သီချင်းသစ်တွေ မထွက်တာကြာပြီဖြစ်တဲ့ ကချင်တိုင်းရင်းသူလေး Lဆိုင်းဇီ ရဲ့ ဒုတိယ တကိုယ်တော်တေးစီးရီး အစွဲအလန်းကြီးသူလို့ နာမည်ပေးထားတဲ့ တေးစီးရီးက မကြာခင်မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။
စူးရှတဲ့အသံပါဝါကောင်းကောင်းနဲ့ တေးသီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုတတ်တဲ့ Lဆိုင်းဇီက သူရဲ့ ဒုတိယမြောက်တေးစီးရီးကို အခုလ ၂၃ ရက်နေ့မှာ ဖြန့်ချိပေးတော့မှာဖြစ်ပါတယ်။ ဒီတေးစီးရီးမှာ တေးသီချင်း ၁၂ ပုဒ် ပါဝင်မှာဖြစ်ပြီး တေးရေးတွေအနေနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ တေးရေး ကေအေတီရဲ့ သီချင်းအပါအဝင် မြင့်မိုးအောင်၊ ဇဝါ၊ စောခူဆဲ စတဲ့တေးရေးများနဲ့အတူ L ဆိုင်းဇီ ကိုယ်တိုင်ပါဝင်သီချင်း ၃ပုဒ်ပါဝင်ရေးသားထားပါတယ်။ ကိုယ်ပိုင်သံစဉ်သီချင်းတွေလို့လည်း သိရပါတယ်။
ဒီတေးစီးရီးနဲ့ပတ်သက်ပြီး L ဆိုင်းဇီက “ဒီအခွေမှာထူးထူးခြားခြားအနေနဲ့ ကျမတို့ ရဝမ် ကချင်လူမျိုးတွေရဲ့ ဝတ်စုံကို ဝတ်ထားပါတယ်။ တချို့တွေက မြန်မာနဲ့မဆိုင်ဘူးလို့ ထင်သွားမှာဆိုးပါတယ်။ တိုင်းရင်းသားအခွေလို့လည်း ထင်သွားမှာစိုးရိမ်ပါတယ်။ အမှန်ကပရိသတ်ကို ထူးခြားအောင် ကျမအကောင်းဆုံးပြင်ဆင်ထားတာ၊ သီဆိုထားတာဖြစ်ပါတယ်။ အရင်တုန်းက ကျမဆိုးခဲ့တာ မှန်ပါတယ်။ ဒီအခွေလေးက ကျမကိုသင်ယူပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ကျမကို သင်ယူပေးခဲ့တဲ့နှစ်တနှစ်ပါပဲ။ဘာကြောင့်လဲဆိုတော့ ဒီအခွေလေးလုပ်နေရင်း စည်းလုံးခြင်းက အဓိကဆိုတာကို မြင်လာတယ်။ နောက်ပြီးချစ်ခြင်းမေတ္တာကိုလည်း မြင်လာပါတယ်” လို့ ဆိုပါတယ်။
Lဆိုင်းဇီရဲ့ပထမဆုံးတကိုယ်တော်တေးစီးရီး “ဝေခွဲမရပါလား” လို့ အမည်ပေးထားတဲ့ တေးစီးရီးဟာ ၂၀၁၂ခုနှစ်အတွင်းက ထွက်ရှိခဲ့တာဖြစ်ပြီး ယခုအချိန် သုံးနှစ်ခွဲကြာမှ ဒုတိယတေးစီးရီးနဲ့ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခွေထွက်ရှိမည့် ၂၃ ရက်နေ့ မနက်ပိုင်းမှာ L ဆိုင်းဇီက ကန်တော်မင်ပန်းခြံရှိ Happy World မှာ လက်မှတ်ရေးထိုးရောင်းချပေးမှာဖြစ်ပြီး ညနေပိုင်းမှာတော့ ပြည်သူ့ရင်ပြင်အတွင်းရှိ Happy World မှာ လက်မှတ်ရေးထိုးရောင်းချပေးသွားမှာ ဖြစ်ပါတယ်။