ဇာတ်ကားအမည် – ချစ်လှစွာသောအမုန်း
ပါဝင်သည့်သရုပ်ဆောင်များ – အောင်ရဲလင်း၊သက်မွန်မြင့်၊ဝတ်မှုံရွှေရည်
ဒါရိုက်တာ – ဝိုင်း
ဒါရိုက်တာဝိုင်း မကြာခဏ ရိုက်ကူးလေ့ရှိတဲ့ စာရေးဆရာမပုညခင်ရဲ့ ဝတ္ထုဖြစ်ပြီး အမုန်းဆိုတဲ့ ကောင်မလေးနဲ့ မိုးစက်မေဆိုတဲ့ မိန်းမပျိုတဦးတို့နှစ်ယောက်ရဲ့ ဇာတ်ဖြစ်တယ်ဆိုရင်လည်းမမှားပါဘူး။ ဒီဇာတ်ကားကို ဇန်နဝါရီ၁ရက်နေ့ကတည်းက ရုံတင်ပြသနေတာဖြစ်ပြီး အခုပြောင်းလဲလိုက်တဲ့ ရုံပြိုင်စနစ်မှာ သတ်မှတ်ထားတဲ့ စံနှုန်းထက်ပရိသတ်အဝင်များလို့တလထပ်တိုးပြီးပြသရမယ့်ကားကြီးလည်းဖြစ်ပါတယ်။မိုးစက်မေ(သက်မွန်မြင့်)ရဲ့ အဖေ ဦးတိုးမင်း(ဇင်ဝိုင်း) က အမုန်း(ဝတ်မှုံရွှေရည်) ဆိုတဲ့နုံချာချာကောင်မလေးတယောက်ကို မှားယွင်းမိရာက လက်ထပ်လိုက်ပြီးအိမ်ကိုခေါ်လာခဲ့ပါတယ်။ မိုးစက်မေမှာ ဂါမဏီ(အောင်ရဲလင်း) လို့ခေါ်တဲ့ ငယ်စဉ်ကတည်းက သံယောဇဉ်တွယ်ခဲ့၊ ကြိတ်ပြီးချစ်နေရတဲ့သူငယ်ချင်းတယောက်လည်း ရှိပါတယ်။ ကိုယ့်ထက်ငယ်တဲ့ မိန်းကလေး တယောက်ကမိထွေးဖြစ်လာလို့ ဘာလဲလို့စောင့်ကြည့်နေရတဲ့ မိုးစက်မေတယောက် အမုန်းက သူထင်သလို ငွေကြေးဥစ္စာမက်မောသူတယောက်မဟုတ်တာကိုသိခဲ့လို့သနားမိခဲ့ပေမယ့် ငယ်သူငယ်ချင်း ဂါမဏီအပေါ်မှာ သံယောဇဉ်တွယ်နေတာကိုသိရတဲ့အခါသူ့ရဲ့ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်တွေကိုစကားတွေအများကြီးမပြောဘဲမျက်လုံးသရုပ်ဆောင်မှုတွေနဲ့ပဲဖော်ပြသွားနိုင်တဲ့သက်မွန်မြင့်ရဲ့သရုပ်ဆောင်မှုကကြည်ရှုရသူတွေကိုခံစားစေရတဲ့အတွက်သက်မွန်မြင့်အတွက်ကြည့်ပြီးတဲ့ပရိသတ်ကအကယ်ဒမီပေးပြီးနေပြီဖြစ်ပါတယ်။အရင်ဇာတ်ကားတွေနဲ့မတူရိုးသားနုံချာပြီးအချစ်ဆိုတာကိုဘာမှန်းမသိတဲ့တောသူလေးအမုန်းအဖြစ်သရုပ်ဆောင်တဲ့ ဝတ်မှုံရွှေရည်ရဲ့ ကာရိုက်တာကလည်း ဒီဇာတ်ကားမှာအံဝင်ခွင်ကျဖြစ်နေပါတယ်။ကာရိုက်တာမတူတဲ့မိန်းမသားနှစ်ယောက်ဖြစ်ပေမယ့်သူတို့နှစ်ယောက်တွေ့ဆုံတဲ့အခါဇာတ်ရှိန်မြင့်ပြီးကြည့်ရှုတဲ့ပရိသတ်ကိုဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားတကားလည်းဖြစ်ပါတယ်။ခံစားချက်ပြင်းထန်းလွန်းတဲ့အချစ်ခံစားချက်တွေကိုရိုက်ကူးပုံဖော်တတ်တဲ့ဒါရိုက်တာဝိုင်းရဲ့ချစ်လှစွာသောအမုန်းဇာတ်ကားကသိပ်အဆန်းအပြားလှည့်ကွက်တွေမပါဝင်ဘဲသာမန်ဇာတ်လမ်းတခုကိုတင်ဆက်သွားတာဖြစ်ပေမယ့်ကြည့်ရှုရတဲ့ပရိသတ်တွေကိုအငြိမ်လေးနဲ့ပဲတကားလုံးခေါ်ဆောင်သွားတဲ့ရုပ်ရှင်ကားတကားပဲဖြစ်ပါတယ်။သာယာတဲ့ဘဝတခုကိုပိုင်ဆိုင်ဖု့ိလှပတဲ့စိတ်ထားကလေးရှိဖို့လိုတယ်ဆိုတဲ့ဇာတ်သိမ်းခန်းကစာသားကလည်းကြည့်ရှုတဲ့ပရိသတ်ကို Message တခုပေးနိုင်မယ်လို့ထင်မိပါတယ်။