အဆိုတော်မိုးမိုးရဲ့ “အတ္တကြီးနေသည်” MTV ထွက်ရှိတော့မှာဖြစ်ပါတယ်။ အတ္တကြီးနေသည် တေးစီးရီး Audio မှာ သီချင်း ၁၄ ပုဒ်ပါဝင်ထားပါတယ်။ အတ္တကြီးနေသည် အခွေ MTV ထွက်ရှိနိုင်ဖို့ အဆိုတော်မိုးမိုးက ဖန်တီးနေတာ အချိန်လေးနှစ်ကြာခဲ့ပြီး ဒီ အခွေနဲ့ပတ်သက်လို့ မိုးမိုးက ဒီ “အတ္တကြီးနေသည် MTV ကို ဖန်တီးလာတာ လေးနှစ်ရှိပါပြီ။ ကျနော် ပေါ်လိုက်ပျောက်လိုက်ကြားထဲကနေ အခုလိုထွက်ဖြစ်တဲ့အချိန်မှာ ကျနော်ကိုယ် ကျနော် မယုံကြည်သလိုတောင် ခံစားရပါတယ်။ ဒီထဲမှာ ကျနော်နဲ့အတူတူ ပူးပေါင်းပါဝင်ပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောသွားပါတယ်။
အခုထွက်ရှိလာမယ့် “အတ္တကြီးနေသည်” အခွေမှာ ရှေ့ထွက်ရှိပြီး “ကြယ်” စီးရီးထဲကTitle ကြယ် သီချင်းကို သရုပ်ဆောင်အေးမြတ်သူနဲ့အတူသရုပ်ဆောင်ထားပြီး Bonus song အနေနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒီ စီးရီးခွေက မိုးမိုးရဲ့ တတိယမြောက် တေးစီးရီးဖြစ်ပြီး ရှေ့မှာထွက်ရှိခဲ့ပြီးတဲ့ စီးရီးခွေနှစ်ခွေက “ကြယ် “နဲ့ “တနင်္ဂနွေမိုးရေစက်” တေးစီးရီးများပဲ ဖြစ်ပါတယ်။
အတ္တကြီးနေသည် MTV ကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဘိုဘိုအင်တာတိန်းမန့်ကတဆင့် စတင်ဖြန့်ချိပေးမှာဖြစ်ပြီး ညနေပိုင်းမှာတော့ ရန်ကုန်မြို့ လှည်းတန်းစိန်ဂေဟာ မှာ အဆိုတော်မိုးမိုးက သူငယ်ချင်းများနဲ့အတူ လက်မှတ်ရေးထိုးပေးသွားမှာဖြစ်ပါတယ်။