“မင်းသား ဂျူမုံ”လို့ မြန်မာပရိသတ်များက သိကြတဲ့ ကိုရီးယားမင်းသား ဆောင်အီဂွတ် (Song Il-gook) ဟာ သူ့ရဲ့ ချစ်စရာကောင်းတဲ့ အမြွှာသားသုံးဦးကြောင့် မျက်နှာပွင့်နေပါတယ်။
လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ ဂျူမုံက KBS ရုပ်သံအတွက် “ဂျန်ယောင်းဆယ် (Jang Yeong-sil)” ဆိုတဲ့ ရှေးရာဇဝင် ရုပ်သံ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်နေပြီး သူ့ရဲ့ ချစ်စရာ အမြွှာသားသုံးဦးကတော့ ကလေးများအတွက် ထုတ်လုပ်ထားတဲ့ စားသောက်ကုန်နဲ့ အဝတ်အထည်ပစ္စည်းများရဲ့ ကလေး ကြော်ငြာမော်ဒယ်များအဖြစ် သရုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
သားသုံးဦးကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ဆောင်အီဂွတ်က သူ့ရဲ့ အနာဂတ်မိသားစုအိမ်မက်ကတော့ အမြွှာသမီးလေးနှစ်ဦး ထပ်ပြီး လိုချင်သေးတယ်လို့ ဆိုပါတယ်။
“ဒယ်ဟန် (Dae Han) ၊ မင်ဂု (Min Guk) ၊ မန်ဆယ် (Man Se)” လို့ အမည်ရတဲ့ အမြွှာသားသုံးဦးကို ဆောင်အီဂွတ်က အဓိပ္ပါယ် ကိုယ်စီနဲ့ ပေးခဲ့တာဖြစ်ပြီး အဲ့ဒီနာမည်တွေကို စုပေါင်းပြီး ဘာသာပြန်တဲ့အခါမှာ “Long Live the Republic of Korea” လို့ အဓိပ္ပါယ် ရပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်မြတ်နိုးတဲ့ မင်းသား ဆောင်အီဂွတ်ဟာ သူ့သားတွေရဲ့ နာမည်ကို ရှေးရိုးအစဉ်အလာမှာ အသုံးပြုခဲ့တဲ့ ဘာသာဗေဒ ဝေါဟာရများမှ စကားလုံးများကို ရွေးချယ်ပြီး နာမည်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၂ ခုနှစ်၊ မတ်လမှာ မွေးဖွားခဲ့တဲ့ အမြွှာသားလေး သုံးဦးဟာဆိုရင် အခုလာမယ့် ၂၀၁၆ ခုနှစ်၊ မတ်လ (၆) ရက်နေ့ဆိုရင် အသက် (၄) နှစ် ပြည့်ပါပြီ။ ဆောင်အီဂွတ်နဲ့ သားသုံးယောက်ဟာ KBS ရုပ်သံမှ ထုတ်လွှင့်ပြသတဲ့ “Return of Superman” အစီအစဉ်မှာ ပါဝင်ခဲ့ပြီးတဲ့နောက် ကမ္ဘာတလွှားက ပရိသတ်တွေရဲ့ အထူးချစ်ခင်အားပေးမှုကို တခဲနက် ရရှိခဲ့ကြပါတယ်။
“Return of Superman” အစီအစဉ်ဟာ အိမ်ထောင်တခုကို ထိန်းသိမ်းရတဲ့ မိခင်တွေကို (၄၈) နာရီကြာ အနားယူခိုင်းပြီးတော့ ကလေးတွေကို သူတို့ရဲ့ ဖခင်တွေက အနီးကပ် ထိန်းကျောင်းပြရတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်မှာ ကိုရီးယား သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေ အများစုပါဝင်ခဲ့ကြပြီး KBS ရုပ်သံရဲ့ အောင်မြင်တဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။
အသက် (၄၄) နှစ်ရှိပြီဖြစ်တဲ့ မင်းသား ဆောင်အီဂွတ်ဟာ ကိုရီးယားနိုင်ငံကို စတင်တည်ထောင်ခဲ့သူ ဘုရင်ကြီးဂျူမုံရဲ့ ဘ၀ ဇာတ်ကြောင်းကို တင်ပြထားတဲ့ ရှေးရာဇဝင် ရုပ်သံဇာတ်လမ်းတွဲ “ဂျူမုံ (Jumong)” ဇာတ်ကားမှာ ဘုရင်ကြီး ဂျူမုံအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာတဝန်းက ကိုရီးယားရုပ်သံ ပရိသတ်များရဲ့ အထူးချစ်ခင် အားပေးမှုကို ရရှိထားသူတဦး ဖြစ်ပါတယ်။
Ref; Internet