ကလေးများအတွက် အထူးပြုလုပ်တဲ့ (ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ရေး) နိိုဘယ်မြန်မာ စာပေပွဲတော်ကို ဇန်နဝါရီလ (၁၆၊ ၁၇၊ ၁၈) ရက်များမှာ ရန်ကုန် ရှင်စောပုလမ်းမှာ ရှိတဲ့ Myanmar Event Park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပွဲမှာ ကလေးသူငယ်များအတွက် ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများ၊ နိုင်ငံတကာနဲ့ မြန်မာ စာပေပညာရှင်များရဲ့ ကလေးစာပေနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ၊ စာပေဆွေးနွေးပွဲ၊ စာဖတ်ဝိုင်းများ ပြုလုပ် ကျင်းပခဲ့ပြီး စာအုပ်ဆိုင် (၁၀၀) ကျော် ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။
မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိကို စာအုပ်အရောင်း ပွဲတော်နဲ့ ကလေးများအတွက် ပြိုင်ပွဲ၊ စာပေဆွေးနွေးပွဲများကို ကျင်းပပြီး ည (၇) နာရီကနေ ည (၁၁) နာရီအထိကိုတော့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ တင်ဆက်ခဲ့ ပါတယ်။ ပွဲတော်ကို စာသင်ကျောင်းတွေက ကျောင်းသား ကျောင်းသူ ကလေးငယ်များ၊ ဓမ္မစကူးလ်များမှ ဆရာ ဆရာမများ၊ ဦးပဉ္ဇင်းများ၊ ဓမ္မစကူးလ် မောင်မယ်များလည်း လာရောက်လေ့လာခဲ့ကြပြီး ကလေးငယ်များက ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
မနက်ပိုင်းမှာ စာအုပ်ဝယ်သူတွေ၊ လာရောက်လေ့လာသူများ၊ ကလေးငယ်များ ဗဟုသုတရရှိအောင် မိသားစုလိုက် လာကြသူတွေနဲ့ စည်ကားလှပါတယ်။ စာအုပ်ဆိုင်တွေကို ပွဲတော်ထဲမှာတင် မဟုတ်ဘဲ ပွဲတော်ကျင်းပရာ အဆောက်အအုံရဲ့ အပြင်မှာပါ မုန့်ဆိုင်များနဲ့အတူ ဖွင့်လှစ် ရောင်းချကြတာ တွေ့ရပါတယ်။
Online ကနေ စာအုပ်ဝယ်ယူပြီး အိမ်တိုင်ရာရောက် လိုက်ပို့ပေးတဲ့ စာအုပ်ဆိုင် တဆိုင်လည်း တွေ့ခဲ့ပါတယ်။ သူက စာအုပ်တွေကို ပုံမှန်ဈေးအတိုင်းပဲ ရောင်းပြီး အိမ်ကိုလိုက်ပို့တဲ့အတွက် Delivery charges မပေးရပါဘူး။ စာအုပ် အမျိုးအစားလည်း တော်တော်လေး စုံလင်ပါတယ်။ ဒါ့အပြင် ကျပ် (၅၀၀၀) ဖိုးနဲ့အထက် စာအုပ် ဝယ်ယူသူတိုင်းကိုလည်း ဗလာမပါ ကံစမ်းမဲ ဖေါက်ပေးပါသေးတယ်။ ဆိုင်နာမည်က “Royal Shop. Biz” ဖြစ်ပါတယ်။ စာအုပ် ဝယ်ယူချင်သူများ အနေနဲ့ ဖုန်းဆက်ပြီးတော့ ဝယ်ယူရတာပါ။
ညပိုင်း ဖျော်ဖြေရေးအစီအစဉ်မှာတော့ ကလေးငယ်များရဲ့ သီချင်းများ၊ အကများ၊ စာရေးဆရာ ဆရာမများရဲ့ တေးသရုပ်ဖော်များနဲ့ ပထမပိုင်း တင်ဆက်ပြီး ဆရာကြီး မင်းသုဝဏ်ရဲ့ “ဘကြီးအောင်ညာတယ်” ပြဇာတ်ကို ကာတွန်းဆရာများ၊ စာရေးဆရာ ဆရာမများ၊ ကလေးငယ်များက ပါဝင်သရုပ်ဆောင် ကပြခဲ့ပါတယ်။
နောက်ဆုံးညဖြစ်တဲ့ (၁၈) ရက်နေ့ညမှာတော့ မူလ အစီအစဉ်များ အပြင် ပထမဆုံးနေ့က တင်ဆက်ခဲ့ပြီး စာနယ်ဇင်း ဆရာမများ ပါဝင်တဲ့ “ဗွေးတုတ်” တေးသရုပ်ဖော် ကိုလည်း ကပြမှာ ဖြစ်ပါတယ်။
Myanmar Event Park (M.E.P) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုဘယ်မြန်မာ စာပေပွဲတော်ဟာ ကလေးလူကြီးများ အားလုံးအတွက် ဗဟုသုတရစေပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ စာပေပွဲတော်ကြီးပဲ ဖြစ်ပါတယ်။