၆၂ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကျင်းပတဲ့ လွိုင်ကော်မြို့မှာ ဒေသခံတွေက အဆိုပါပွဲသို့ လာရောက်ဖျော်ဖြေတဲ့ သရုပ်ဆောင် အဆိုတော် ဇွန်သဉ္ဖာနဲ့ ဇာဇာထက်တို့ကို ခဲနဲ့ပေါက်ခြင်း၊ ပြောင်းဖူးရိုးနဲ့ ပစ်ပေါက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဇွန်သဉ္ဖာက ဧရာဝတီကိုပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက်ကနေ ၁၈ ရက်အထိကျင်းပတဲ့ အဲ့ဒီပျော်ပွဲရွှင်ပွဲမှာ free show ဖျော်ဖြေမှုပြုလုပ်ခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ညပိုင်းက ဖြစ်ပွားခဲ့တာပါ။
“ပြောင်းဖူးစေ့တွေရော ပြောင်းဖူးရိုးတွေရောပေါ့။ free show ဆိုတော့ ဝန်းကြီးကလည်း အကျယ်ကြီးကိုး။ ရာသီဥတုကလည်း အေးတယ်။ အရက်သမားတွေကလည်း နည်းနည်းပါးပါး ရှိတော့လေ။ အဓိက ဖျော်ဖြေတာ ဇွန်သဉ္ဖာရယ်၊ ကိုအောင်ထက်ရယ်။ ကျမက ပထမတခါ ဆိုပြီးတော့ အိမ်မက်ဆုံရာ အဆိုတော် ကိုအောင်ထက် တက်မလာမချင်းကို ပစ်နေတာ။ ၂ ခေါက်စလုံးအပေါက်ခံရတယ်။ ပထမကတော့ ပြောင်းဖူးရိုးတွေများတယ်။ ဒုတိယတခေါက်မှာတော့ ခဲသေးသေးလေး များပါတယ်။ ဝန်းကြီးက အကျယ်ကြီးဆိုတော့ အဲ့လိုမလုပ်ဖို့ ဘယ်လိုမှ လိုက်မထိန်းနိုင်ဘူး။ ” လို့ ဇွန်သဉ္ဖာက ဆိုပါတယ်။
အဲ့ဒီလို ပစ်ပေါက်မှုကြောင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူးလို့လည်း သူကဆက်ပြောပါတယ်။
အဆိုပါ ဖျော်ဖြေမှုတွင် ကယားဒေသခံ အဆိုတော်တွေအပြင် ဇွန်သဉ္ဖာ၊ ဇာဇာထက်နှင့် အိမ်မက်ဆုံရာမှ အဆိုတော် အောင်ထက်တို့ ပါဝင်သီဆိုခဲ့ကာ ကယားဒေသခံတွေက အဆိုတော် အောင်ထက်ရဲ့ ပရိတ်သတ် တွေအများဆုံးဖြစ်တဲ့အတွက် သူ့အနေနဲ့ အပေါက်ခံရလိမ့်မယ်လို့ မထင်ကြောင်း နဲ့ ဒေသခံအဆိုတော်တွေ ဖျော်ဖြေချိန်မှာ အဝတ်အစားလဲနေတဲ့အတွက် အဆိုပါ ဒေသခံတွေပါ ခဲနဲ့ပစ်ပေါက်ခံရလားမခံရဘူးလားဆိုတာ မသိလိုက်ကြောင်း ဇွန်သဉ္ဖာက ရှင်းပြပါတယ်။
အဆိုပါ ဖျော်ဖြေပွဲတွင် ဇွန်သဉ္ဖာက ပထမတခေါက်မှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “အိုးလေးလှုပ်ပါ” သီချင်းအပြင် အခြားသော သီချင်းများနဲ့ ဖျော်ဖြေခဲ့ကာ ဒုတိတခေါက်မှာတော့ Electro Dance ပုံစံမျိုးဖျော်ဖြေခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့က အောက်ကနေ ပြောင်းဖူးရိုးတွေ ခဲတွေလာလိုက်ဆိုတော့လေ။ ပေါက်ရင်လည်း ထိအောင်ပေါက်လိုက်လို့ ပြန်ပြောလိုက်တယ်။ အဲ့ကျမှ ပိုပြီးတော့ပေါက်ရော။ ဒီအနေအထားအပေါ် ဘာမှမပြောချင်တော့ပါဘူး။ သူတို့ကတော့ အပေါ်ယံကြည့်ပြီး ဒီလိုသတ်မှတ်တာပေါ့နော်။” လို့ ဇွန်သဉ္ဖာက သူ့ခံစားချက်ကို ပြန်ပြောပါတယ်။