ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ Eagles အဖွဲ့ကို Don Henley နှင့် ပူးပေါင်းထူထောင်သူ၊ Take It Easy သီချင်းကို သီဆိုခဲ့သူ၊ သီချင်းရေးဆရာ၊ ဂစ်တာသမား Glenn Frey ဟာ အသက် ၆၇ နှစ်မှာ ကွယ်လွန်သွားခဲ့ကြောင်း အေပီ သတင်းတရပ်အရ သိရပါတယ်။
Eagles အဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြချက်အရ Glenn Frey ဟာ ဇန်နဝါရီ ၁၈ ရက်၊ တနင်္လာနေ့က နယူးယောက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး၊မကွယ်လွန်မီ သူဟာ အဆစ်မြစ်ရောင်ရမ်းသည့် ရောဂါ၊ ကိုယ်တွင်း ပြည်တည်နာ၊ လေထိုးလေအောင့်ရောဂါနှင့် နမိုးနီးယား အဆုတ်ရောင် စတဲ့ ရောဂါများ ရက်သတ္တပတ် အတော်ကြာ ခံစားနေခဲ့ရတယ်လို့ ဖော်ပြထားပါတ
“ကျနော်တို့ရဲ့ ဝမ်းနည်းကြေကွဲမှုကို စကားလုံးနဲ့ ဖော်ပြလို့ မရနိုင်သလို၊ ကျနော်တို့ ချစ်ခင်လေးစားရတာတွေ၊ သူ့ရဲ့မိသားစု၊ ဂီတလောကနဲ့ တကမ္ဘာလုံးက ဂီတပရိတ်သတ်အပေါ် သူ့ရဲ့ ပေးဆပ်ခဲ့တာတွေကိုလည်း စကားလုံးနဲ့ ဖော်ပြလို့ မရနိုင်ပါဘူး” လို့ အီးဂဲလ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဂစ်တာသမား Frey ဟာ ဒရမ်မာသမား Henley နဲ့ ပူးပေါင်းပြီး အီးဂဲလ် အဖွဲ့ကို လော့စ်အန်ဂျလိမှာ ၁၉၇၀ ခုနှစ်က စတင် ထူထောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဂစ်တာသမား Bernie Leadon နဲ့ ဘေ့စ်ဂစ်တာသမား Randy Meisner တို့ ပါဝင်တာဖြစ်ပါတယ်။ အီးဂဲလ် အဖွဲ့ဟာ တေးသီချင်း အယ်လ်ဘမ်ပေါင်းများစွာ ဖန်တီးထုတ်လုပ်ခဲ့ပြီး Hotel California, Take It Easy, The Best of My Love, Desperado, One of These Nights စတဲ့ သီချင်းတွေဟာ ထင်ရှားပါတယ်။
သူရဲ့ သီချင်းတွေကို ကျော်ဟိန်း၊ စည်သူလွင်နဲ့ ဇော်ပိုင်တို့ ပြန်ဆိုဖူးပါတယ်။ အထူးသဖြင့် ဇော်ပိုင်ရဲ့ သီချင်း အများစုဟာ အီးဂဲအဖွဲ့ သီချင်းများရဲ့ ကော်ပီသံစဉ်များ ဖြစ်ပြီး Take it easy သီချင်းကို မြို့အဝင်ည အမည်ဖြင့် လည်းကောင်း၊ The girl from yesterday ကို မနေ့က ကောင်မလေး အမည်ဖြင့် လည်းကောင်း သံစဉ်ကော်ပီယူ သီဆိုခဲ့ပါတယ်။ အဆိုပါ သီချင်းများဟာလည်း မြန်မာပရိတ်သတ်များ လက်ခံအားပေးခံရတဲ့ တေးသီချင်းတွေ ဖြစ်ပါတယ်။
ဂီတဂရမ်မီဆု ၆ ကြိမ်ရရှိခဲ့ပြီး၊ အမေရိကန် ဂီတဆု ၅ ဆုလည်း ရရှိခဲ့တဲ့ Glenn Frey ရဲ့ အမည်ရင်းက Glenn Lewis Frey ဖြစ်ပြီး၊ အဆိုတော်၊ တေးရေးဆရာ၊ ထုတ်လုပ်သူ၊ သရုပ်ဆောင်၊ ပန်းချီဆရာ စသဖြင့် အနုပညာလုပ်ငန်းများ ဖန်တီးလုပ်ဆောင်ခဲ့တဲ့ သူ့ကို ၁၉၄၈ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့၊ မစ်ချီဂန်ပြည်နယ် ဒက်ထရွိုက်မှာ မွေးဖွားခဲ့ပါတယ်။
Ref:AP , Wikipedia