖြေ အန်တီပေါက်ရဲ့ ဒီဇိုင်နာသက်တမ်းဆိုတာက ပြောရခက်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်က Makeup Artist ဘဝကနေ ကူးလာတာပါ။ တကယ်တော့ Makeup Artist လုပ်တဲ့ သက်တမ်းကတော့ နှစ်ပေါင်းသုံးဆယ်ရှိပါပြီ၊ ကိုယ်က အသက် ၁၄ နှစ်အရွယ်မှာ စပြီး ဒီအလုပ်ကို လုပ်ခဲ့တဲ့အတွက်ပါ။ ဒီ မိတ်ကပ်လိမ်းတဲ့ သက်တမ်း သုံးဆယ်နဲ့ထပ်တူပါပဲ။ ဖက်ရှင်အလုပ်ကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ မြန်မာနိုင်ငံမှာ ဖက်ရှင်ဒီဇိုင်နာဆိုတာ မရှိသေးတဲ့အတွက် ကိုယ်တွေက Makeup Artist တယောက်အနေနဲ့ပဲ သတို့သမီး ဝတ်စုံတွေကိုဖန်တီးခဲ့တာပါ။  ဖက်ရှင်ဒီဇိုင်နာတယောက်အနေနဲ့ စပြီးရပ်တည်ခဲ့တာကတော့ မန္တလေးရောက်တဲ့နှစ် ၁၉၉၆ ခုနှစ်မှာပေါ့။ အဲဒီကစပြီး ဒီဖက်ရှင်အလုပ်ကို လုပ်ခဲ့တယ်။ ဒါပေမယ့် ဖက်ရှင်ဒီဇိုင်နာလို့ ကိုယ့်ကိုကိုယ် ခံယူပြီးရောက်လာတာကတော့ ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်ကမှပါ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်ကျမှ မြန်မာနိုင်ငံမှာ လူတွေက ဖက်ရှင်ဒီဇိုင်နာဆိုတာကို စပြီးသိလာတဲ့ အချိန်မျိုးဖြစ်နေတာပါ။

မေး ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး ဘယ်တွေမှာ ပညာသင်ကြားခဲ့တာပါလဲ။

ဖြေ တကယ် မြင်ဆရာကို ပြောရမယ်ဆိုရင် အိမ်မှာ အမေက အလှပြင်ဆိုင်ကိုဖွင့်တော့ အလှပြင်ဆိုင်မှာပဲ အဝတ်စားတွေကို ချုပ်ပါတယ်။ သူတို့က ရှမ်းပြည်ဘက်ကလာတဲ့ Dress Maker တွေဆိုတော့ လက်ရာတွေ သိပ်ကောင်းပါတယ်။ အမတွေအမေတွေဆီမှာပဲ မြင်ပြီး ကိုယ်က လုပ်တတ်ခဲ့တာပါ။ အဲဒါတွေကို လုပ်တတ်ရင်း ကိုယ်တိုင်ပဲလုပ်ရင်း လေ့လာရင်းနဲ့ပဲ လုပ်တတ်သွားတယ်ပေါ့။ သေချာသွားသင်ဖြစ်တာက ၂၀၀၅ ခုနှစ်မှာ အီတလီနိုင်ငံက IMB လို့ အတိုကောက်ခေါ်တဲ့ ဖက်ရှင်ကျောင်းမှာ သွားတက်ပါတယ်။ အဲဒီက ပြန်လာပြီးတဲ့နောက် ဒီမှာက ဖက်ရှင်က သိပ်ခေတ်မစားသေးတော့ အန်တီပေါက်တို့ ဖက်ရှင်တွေက သိပ်ပြီး မသိသာပါဘူး။ ဒါပေမယ့် မီဒီယာတွေက သတိထားမိပြီး မဂ္ဂဇင်းကာဗာတွေအတွက်စပြီးတော့ ကမ်းလှမ်းပါတယ်။ အဲဒီကနေတဆင့်ပဲ ကိုယ်ရဲ့ ဖက်ရှင်တွေကို ရန်ကုန်မှာစပြီးသိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ထိလည်း ဒီဖက်ရှင်တွေဆိုတာ တကယ်ဝတ်ဖို့ ဆိုတာထက် ဖက်ရှင်ပြပွဲမှာ မော်ဒယ်လ်တွေဝတ်တဲ့ ဝတ်စုံတခုလို့ပဲ မြင်တယ်။ တကယ်ဝတ်စရာ ဖက်ရှင်တခု အဖြစ်မမြင်ခဲ့ကြပါဘူး။ သေချာတာကတော့ ၂၀၁၀ ခုနှစ်နောက်ပိုင်းကျမှ လူတွေက ဒီအဝတ်အစားတွေကို အခမ်းအနားတွေမှာ ဝတ်ဆင်လာကြတာပါ။ အဲဒီအချိန်က ကိုယ်က ရန်ကုန်ကိုရောက်ပါပြီ၊ လူမှန်နေရာမှန်လည်း ဖြစ်ပါပြီ။ မန္တလေးမှာကျတော့ အရင်တုန်းက ဒီလို အဝတ်အစားတွေ၊ ဂါဝန် တွေဝတ်ပြီးသွားလာကြတာ သိပ်ပြီး မရှိခဲ့ပါဘူး။ မင်္ဂလာဆောင်က လွဲရင်ပေါ့။

မေး ဒီလိုဆို ဖက်ရှင်ဒီဇိုင်နာက ဖန်တီးပေးထားတာကို ဝတ်ဆင်ရမှန်း သိလာကြတာက ၂၀၁၀ ခုနှစ် လောက်ကလို့ ပြောလို့ရမလား။

ဖြေ အဲဒါက အသိုင်းအဝိုင်းနဲ့ဆိုင်ပါတယ်။ အများစုကတော့ အဲဒီအချိန်မှ သိလာကြတာပါ။ အဲဒီ မတိုင်ခင် ဝတ်နေကြတာကတော့ တကယ့်လူနည်းစုပါ။ လူနည်းစုဆိုတာက ရန်ကုန်ရဲ့ လူကုံထံ အသိုင်းအဝိုင်းမှာတော့ ဖက်ရှင်ဆိုတာက ဟိုးအရင်ထဲက ရှိပြီးသားပါ။ ဖက်ရှင်ဆိုတဲ့ အမျိုးကလည်း အကုန်အကျများတယ်။ ပိုက်ဆံကုန်တယ်။ အဲဒီအတွက်ကို တကယ်ခံစားသုံးစွဲဖြစ်တဲ့ အသိုင်းအဝိုင်းကတော့ ချမ်းသာတဲ့သူတွေပေါ့။ ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောရတဲ့အတွက် ဒီစကားပြောရတာကို နားလည်ပေးစေချင်ပါတယ်။ တမျိုးမမြင်စေချင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအသိုင်းအဝိုင်းမှာ စစ်ပြီးခေတ်မှာကတည်းက ဖက်ရှင်ဆိုတာ ရှိခဲ့တာပါ။ အလွယ်ဆုံးပြောရရင် အဲဒီခေတ်ပေါ့နော်။ မြန်မာတွေက ကုန်းဘောင်ခေတ်မှာထဲက ဖက်ရှင်ဆိုတာ ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စုဖုရားလတ်က သူ့ရဲ့ Dress Making နန်းတွင်းသူတွေကို ပြင်သစ်ကိုလွှတ်ပြီး သွားသင်ခိုင်းတာပါ။ ဒါတွေကို လူကြီးမိဘတွေကတဆင့် သိခဲ့ရတယ်။ နောက်ဆုံးအသက်တရာကျော်ကမှ သီလရှင်ဘဝနဲ့ ဆုံးပါးသွားတဲ့ အဘွားနွဲ့ဆိုတဲ့ Hight Fashion Dress Make နဲ့တွေ့ဆုံခဲ့တယ်။ ဘွားနွဲ့ မဆုံးခင်ဘွားနွဲ့ပြောခဲ့တဲ့စကားတွေအများကြီးထဲမှာမှ လေ့လာခဲ့ရတာတွေ ရှိတယ်။ ဘာလို့လည်းဆိုတော့ ဘွားနွဲ့တို့ အဖေတို့ အဘိုးတို့ဟာ ကုန်းဘောင်ခေတ်မှာ ဒီပညာတွေကို သင်ဖို့ ပြင်သစ်ကို လွှတ်ခံခဲ့ရတယ်တဲ့လေ။ အဲဒီကနေ တဆင့် ဘွားနွဲ့က ဒီပညာတွေကို တက်လာခဲ့တာပေါ့။ ဒါကြောင့် မြန်မာတွေက ဟိုးအရင်ထဲက ဒီဖက်ရှင်ဆိုတာကို သိတယ်။ အဝတ်ကောင်းကောင်းလည်း ဝတ်တတ်တယ်။ ကုန်းဘောင်ခေတ်၊ စစ်ပြီးခေတ်၊ စစ်ကြိုခေတ်က ဖက်ရှင် တွေကို ပြန်ကြည့်မယ်ဆိုရင် အခုချိန်ထိ ခေတ်မီနေသေးတယ်လေ။ အဲဒီတော့ မြန်မာတွေမှာ ဖက်ရှင်ဆိုတာရှိတယ်။ ဒါပေမယ့် ကာလတခု၊ အတိုင်းအတာတခုအတွင်းမှာ ဖက်ရှင်ကို ခံစားနိုင်ခွင့်မရှိတဲ့ အခြေအနေမျိုးကိုရောက်ခဲ့တယ်။ အဲဒီအတွက် မြန်မာတွေက ဖက်ရှင်ကိုခံစားခွင့်မရခဲ့ကြဘူး။ အခုချိန်မှာ တလှည့်ပြန်ပြီး ခံစားခွင့်ရကြတယ်လို့ အန်တီပေါက်ထင်တယ်။

မေး  ဖက်ရှင်ဒီဇိုင်နာဆိုတာကိုရော ဘယ်လိုများ နားလည်သဘောပေါက်ပြီး အဓိပ္ပာယ်ဖွင့်ဆို ပြောပြချင်ပါလဲ။

ဖြေ  ဖက်ရှင်ဆိုတာက အနုပညာနဲ့ အတတ်ပညာကို ပေါင်းစပ်ထားတဲ့ ပညာတခုပါ။ အဲဒီတော့ ဖက်ရှင်နဲ့ ဒီဇိုင်းကို နှစ်ခုခွဲပြီး ပြောရမယ်လို့ထင်ပါတယ်။ ဖက်ရှင်ဆိုတာ အတတ်ပညာနဲ့ ဒီဇိုင်းဆိုတာ အနုပညာကို ပေါင်းစပ်ထားတဲ့ အရာပါ။ အဲဒီတော့ ဖက်ရှင်ဒီဇိုင်နာဆိုတာ ဒီနှစ်ခုစလုံးပါပါတယ်။ အဲဒီအတွက် ဖက်ရှင်ဒီဇိုင်နာတယောက်ဟာ အနုပညာနဲ့ အတတ်ပညာကို ဖန်တီးနိုင်ဖို့ လိုအပ်သလို ဒီဖက်ရှင်ပစ္စည်းတွေကို ထုတ်လုပ်ဖို့ နည်းပညာလည်း လိုအပ်ပါတယ်။ အဲဒီတော့ ဖက်ရှင်ဒီဇိုင်နာဆိုတာ အနုပညာချည်းပဲရှိဖို့ မဖြစ်သလို ဖန်တီးထုတ်လုပ်ဖို့ နည်းပညာတွေ မရှိလို့လည်း မဖြစ်ပါဘူး။ ဒါကြောင့် ဖက်ရှင်ဆိုတာ အနုပညာနဲ့ နည်းပညာပေါင်းစပ်ထားတဲ့အရာလို့ ထင်ပါတယ်။

မေး ကိုယ်ဖန်တီးလိုက်တဲ့ ဖက်ရှင်ကို ဝတ်ဆင်သူအနေနဲ့ စိတ်တိုင်းမကျခဲ့ရင် ဘယ်လိုတုံ့ပြန့်မိမလဲ၊ အဲဒီအပေါ် ဖက်ရှင်ဒီဇိုင်နာတယောက် ထားရှိရမယ့်စိတ်ကရော ဘယ်လိုရှိသင့်တယ်လို့ မြင်မိလဲ။

ဖြေ အဲဒါက ဒီလိုရှိပါတယ်။ အားလုံးကတော့ အခြေခံကနေ စကြရတာပါ။ အခြေခံကနေစပြီး ကျောင်းတက်တယ်။ ဖက်ရှင်ကျောင်းတက်တယ် လေ့လာတယ်။ ဖန်တီးတယ်။ ကိုယ့်ရဲ့ အနုပညာရှိသလို ကိုယ့်ရဲ့ ကြိုးစားမှု ကောင်းရင်ကောင်းသလို ကိုယ့်ရဲ့ပညာသင်ယူတဲ့ကျောင်းတို့ လေ့လာရတဲ့နေရာတို့က ကောင်းရင်ကောင်းသလို ဖက်ရှင်တွေက ကောင်းကောင်းထွက်လာတာပါ။ အဲဒီအတွက် ကိုယ့်ရဲ့ဖက်ရှင်ဆိုတဲ့ ကိုယ့်ရဲ့ လက်ရာကို လူတွေက သတိထားမိပြီး ကိုယ့်ရဲ့ကြိုးစားဖန်တီးမှုကနေတဆင့် Brand ဆိုတာ ဖြစ်လာတာပါ။ အဲဒီ Brand Image ကောင်းရင်ကောင်းသလို ကိုယ့်ကိုယုံကြည်မှုရှိပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Brand ကို ကိုယ့်ရဲ့နာမည်ကို တည်ဆောက်နိုင်ဖို့က အရေးကြီးပါတယ်။ လူတွေက တန်ဖိုးအများကြီးပေးပြီး ဝယ်ကြတယ်ဆိုတာ အဝတ်အစားရဲ့ quality ကို ဝယ်ကြတာမဟုတ်ပါဘူး။ အဝတ်အစားရဲ့ဒီဇိုင်းကိုလည်း ဝယ်တာမဟုတ်ပါဘူး။ သူတို့ဝယ်တာ ဒီ Brand ရဲ့Image ကိုအများကြီးပေးပြီးဝယ်တာပါ။ နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ ဒါကြောင့် ဒါက ကိုယ့်ရဲ့ Brand Image ကောင်းခြင်း မကောင်းခြင်း နဲ့သက်ဆိုင်ပြီးတော့ စောဒကတက်တာတွေ ရှိလာတာပါ။ အဲဒီတော့ ကိုယ့်ရဲ့ဝန်ဆောင်မှု ကိုကောင်းအောင်လုပ်ဖို့လိုပါတယ်။  နောက်တခုက ကိုယ့်ရဲ့ကုန်ပစ္စည်းကိုကောင်းေးအာင်လုပ်ဖို့လိုပါတယ်။ ပြီးတော့ နေရာဒေသ ရာသီဥတု အခြေအနေတွေနဲ့လိုက်ပြီးတော့ ရနိုင်ဖို့လိုပါတယ်။ ကိုယ်ဘယ်လိုဈေးကွက်မျိုးကို သွားမလဲ ဆိုတာကို မှန်ကန်တဲ့နေရာ၊ လူတွေကို ရဖို့လိုပါတယ်။ အဲဒါကလည်း ဈေးကွက်သဘောအရ အရမ်းအရေးကြီး ပါတယ်။ ဒီတော့ Brand image ကောင်းဖို့ဆိုတာ အနုပညာဖန်တီးတတ်ရုံနဲ့ မရပါဘူး။ စီမံခန့်ခွဲမှုပိုင်းကိုလည်း ကောင်းကောင်းတတ်ရပါမယ်။ ဈေးကွက်ကိုလည်း ကောင်းကောင်းသိရပါမယ်။ လူမှုဆက်ဆံရေးနဲ့ ပတ်သက်တာတွေလည်း နားလည်တတ်ကျွမ်းရပါမယ်။ ဝန်ဆောင်မှုလည်းကောင်းရပါမယ်။ ဒါဆိုရင်တော့ စောစောကပြောတဲ့ စောဒက ဆိုတဲ့ အရာက မရှိတော့ပါဘူး။

မေး  ဟိုတလောက မင်္ဂလာပွဲတခုမှာ အန်တီပေါက်ဝတ်စုံကိုဝတ်ပြီး ပွဲတက်ခဲ့တဲ့ သရုပ်ဆောင်ဝတ်မှုံရွှေရည်ရဲ့ ဝတ်စုံနဲ့ပတ်သက်ပြီး ဝေဖန်သံတွေထွက်ပေါ်လာတယ်။ အဲဒီအချိန်မှာ အန်တီပေါက်ဘက်က Facebook ပေါ်မှာ  ပြန်လည်ဖြေရှင်းတဲ့စကားလုံးတချို့အပေါ် မကျေနပ်တာတွေလည်းဖြစ်ပေါ်လာတယ်။ အဲဒီအပေါ်ကိုရော ဘာပြောချင်ပါသေးလဲ။

ဖြေ  အရှင်းလင်းဆုံးအရိုးသားဆုံးပြောရမယ်ဆိုရင် အဲဒီအကျၤီကို အန်တီပေါက်က ညပိုင်းပွဲမှာဝတ်ဖို့ လုပ်ပေးလိုက်တာပါ။ အဲဒီအကျီက သူပထမဆုံးဝတ်တာမဟုတ်သလို ဒီပွဲမှာဝတ်ဖို့အတွက်လည်း မဟုတ်ပါဘူး။ ပထမတစုံကို မြန်မာပွဲတက်ဖို့ပဲ မြန်မာဝတ်စုံကို ပြန်မွမ်းမံပြီးချုပ်ပေးခဲ့တာ။ ဒီဝတ်စုံလေးက ညပွဲရုပ်ရှင်ပွဲတော်မှာ ဝတ်ဖို့ ဆိုပြီးထည့်ပေးလိုက်တယ်။ ဒါပေမယ့် အဲဒီဝတ်စုံကို သူမဝတ်ဖြစ်ဘူး။ မဝတ်ဖြစ်တဲ့အခါမှာ တကယ့်တော့ ကိုဝိုင်း မင်္ဂလာဆောင်မှာ ရှိတဲ့ဝတ်စုံက အဆင်မပြေတော့ ဒီဝတ်စုံလေးပဲ ဝတ်သွားလိုက်မယ်ဆိုပြီး ဝတ်သွားလိုက်တာပါ။။ ဒီအကျီက Zar & Diamond ပွဲတုန်းက မော်ဒယ်လ်တယောက်ဝတ်ပြီးသားပါ။ အန်တီပေါက် အဝတ်အစားဆင်လို့ရှိရင် အမြဲတမ်းသတိထားပါတယ်။ ဒီဝတ်စုံကို လက်ခံနိုင်တဲ့ ပရိသတ်အသိုင်းအဝိုင်းမှာပဲ အန်တီပေါက်ဆင်ပါတယ်။ လူတိုင်းလက်ခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသိုင်းအဝိုင်းမတူပါဘူး။ ဒီစကားမျိုးတွေပြောရင် အန်တီပေါက်ကို နောက်ထပ် ဆဲဆိုမှုတွေ ထပ်လာနိုင်ပါတယ်။ ဒါပေမယ့် အန်တီပေါက် ပြောရမှာပဲ။ ဖက်ရှင်ဆိုတဲ့အရာဟာ လူမှုအသိုင်းအဝိုင်းမတူရင်ဖက်ရှင်လည်းမတူပါဘူး။ လူနေမှု Life style နဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ဒီစကားတွေက တချိန်ကျရင် လူတွေနားလည်သွားပါလိမ့်မယ်။ ဒီအချိန်မှာ ဒီစကားလုံးတွေက ပါးစပ်နဲ့မဆန့်ဘူး၊ နားနဲ့မဆန့်ဘူးဆိုပြီး ဖြစ်ကြလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အသိုင်းအဝိုင်းမတူရင် ဖက်ရှင်က မတူဘူးလေ။ အဲဒီတုန်းက Facebook မှာ အကျီတထည်ရဲ့ တည်ဆောက်ပုံကို အန်တီပေါက်တို့က ပြလိုက်တာပါ။ အန်တီပေါက်ပြောချင်တဲ့စကား ပေးချင်တဲ့ Message က ဒီဥစ္စာက ဒီလို ဒီလိုဖန်တီးထားတယ် ဘယ်လိုမှမမြင်နိုင်ဘူး။ ကိုယ့်အားနည်းချက်ရှိတယ်ထင်လို့ ကိုယ့်များတခုခု ချွတ်ယွင်း ပြီးတော့များ ဒီလိုဖြစ်တာလားဆိုပြီးတော့ ကိုယ်က ဖြေရှင်းထားတာပါ။ ကစ်ကစ်လေးကို မထိခိုက်စေချင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့သူက အနုပညာသမားဆိုတော့ ပြည်သူအများစုနဲ့ ရပ်တည်နေရတာလေ။ အန်တီပေါက်က ပြည်သူအများစုနဲ့ရပ်တည်နေရတာမဟုတ်ပါဘူး။ အန်တီပေါက် ဖောက်သည်က ရန်ကုန်တမြို့လုံးမှာရှိ အလွန်ဆုံး ၃၀၀ နဲ့ ၃၅၀ ပေါ့။ အလွန်ဆုံးရှိရင် ၆၀၀ ပါ။ အန်တီပေါက် ဒီ ဖောက်သည်တွေရှိရင် ရပ်တည်လို့ရပါပြီ။ ဒီလို စကားပြောလို့လဲ ဘယ်လိုမှ အထင်မမှားစေချင်ပါဘူး။ အန်တီပေါက် အသိုင်းအဝိုင်းလေးက ဒါလေးပဲရှိတာပါ။ ကျဉ်းပါတယ်။ အန်တီပေါက်ကို မထိခိုက်ပါဘူး။ ဒီဆဲဆိုခြင်း မဆဲဆိုခြင်းတွေကလည်း ဘာမှမဖြစ်ပါဘူး။ လူဆိုတာ သဘောကျတဲ့သူရှိမယ် လက်ခံနိုင်တဲ့သူရှိမယ် လက်မခံနိုင်တဲ့သူရှိမယ်။ တချို့ ဒီဇိုင်းတွေဆိုရင် အဲဒီ ဒီဇိုင်နာသေသွားပြီးမှ လက်ခံတဲ့သူတွေရှိတယ်။ အောင်မြင်တာတွေရှိတယ်။ အနုပညာသမားတွေဟာ ဖန်တီးခြင်းသာ အဓိက ဖြစ်တယ်။ ဒါတွေဟာ ဖက်ရှင်မှ မဟုတ်ဘူး။ ပန်းချီပဲဖြစ်ဖြစ်၊ ပန်းပုပဲဖြစ်ဖြစ် ကဗျာပဲ ဖြစ်ဖြစ် သီချင်းပဲ ဖြစ်ဖြစ် ရုပ်ရှင်ပဲဖြစ်ဖြစ် လူတွေဟာ အကြီးအကျယ်ပြဿနာဖြစ်ကြပါတယ်။ တခါတလေကျရင် အဲလို အငြင်းပွားမှုမျိုးကို အန်တီပေါက်တို့က ဖြေရှင်းနေစရာမလိုအပ်ဘူးလို့ ထင်ပါတယ်။ အချိန်တန်ရင်နားလည်သွားလိမ့်မယ်လို့ထင်ပါတယ်။ ကိုယ့်ရဲ့တီထွင်ဖန်တီးမှုအပိုင်းမှာ ဘယ်လိုသတ်မှတ်ချက်တွေထားရှိပြီး ဖန်တီးဖြစ်လဲ။

မေး ကိုယ့်ရဲ့တီထွင်ဖန်တီးမှုအပိုင်းမှာ ဘယ်လိုသတ်မှတ်ချက်တွေထားရှိပြီး ဖန်တီးဖြစ်လဲ။

ဖြေ ဖန်တီးမှုက မြန်မာဝတ်စုံကို ဆန်းသစ်ဖန်တီးခဲ့တာကြာခဲ့ပြီလေ။ ဘာဖြစ်လို့လည်းဆိုတော့ အရင်တုန်းက မြန်မာ ချိတ်ထမိန်ဆိုတာ လူကြီးတွေနဲ့ မင်္ဂလာဆောင်အခမ်းအနားတွေမှာပဲ ဝတ်တာလေ။ ကိုယ်က ပြန်လာပြီးတဲ့အခါမှာ အပေါ်ပိုင်း Top လေးတွေကို လှလှပပ ခေတ်ဆန်ဆန်လေးတွေ လုပ်ပေးခဲ့တဲ့အတွက် လူငယ်တွေဝတ်တာလေ။ ဒါပေမယ့်လည်း အဲဒီတုန်းကတိုက်ခိုက်မှုကလည်း အကြီးအကျယ်ခံစားရတယ်။ မျိုးစုံတွေဝေဖန်ကြတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း အဲဒီအတိုင်းပဲ လူတွေလိုက်ဝတ်နေတာပဲလေ။ နောက်ဆုံး သူတို့ ဒီလိုထမိန်နဲ့ အကျီဝတ်တာ ကိုပဲ ကျေးဇူးတင်ဖို့ ကောင်းနေပြီ။ ယိုးဒယားလိုဖြစ်သွားလို့ ထမိန်မဝတ်တော့ရင် ဘယ်လိုလုပ်မလဲ။ အဲဒီအတွက်ကို ဒီထမိန်တွေ ပိုးထည်တွေ ချိတ်တွေ ပြည်တွင်းထည်တွေကို ပြန်ဝတ်အောင်လို့၊လူငယ်ဆိုတာ အသစ်အဆန်းရှိမှ သူတို့ကို ရင်ခုန်မှုပေးမှ ဘာမှ စိတ်ဝင်စားမှု မရှိတာကိုသူတို့မဝတ်ချင်ဘူး။ အဲဒီအတွက် လူငယ်တွေကို တခုခု ထမိန်လေးနဲ့ ဒီလိုတွဲဝတ်ရင်လည်း လှတယ်ဆိုတာပြတယ်။ အန်တီပေါက်ဒီဇိုင်းတွေက တခါတလေ sexy ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။တပြိုက်နက်မှာလည်း တင့်တင်လှပနေအောင်လုပ်ထားတယ် ။ ကျက်သရေရှိအောင် လုပ်ထားတဲ့အတွက် ရုတ်တရက်ကြည့်လိုက်ရင် အဲဒါကို sexy ဖြစ်တယ်လို့ မမြင်ဘူး။ တခါတလေပြောတာနော် အမြဲတမ်းမဟုတ်ဘူး။ အဲလိုဟာသည် ကျွမ်းကျင်မှုနဲ့အတွေ့အကြုံမှာ အများကြီးလိုအပ်ပါတယ်။

မေး  မြန်မာနိုင်ငံမှာဖက်ရှင်ဆိုတာ ကြီးမားကျယ်ပြန့်လာဖို့ အများလက်ခံလာဖို့က အချိန်ဘယ်လောက် လောက်လိုသေးလဲ၊ ဘယ်အချိန်လောက်ဆို မြန်မာ့ဖက်ရှင်လောက ကြီးထွားလာနိုင်မလဲ။

ဖြေ  မြန်မာနိုင်ငံရဲ့ဖက်ရှင်ဆိုတော့ Myanmar Fashion Industrial ပေါ့။ အခုချိန်မှာ Myanmar Fashion Industrial က အများကြီးတက်လာတယ်။ ဘာကိုကြည့်ပြီးပြောလို့ရလည်းဆိုတော့ ပြည်တွင်းဖြစ် စက်ယက္ကန်း လက်ယက္ကန်း တွေက အများကြီးတိုးတက်ပြောင်းလဲလာတယ်။ ဥပမာ-ယွန်းတရာချိတ်ဆိုတာ ကွယ်ပျောက်လုနီးပါးဖြစ်ပြီးတော့မှ တကယ့် ဈေးနှုန်းတတ်နိုင်တဲ့သူတွေမှ ဝတ်နိုင်တဲ့ဟာကနေ ဈေးနှုန်းအမျိုးမျိုးသော ချိတ်တွေ လူတန်းစား အမျိုးမျိုးအတွက် ထုတ်လုပ်လာနိုင်ကြတယ်။စက်ယက္ကန်းတွေကလည်း ပြန်ပြီးတော့ အလုပ်ဖြစ်လာကြတယ်။ အဲလိုဟာကိုကြည့်ခြင်းအားဖြင့် ကောင်းတဲ့အလားအလာလို့ပြောလို့ရတယ်။ မြန်မာအမျိုးသမီးတွေဟာ မြန်မာထမိန် ကိုပဲ စွဲစွဲမြဲမြဲဝတ်နေတုန်းပါပဲ။ အမျိုးသားတွေဆိုရင်လည်းပုဆိုးပေါ့။ အဲဒါကို အန်တီပေါက်တို့လို ဖက်ရှင်ပညာကို နိုင်ငံတကာမှာသင်ပြီးပြန်လာတဲ့သူတွေက ပိုပြီးအဆင့်အတန်းရှိအောင် ပိုပြီးအရည်အသွေးကောင်းအောင် လုပ်လာတဲ့အတွက်လည်း လူတွေက ဥပမာ-တိုက်ပုံပေါ့ ရှေးတုန်းကတိုက်ပုံမျိုးမဟုတ်ဘဲ ပိုပြီးအရည်အသွေး ကောင်းကောင်း လုပ်လာတော့လူငယ်တွေက တိုက်ပုံကို ပိုပြီးလူငယ်ဆန်ဆန် ခန္ဓာကိုယ်နဲ့ အချိုးအစားပြေပြစ်အောင် လုပ်လာတော့ လူငယ်ယောက်ျားလေးတွေက တိုက်ပုံပြန်ဝတ်ချင်လာကြတယ်။ ဒါဟာ နိုင်ငံတခုရဲ့ ဈေးကွက်ကို ဦးဆောင်နေတဲ့ ပညာရှင်တွေရဲ့ကုမ္ပဏီတွေရဲ့ဦးဆောင်မှုနဲ့သက်ဆိုင်တယ်။ အဲဒီအတွက်ကို ဒါတွေက ဝမ်းသာစရာ ကောင်းတဲ့ အလားအလာတွေပေါ့။အဲဒီတော့ Myanmar Fashion Industrial က နိုင်ငံခြားက ကုမ္ပဏီတွေလာရင် လည်း အလုပ်ဖြစ်မယ်။ အဲဒါနဲ့တပြိုင်နက် မြန်မာပြည်တွင်းက ပြည်တွင်းဖြစ်ဒီဇိုင်းတွေကလည်း တိုးတက်မယ် လို့မြင်တယ်။ တခြားနိုင်ငံတွေလိုတော့ လွှမ်းမိုးသွားမယ်လို့မမြင်ဘူး။ ဥပမာ ထိုင်းမှာဆိုရင် အခမ်းအနားရှိမှပဲ ရိုးရာဝတ်စုံကို ဝတ်တော့တယ်။ ပုံမှန်အားဖြင့်တော့ မဝတ်ဘူးပေါ့။  အန်တီပေါက်တို့ မြန်မာတွေက ရုံးသွားရင်လည်း ထမိန်ကို ဝတ်တယ်။ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် အန်တီပေါက်တို့ နိုင်ငံက အကြီးအကဲတွေကလည်း မြန်မာလိုပဲဝတ်တယ်။ ဘယ်ဘက်အပိုင်းပဲဖြစ်ဖြစ်ပေါ့ အဲဒါတွေ အကုန်ပြောရရင် ဒါတွေက အန်တီပေါက်တို့ တိုင်းပြည်အတွက်ကောင်းတဲ့ အလားအလာတွေပါပဲ။ အဲဒီတော့ ဝတ်တတ်ဖို့နဲ့ ဖက်ရှင်အမြင်ရှိဖို့ပဲလိုတယ် အဲလို ဖက်ရှင်အမြင်ရှိဖို့ကလူတွေကို အသိပညာ ပေးရမှာပါ။ ဗဟုသုတတွေ ဖြန့်ဝေပေးဖို့က မြန်မာနိုင်ငံက ဖက်ရှင်ဒီဇိုင်နာ တွေမှာ အများကြီးရှိပါတယ်။ နောက်ထပ် ဝတ်ဆင်ပြသမယ့် ဖက်ရှင်မော်ဒယ်လ်တွေမှာ အများကြီးအရေးကြီးပါတယ်။ အနုပညာသမားတွေ ကိုယ်တိုင်က ဖက်ရှင်ကို နားလည်အောင် ဒါမှမဟုတ် နားမလည်ရင်တောင် နားလည်တဲ့သူတွေ ရဲ့ လမ်းညွန်မှုတွေကို လက်ခံနိုင်အောင် ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။

Loading