အိန္ဒိယနိုင်ငံရဲ့အဝတ်အစား ကုမ္ပဏီတခုက အက်ဆစ်နဲ့အပက်ခံရပြီး မျက်နှာပြင်တခုလုံးနဲ့ ခန္တာကိုယ် အစိတ်အပိုင်းတချို့ ပျက်ဆီးခဲ့ရတဲ့ လက်စ်မီ ဆား ဆိုသူ အမျိုးသမီးကို ဘရန်းမော်ဒယ်လ်အဖြစ် လုပ်ဆောင်ပေးဖို့ရန် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲ့ဒီလို လုပ်ဆောင်ရခြင်းကို “Face of Courage” လို့ အမည်ခေါ်ဆိုခဲ့တာပါ။
အက်ဆစ်နဲ့အပက်ခံခဲ့ရသူ မစ္စ ဆားဟာ အသက် ၃၂ နှစ်အရွယ် လူတဦးရဲ့ လက်ထပ်ခွင့်တောင်းခံခြင်းကို ငြင်းပယ်လိုက်တဲ့အတွက် အက်ဆစ်နဲ့ အပက်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက သူမ အသက်ဟာ ၁၅ နှစ်သာသာပဲ ရှိပါသေးတယ်။
“စပြီး အပက်ခံရချင်းမှာ အေးခနဲခံစားလိုက်ရတယ်။ နောက်တော့ ပြင်းပြင်းထန်ထန် လောင်ကျွမ်းလာတယ်လို့ ခံစားရတယ်။ အဲ့အရည်တွေကြောင့် ကျမ အသားတွေ ပျော်ကျလာတော့တာပါပဲ” အက်ဆစ်နဲ့ အပက်ခံရစဉ်က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
သူမဟာ အဲ့ဒီလို တိုက်ခိုက်ခံရပြီးတဲ့နောက် အိန္ဒိယနိုင်ငံတွင် အက်ဆစ်ပက်ကာ တိုက်ခိုက်မှုများကို ကျုးလွန်နေကြတဲ့တရားခံများအား ပြင်းထန်းတဲ့ အပြစ်ပေးဖို့ နဲ့ စည်းကမ်းမဲ့ အက်ဆစ်များရောင်းချနေမှုကို ထိန်းသိမ်းခြင်း မရှိတဲ့အပေါ် ဆန့်ကျင်ပြောဆိုခဲ့သူတဦးဖြစ်လာပါတော့တယ်။
“ဒီလို ဘရန်းမော်ဒယ်လ်အဖြစ်လုပ်ဆောင်ခွင့်ရတဲ့ အခွင့်အရေးဟာ ကျမတို့လို အက်ဆစ်နဲ့အပက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေရှိပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့၊ ဂုဏ်ယူဖို့ ဥပမာတခုအနေနဲ့ ချပြခွင့်ရမယ့် အခွင့်အရေး ဖြစ်ပါတယ်။ နောက်ပြီး ကျမတို့ကို အက်ဆစ်နဲ့ပက်ပြီး ဒီလို ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးအောင်လုပ်လို့ရပေမယ့် ကျမတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကတော့ ပျက်ဆီးသွားမှာမဟုတ်ဘူးဆိုတာကို အက်ဆစ်နဲ့ပက်ခဲ့တဲ့ တရားခံ တွေသိအောင် ပြောပြလို့ရမယ့် အခွင့်အရေးတခုလည်းဖြစ်ပါတယ်” လို့ မစ္စ ဆားက BBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Survivors Trust International အဖွဲ့ရဲ့ ခန့်မှန်းတွက်ချက်မှုအရ အိန္ဒိယနိုင်ငံတွင် နှစ်စဉ် လူတထောင် ထက်မနည်း အက်ဆစ်နဲ့အပက်တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီလို အက်ဆစ်နဲ့အပက်တိုက်ခိုက်မှုကို တရားစွဲဆိုနိုင်ဖို့အတွက် တစုံတရာ တိကျခိုင်မာတဲ့ဥပဒေရယ်လို့ တိုင်းပြည်မှာ မရှိသေးတာဟာ မုန်းတီးစရာဖြစ်ရပ်တခုရယ်လို့ သတင်းက ဆိုပါတယ်။
Viva N Diva အဝတ်အစားကုမ္ပဏီအနေနဲ့ မစ္စ ဆားကို ဘရန်းမော်ဒယ်လ်အဖြစ် ရွေးချယ်ခဲ့တဲ့အပေါ် အခုလို ပြောဆိုသွားခဲ့ပါတယ်။
“အလှအပဆိုတာ ရုပ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်တခုဆိုတာ နားလည်သဘောပေါက်အောင် ချပြပြီးတော့ ဖက်ရှင်အလှအပနဲ့ ပတ်သက်တဲ့ လူတွေရဲ့အမြင်တွေကိုပြောင်းလဲစေချင်တာပါပဲ”
Ref: BBC news