မြန်မာတူရိယာနဲ့ အနောက်တိုင်းတူရိယာပေါင်းစပ်ထားတဲ့ NUAC ORCHESTRA ပွဲပြုလုပ်မည်
This article has been converted from Zawgyi One to Unicode
အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (NUAC) က ပြုလုပ်တဲ့ Music Showcase 2016 သံစုံတီးဝိုင်းနဲ့ ဂီတအမျိုးအစားများ ပေါင်းစပ်တင်ဆက်မှုကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရန်ကုန်မြို့အမျိုးသားဇာတ်ရုံမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ် ။ သံစုံတီးဝိုင်းဖျော်ဖြေတင်ဆက်မှုကို Orchestra Solo ၊ Rock ၊ Pop ၊ EDM ၊ HipHop အပိုင်းငါးပိုင်းခွဲပြီး ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။
တပိုင်းမှာ ဂီတအမျိုးအစား တမျိုးစီက နာမည်ကျော် အဆိုတော်များက NUAC သံစုံတီးဝိုင်းရဲ့ တီးခတ်မှုနဲ့အတူ ပါဝင်အားဖြည့်ပေးကြမှာဖြစ်ပါတယ်။ ပါဝင်ကြမယ့် အဆိုတော်များကတော့ စိုင်းစိုင်းခမ်းလှိုင်၊ ဝေလ၊ DJ Wine ၊ နီနီခင်ဇော်နဲ့ ချမ်းချမ်း တို့ဖြစ်ပြီး တူရိယာ အစုံအလင်သံစုံတီးဝိုင်းတီးခတ်မှုအပိုင်းကို ဦးဆောင်ညွန်ကြားမှာတော့ အကယ်ဒမီ ဓိရာမိုရ်ပဲဖြစ်ပါတယ်။
Music Showcase2016 ကို ကျင်းပပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ လူငယ်များ ဂီတပညာရပ်နဲ့ ပတ်သက်ပြီး ပိုမိုသိမြင် စိတ်ပါဝင်စားဖို့နဲ့ မြန်မာ့ဂီတတူရိယာများနဲ့ အနောက်တိုင်းတူရိယာများပေါင်းစပ်ပြီး ပထမဆုံးအကြိမ် သံစုံတီးဝိုင်းဂီတကို တင်ဆက်ပြသလိုခြင်းကြောင့် ဖြစ်ပါတယ်။
ဒီပွဲလက်မှတ်များကိုတော့ ရောင်းဈေး ၈၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်နဲ့ ၂၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ဇန်နဝါရီ ၂၅ ရက်နေ့ကစတင်လို့ 1876 Call Center မှာဆက်သွယ်ပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။