“True Story” ရုပ်ရှင်မှာ အပြိုင် သရုပ်ဆောင်တဲ့ အဓိက ဇာတ်ဆောင်နှစ်ဦးမှာ တဦးက သတင်းထောက် Mike Finke ဖြစ်ပြီး နောက်တဦးကတော့ လူသတ်သမားလို့ ယူဆရသူ Christian Longo ဖြစ်ပါတယ်။ လူသတ်သမားဟာ အဖမ်းမခံရခင် ရက်တွေမှာ သူမဟုတ်တဲ့ သတင်းထောက် အမည်ကို သုံးပြီး နာမည်ခံပါတယ်။ မိန်းကလေးနဲ့ မိတ်ဆက်ရာမှာတောင် သူဟာ သတင်းထောက် တယောက်ပါ ဆိုတာ ထည့်ပြောခဲ့သူပါ။
ဒါဟာ လူသတ်မှုနဲ့ ဆက်စပ် ပတ်သက်နေတဲ့ သူ့ရဲ့ ဘဝအမှန်က ထွက်ပြေး လွတ်မြောက်ဖို့ အတွက် သုံးတယ် လို့ ထင်စရာရှိပါတယ်။ သို့သော် သူပြောတဲ့ စကားတခွန်းကတော့ အဲဒီထက် ပိုပါတယ်။ ‘မိုက်’ လို့ သူ့ကိုယ်သူ ပြောဆို နေထိုင်တဲ့ အချိန်ကာလဟာ သူ့အတွက် အပျော်ဆုံး အခိုက်အတန့်ပါပဲတဲ့။ စိတ်ရင်းအမှန်နဲ့ ပြောသလား မပြောခဲ့ဘူးလား မခွဲခြားနိုင်ပေမယ့် အဲဒီစကားလုံးက ကျမကို ထိရှ စေပါတယ်။ လူတယောက်ဟာ သက်လတ်ပိုင်း အရွယ်အထိ သူ့ရဲ့ ဖြစ်တည်မှုမှာ တဒင်္ဂလေးတောင် မပျော်ရွှင်ခဲ့ဘူးလား။ ဘဝက ဘယ်လောက်များ မွန်းကြပ်ပိတ်လှောင်ခဲ့သလဲ။ လူသတ်မှု ကျူးလွန်ခဲ့တယ် ဆိုရင်လည်း အဲဒီလို ကျူးလွန် ဖြစ်အောင် သူ့ကို ဘယ်အရာတွေကများ တွန်းပို့လိုက်ပါသလဲ။
တကယ်တော့ ခရစ္စ ကျူးလွန်ခဲ့တယ် ဆိုတဲ့ မှုခင်းဟာ သူစိမ်းတွေနဲ့ ဖြစ်ပျက်တဲ့ မှုခင်းလည်း မဟုတ်ပါဘူး။ သွေးသား ရင်းချာတွေနဲ့ ပါ။ သူ့အမျိုးသမီးနဲ့ ရင်သွေးသုံးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ယူဆခံထားရသူပါ။ အမျိုးသမီးနဲ့ သမီးလေးကို တော့ ခရီးဆောင်သေတ္တာထဲ ထည့်ပြီး ရေထဲပစ်ချခဲ့သူ၊ ကျန် ရင်သွေးနှစ်ဦးကိုတော့ နောက်တနေရာမှာ ရေထဲပစ်ချခဲ့ တယ်လို့ ကောက်ချက်ချ ခံထားရသူလည်း ဖြစ်ပါတယ်။ ဒီအမှု ကိစ္စတွေကို ခရစ္စ အမှန်တကယ် ကျူးလွန်ခဲ့ပါသလား။ မိုက်ရဲ့ နာမည်ကိုရော ခရစ္စက ဘာလို့ သုံးခဲ့ပါသလဲ။
ဒီမေးခွန်းကို ခရစ္စနဲ့ တွေ့တဲ့အခါ မိုက်ကလည်း မေးခဲ့တာပါပဲ။ ပြောရရင်တော့ ခရစ္စနဲ့ မိုက် စတွေ့ကြတဲ့ အချိန်ဟာ နှစ်ဦးစလုံး အတွက် အချိန်ကောင်း မဟုတ်ပါဘူး။ ခရစ္စကလည်း အဖမ်းအဆီးခံရပြီး တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေရတဲ့ အချိန်၊ မိုက်ဆိုရင်လည်း မျက်နှာဖုံး ဆောင်းပါးတပုဒ်နဲ့ ပတ်သက်ပြီး အလုပ်က ထုတ်ပယ် ခံထားရတဲ့ အချိန်၊ အလုပ် ပြန်ရဖို့ ကြိုးစားပေမယ့် ဘယ်မှာမှ အဆင်မပြေသေးတဲ့ အချိန်ပါ။ အဲဒီလို အချိန်မျိုးမှာမှ ခရစ္စတယောက် အဖမ်းမခံရခင် အချိန်ကလေးမှာတောင် သူ့နာမည် သုံးလိုက်သေးတယ် ဆိုတာကို မိုက် သတင်းရပါတယ်။ ခရစ္စနဲ့ တွေ့ခွင့်ရဖို့ ကြိုးစားခဲ့ပါ တယ်။
သူတို့နှစ်ဦး တွေ့တဲ့အခါ မိုက်က ဒီမေးခွန်းကို မေးခဲ့တာပါ။ သူ့ကိုမှ ဘာလို့ ရွေးရသလဲ ဆိုတာ မိုက်က သိချင်ပါတယ်။ ခရစ္စကတော့ ခပ်အေးအေးပါပဲ။ သူဟာ မိုက်ရဲ့ ရေးသားတင်ဆက်ပုံတွေ၊ ပြောရေးဆိုခွင့် မဲ့သူတွေဘက်က ရပ်တည်ခဲ့ပုံ တွေကို သဘောကျလှတယ် လို့ ဆိုပါတယ်။ ဒါကြောင့်သာ မိုက်ရဲ့ နာမည်ကို သုံးလိုက်ပါသတဲ့။ သူတို့ရဲ့ ထိပ်တိုက် အားပြိုင်မှုဟာ အဲဒီတွေ့ဆုံမှုက စပါတယ်။ မိုက်ကလည်း ရေးစရာ ဇာတ်လမ်းတခုခု လိုအပ်နေသလို၊ ခရစ္စဆိုတာကလည်း လူစိတ်ဝင်စားတဲ့ မှုခင်းကြောင့် သတင်းဌာနတွေက အသည်းအသန် ဆက်သွယ်နေကြရသူ မဟုတ်လား။ မိုက်ရဲ့ မျက်လုံးတွေဟာ အရောင်တဖျတ်ဖျတ် လက်လို့၊ သတင်းတွေ့တဲ့ သတင်းသမား တယောက်ပီပီ စိတ်လှုပ်ရှား တက်ကြွလို့။
သတင်းထောက်တွေဟာ လူတွေ ဘာကြားချင်ပါလိမ့် ဆိုတာကိုပဲ ရေးမှာပါ၊ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားကို ရှာဖွေဖို့တော့ အချိန်ယူမှာ မဟုတ်ပါဘူးလို့ ခရစ္စက ဆိုတယ်။ မိုက်ကတော့ အမှန်တရားကပဲ အရေးကြီးပါတယ် လို့ ခရစ္စကို တုံ့ပြန်ပါတယ်။ ပထမဆုံးတွေ့တဲ့ အချိန်မှာတင် မိုက်ရဲ့ စိတ်ကို ညွှတ်သွားစေမယ့် စကားတခွန်းကို ခရစ္စက ပြောပါတယ်။ မင်းနေရာမှာ ခဏနေခွင့်ရတာ အပျော်ဆုံး အချိန်ပါပဲတဲ့၊ မင်းရော ငါအဖြစ်နဲ့ စိတ်ကူးကြည့်ဖူးလား တဲ့။ ဒီမေးခွန်းကို မိုက်ဖြေဖို့ အချိန် မရလိုက်ပါဘူး။ ဖြေခွင့် ရရင်တော့ မိုက် ဘယ်လို ဖြေမှာပါလိမ့်။ လောလောလတ်လတ် လူလေးဦးကို သတ်ဖြတ်ထားသူလို့ ယူဆရသူနေရာမှာ ဘယ်သူကများ စိတ်ကူးကြည့်လို့ ရပါ့မလဲ။
ပတ်ဝန်းကျင်က အော့နှလုံးနာစရာ လူသတ်သမားဖြစ်နေတဲ့ ခရစ္စဟာ မိုက်အတွက်တော့ ဇာတ်လမ်းတခုရဲ့ အစပါပဲ။ သူ့ကိုသာ ဒီဇာတ်လမ်း ရေးခွင့်ပေးမယ် လို့ ခရစ္စက ပြောခဲ့တာကိုး။ ဇနီးသည်က တားမြစ်တာတောင် မိုက်က ရှေ့တိုးဖို့ အသင့်ပါပဲ။ အပြန်အလှန် အားဖြင့် သူ ဘာတွေ ပြောခဲ့တယ် ဆိုတာကို တရားခွင် မရောက်မချင်း မိုက် ဖွင့်မပြောရဘူး၊ ပြီးတော့ စာရေးတတ်ဖို့ အတွက် သူ့ကို သင်ပေးရမယ်လို့လည်း ခရစ္စက တောင်းဆိုပါတယ်။ သူတို့ရဲ့ ပုံမှန်တွေ့ဆုံမှု စပါပြီ။ တသက်မှာ တခါသာတွေ့ကြုံရမယ့် ဇာတ်လမ်းမျိုးလို့ မိုက် ယုံကြည်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလည်း စပါပြီ။
မိုက်ဆီ ရောက်လာတဲ့ ခရစ္စရဲ့ များပြားလှတဲ့ စာမျက်နှာတွေ ထဲမှာတော့ သူ့ဘဝဇာတ်ကြောင်းဟာ ရိုးတိုးရိပ်တိပ်။ တင်းကျပ်တဲ့ ဖခင် လက်အောက်မှာ နေထိုင်ခဲ့ရသူ၊ အသက် ငယ်ငယ်ရွယ်ရွယ်မှာ အိမ်ထောင်ရက်သား ကျခဲ့သူ။ သူငယ်ချင်းတွေ တက္ကသိုလ်တက်နေ ချိန်မှာ သူကတော့ သားကျွေးမှု မယားကျွေးမှုအတွက် ရုန်းကန်နေရတဲ့သူ။ အိမ်ထောင့် တာဝန်နဲ့ အဆင်မပြေတာတွေ များတဲ့ ဘဝလို့ မြင်ရစေတယ်။
ယောကျာ်သား တယောက်အတွက် ဇနီးသည်နဲ့ သားသမီးတွေရဲ့ ရှေ့မှာ ဂုဏ်သိက္ခာ ကျဆင်းရတာလောက် ရှက်စရာ ကောင်းတာ မရှိပါဘူးတဲ့။ မပြေလည်လွန်း၊ ထွက်ပေါက်မဲ့လွန်းလို့ပဲ ခရစ္စဟာ မိသားစုဝင်အားလုံးကို သတ်ဖြတ် လိုက်လေ သလား။ မိုက်ကတော့ ခရစ္စနဲ့ တွေ့ဆုံရာက စလို့ သူ့ဇာတ်လမ်းကို ရေးပါပြီ။ သူတို့နှစ်ဦးရဲ့ ရေးသားပြင်ဆင်ပုံ ဆင်တာလေးတွေတောင် သတိထားမိပြီး ဇနီးသည်ကို ပြလိုက်ပါသေးရဲ့။
မိုက်ရဲ့ ယုံကြည်ရာ တခုကတော့ ခရစ္စသည် အပြစ်ကင်းသူ ဖြစ်ကောင်းဖြစ်မယ် ဆိုတာပါ။ သွေးအေးအေးနဲ့ လူသတ်မှု ကျူးလွန်သူလို့ သူ မထင်ပါဘူး။ သူနဲ့ တွေ့တဲ့ အခါ ခရစ္စဟာ တည်ငြိမ်လှတယ်။ မိသားစုကို ချစ်ပါတယ် ဆိုတဲ့အခါ မျက်ရည်တောင် စို့လို့ ပါပဲ။ နားထောင်သူ မိုက်ကတောင် တလှုပ်လှုပ် ဖြစ်တတ်ပေမယ့် ခရစ္စကတော့ ရံဖန်ရံခါ လက်ချောင်းလေးတွေ မငြိမ်သက်တတ်တာက လွဲရင် မျက်နှာအမူအရာက အေးအေးဆေးဆေးပါ။ စကားလုံးတလုံးချင်းနဲ့ လိုက်အောင် အမူအရာ ကောင်းလှပါတယ်။
တရားခွင်လည်း ရောက်ရော အမျိုးသမီးနဲ့ သမီးတဦးကို သတ်ခဲ့ပါတယ်လို့ ခရစ္စက ဝန်ခံလိုက်ပါတော့တယ်။ ကျန်နှစ်ဦး ကတော့ ဇနီးသည်ကပဲ သတ်သယောင် ထင်ရစေပါတယ်။ သူပြောတဲ့ သူ့ဇာတ်လမ်းကတော့ ချောလို့ပါ။ အကြွေးအမြီများ တဲ့ ကိစ္စ၊ အိမ်ပြောင်းရွှေ့ရမယ့် ကိစ္စ စတာတွေကို သူ ဝန်ခံလိုက်ရာက ဇနီးသည်က ပေါက်ကွဲပြီး ဒီအဖြစ်တွေ မီးခိုးကြွက် လျှောက် ဖြစ်လာရပါတယ်လို့ ပုံပြောနေသလို တရားခွင်မှာ အေးအေးဆေးဆေး လျှောက်လဲခဲ့တာပါ။
မိုက်အတွက်ကတော့ ခရစ္စက ပြစ်မှုကို ဝန်ခံလိုက်တဲ့အခါ ပေါက်ကွဲစရာ ဖြစ်ရပါတယ်။ စာအုပ်ထုတ်ဖို့ရာတောင် သူ့ဘက်က အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ စာအုပ်ထုတ်မယ့်သူ ဆီကလည်း မေးခွန်းထွက်လာပါပြီ။ ဒီဇာတ်လမ်းကို ရေးနေတယ် ဆိုလို့လည်း သေဆုံးသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေရဲ့ အငြိုးသိုတာ ကိုလည်း ရင်ဆိုင်ခဲ့ရပါပြီ။
တသက်မှာ တခါသာ တွေ့ရမယ့် ဇာတ်လမ်းလို့ မိုက် ယုံကြည်ထားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဟာ ထင်သလောက်လည်း လွယ်လွယ်ကူကူ မရှိလှပါဘူး။ သူနဲ့ တွေ့ဆုံချိန် တလျှောက်လုံး ခရစ္စပြောနေခဲ့တာ၊ သူ့ကို ရေးပေးခဲ့တာတွေဟာ အမှန်တရားလား။ မုသား စွက်သလား။ ဒါမှမဟုတ် အလုံးစုံ လိမ်ညာမှုလား။ ခရစ္စပြောသမျှနောက် သူလိုက်ခဲ့တဲ့ လမ်းကရော လမ်းမှားတခုပဲ လား။ အမှုစီရင်ချက် ချပြီးတဲ့အချိန် မိုက်ဘက်ကို လှည့်ပြီး ခရစ္စ မျက်စိတစ်ဖက် မှိတ်ပြသွားခဲ့တာဟာ သူတို့ဇာတ်လမ်းရဲ့ အဖြေပါပဲ။
“True Story” ရုပ်ရှင်ဟာ ၂၀၁၅ ခုနှစ် ဧပြီလမှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Rupert Goold က ရိုက်ကူးပြီး မိုက် ကိုယ်တိုင် ရေးသားခဲ့တဲ့ “True Story” ကိုပဲ အခြေခံပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ တကယ့် ဖြစ်ရပ်မှန်ကို နောက်ခံ ထားတဲ့ ဇာတ်လမ်းပါ။ မိုက် နေရာမှာ Jonah Hill၊ ခရစ္စနေရာမှာ James Franco တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
လူသတ်သမား တယောက်နဲ့ သတင်းထောက် တယောက်တို့ စတင်ဆုံတွေ့ရာက ပေါ်ပေါက်လာတဲ့ ဇာတ်လမ်းဟာ ဇာတ်အိမ် အနေနဲ့ သိုင်းဝိုင်းထားတာ များများစားစား မရှိပါဘူး။ ခရစ္စရဲ့ မိသားစုနဲ့ ပတ်သက်လို့လည်း ထင်ထင်ရှားရှား ပြသထားတာမရှိပါဘူး။ ဒါပေမယ့် ဇာတ်လမ်း အစကစလို့ အဆုံးအထိ တင်ပြပုံ သေသပ်လှတာကို သဘောကျမိပါတယ်။ အဓိက သရုပ်ဆောင်နှစ်ဦးရဲ့ ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ဟန် ကလည်း အားပြိုင်မှုကို ကြွစေပါတယ်။ တဦးက ဇာတ်လမ်းလိုချင်သူ၊ နောက်တဦးကတော့ အသုံးချချင်သူ။ နှစ်ဦး စလုံးဟာ ကိုယ်ကျိုးအတွက် ထိပ်တိုက်တွေ့ကြတာပါပဲ။
ပြကွက်တိုင်း စိတ်ဝင်စားစရာ ဖြစ်ရသလို အဆုံးတိုင် မထတမ်း ကြည့်ချင်အောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ မကြာသေးခင်ကပဲ ၂၀၁၅ ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တကားအဖြစ် IMDb ရဲ့ တည်ထောင်သူ Col Needham က ရွေးချယ်ထားပါတယ်လို့ ရုပ်ရှင်ချစ် မိတ်ဆွေတဦးက လက်တို့ပါတယ်။ ရုပ်ရှင် မကြည့်ဖြစ်တာ ကြာနေတဲ့ ရက်တွေထဲ ပြန်ကြည့်မိတဲ့ True Story ဟာ ကြည့်ပြီးတဲ့နောက် အတွေးတစမက ချန်ထားနိုင်တဲ့ ရုပ်ရှင်၊ အချိန်ပေးဖို့ရာ ထိုက်တန်တဲ့ ရုပ်ရှင်ပါပဲလို့ ဆိုပါရစေ။