ဂျပန်နိုင်ငံမှ Mr.Yunosuke Yamamoto (Conductor/ Composer) ဦးဆောင်တဲ့ အနုပညာရှင်များ အဖွဲ့နှင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ နိုင်ငံတော်သံစုံတီးဝိုင်းတို့ ပူးပေါင်းပြီး “Myanmar National Symphony Orchestra Concert 2016” ဖျော်ဖြေပွဲကြီးကို ရန်ကုန်နဲ့ နေပြည်တော် နှစ်နေရာ ကျင်းပပြုလုပ်သွားမယ်လို့ သတင်း ရရှိပါတယ်။
အဆိုပါ “Myanmar National Symphony Orchestra Concert 2016” ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် လည်းကောင်း၊ နေပြည်တော် MICC 2 ၌ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် လည်းကောင်း အသီးသီး ကျင်းပသွားမှာဖြစ်တယ်လို့ ယနေ့၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ Yangon International ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအရ သိရပါတယ်။
ဒီပွဲက ဘယ်သူမဆို လာရောက်ကြည့်ရှုနိုင်တဲ့ ဝင်ကြေး အခမဲ့ ဖျော်ဖြေပွဲကြီးဖြစ်ပြီး ဖျော်ဖြေပွဲကို ရန်ကုန်၊ နေပြည်တော် နှစ်နေရာလုံးမှာ ညနေ (၆) နာရီခွဲအချိန်မှာ စတင် ဖျော်ဖြေ တီးခတ်သွားမှာ ဖြစ်ပါတယ်။
ဖျော်ဖြေပွဲမှာ Conductor အဖြစ် Mr.Yunosuke Yamamoto ၊ Piano Solo တီးခတ်သူများ အဖြစ် Mr.Yosuke Yamashita နှင့် Ms.Kyoko Koyama တို့နဲ့ အတူ Myanmar National Symphony Orchestra အဖွဲ့တို့က တီးခတ် ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။
ဖျော်ဖြေပွဲအတွင်းမှာ Classical, Jazz, Piano စတဲ့ တေးဂီတဖျော်ဖြေမှုတွေကို ဂျပန် အနုပညာရှင်များနဲ့ မြန်မာအနုပညာရှင်များက ပူးပေါင်း ဖျော်ဖြေပေးသွားမှာ ဖြစ်ပြီး မြန်မာသီချင်းများဖြစ်တဲ့ နာမည်ကျော် သင်္ကြန်တေးသီချင်း “ရှာပုံတော် မင်းသားကြီး” နဲ့ “ရွှေဘိုသနပ်ခါး” သီချင်းတို့ကိုပါ မြန်မာ့ပတ်လုံးတွေနဲ့ တီးခတ်ဖျော်ဖြေ ပေးသွားမယ်လို့ သိရပါတယ်။
“ကျမက ဒီပွဲမှာ First Band ထဲမှာ တယောတီးပါမယ်။ ကျမတို့က ဒီပွဲစလုပ်ဖြစ်တာကတော့ ကျမတို့ သံစုံ တီးဝိုင်းက တနှစ်ကိုတကြိမ် ပြည်သူတွေကို ဖျော်ဖြေပါတယ်။ အဲဒီတော့ ဒါက ၂၀၁၅ မှာ မလုပ် လိုက်ရဘူး၊ ၂၀၁၆ ခုနှစ် အတွက် ပထမဆုံးလမှာ လုပ်တဲ့ပွဲပါ။ ဒီပွဲလေး ဖြစ်ဖို့အတွက် ဂျပန်နိုင်ငံကနေ ပညာရှင်တွေလာပြီး စုစုပေါင်း (၅) ကြိမ် သူတို့ပညာရှင်တွေ ခေါ်လာပြီး လေ့ကျင့်ခဲ့တယ်။ ကျမတို့ ဒီပွဲ အတွက် အစွမ်းကုန် ကြိုးစား ထားပါတယ်” လို့ နိုင်ငံတော်သံစုံတီးဝိုင်း၊ လက်ထောက်ညွှန်ကြားရေးမှူး မအေးသီတာထွန်းက ဆိုပါတယ်။
သူက ဆက်ပြီး “ဒီပွဲလေးက Classical အပြင် မြန်မာသီချင်းတွေလည်း ကြားရမယ်။ ပြီးတော့ Jazz တွေလည်း ကြားရမယ်။ Jazz ပညာရှင်တွေဆိုရင် ကမ္ဘာကျော်တဲ့ ပညာရှင်ပါ။ သံစုံတီးဝိုင်းအတွက်ကိုလည်း အစစအရာရာ အများကြီး ကြိုးစားထားတယ်။ အဲဒီတော့ ပရိသတ်ကြီးကိုလည်း ဒါဟာ ကိုယ်နဲ့ သိပ်မရင်းနှီးသေးတဲ့ Music တခု ဖြစ်တယ်။ အသစ်တခုကို နားထောင်ရသလိုမျိုး သဘောထားပြီး တော့ အားပေးပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။