K-Pop လို့ ခေါ်ဝေါ်ကြတဲ့ ကိုရီးယားဂီတဖန်တီးမှု ရေစီးကြောင်းမှာ ပါဝင်စီးမြောနေကြတဲ့ များစွာလှသော ဂီတသမားတွေအတွက် ရင်ခုန်စရာတွေ ပြည့်နှက်နေတဲ့ (၂၅) ကြိမ်မြောက် ဆိုးလ်မြူးဇစ် ဂီတဆုပေးပွဲ (Seoul Music Award) ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့ရာမှာ ကိုရီးယားမှ ဂီတပညာရှင်များနှင့် ထုတ်လုပ်ရေး လောကသားများ စည်ကားစွာ တက်ရောက်ခဲ့ကြ ပါတယ်။
အဲဒီပွဲမှာ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ နာမည်ကျော် K-Pop Boy Band တခုဖြစ်တဲ့ “EXO” အဖွဲ့က ဂီတသမားအများစု အိမ်မက်မက်လေ့ ရှိတဲ့ Grand Prize ဆုကို ရရှိခဲ့ပါတယ်။ EXO အဖွဲ့ဟာ ဆိုးလ်းမြူးဇစ် ဂီတဆုပေးပွဲမှာ ချီးမြှင့်တဲ့ Grand Prize ဆုကို ရရှိခဲ့တာဟာ အခုဆိုရင် တတိယအကြိမ်မြောက် ရရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်က တကြိမ်၊ ၂၀၁၄ ခုနှစ်က တကြိမ် ရရှိခဲ့ပြီး သုံးနှစ်ဆက်တိုက် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
နောက်ထပ် K-Pop မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ “Big Bang” အဖွဲ့ကတော့ “The Digital Song of the Year Award” ဆုနဲ့ ကျေနပ်ခဲ့ရပြီး သူတို့အဖွဲ့ရဲ့ သီချင်းအသစ်ဖြစ်တဲ့ “Bang Bang Bang” သီချင်းနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။
တချိန်က ကိုရီးယားရဲ့ ဂီတဘုရင်မဘွဲ့ကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ BoA ကတော့ “Kiss My Lips” တေးအယ်လ်ဘမ်နဲ့ “Album of the Year Award” ဆုကို ရရှိခဲ့ပါတယ်။
၂၀၁၅ ခုနှစ်အတွင်းမှာ တေးအမ်လ်ဘမ်များကို ထုတ်လုပ်ခဲ့ပြီး တေးဂီတဖန်တီးမှုမှာရော ပရိသတ်အားပေးမှုမှာပါ အောင်မြင်မှုတွေ ကိုယ်စီ ရရှိခဲ့ကြတဲ့ တေးဂီတအဖွဲ့များဖြစ်သော EXID, Red Velvet, Taeyeon, VIXX, Yoon Mi Rae, SHINee, Sistar, Big Bang, EXO, BTS, Sistar, A Pink, Zion.T တို့ကို “Bonsang Prize” ဆု ချီးမြှင့်ပေးအပ်ခဲ့ပြီး မျက်နှာသစ် ဂီတဆု “Newcomer Award” ကိုတော့ Seventeeen, GFriend, iKON တို့က ရရှိခဲ့ပါတယ်။
မျက်နှာသစ်ဂီတသမားတွေထဲမှာမှ အကအကောင်းဆုံးဖြစ်တဲ့ “Monsta X” အဖွဲ့ကတော့ သူတို့အဖွဲ့ရဲ့ အင်အားပြင်းပြီး စွဲဆောင်မှု အပြည့်ရှိတဲ့ ကကွက်တွေကြောင့် “The Male Dance Performance Award” ဆုကို ရရှိခဲ့ပြီး၊ တကိုယ်တော် ဂီတသမားအဖြစ်နဲ့ အမြဲရပ်တည်ခဲ့သူ၊ ဆန်းပြားတဲ့ ကကွက်တွေကြောင့် အမျိုးသားပရိသတ်များကြား အမြဲပြောစမှတ်ဖြစ်ခံရတဲ့ အဆိုတော် “Ailee” ကတော့ ၂၀၁၅ ခုနှစ်အတွက် “The Female Dance Performance Award” ဆုကို ရရှိခဲ့ပါတယ်။
Hip- Hop ဂီတသမားဖြစ်တဲ့ “San E” နဲ့ လူငယ်အဖွဲ့တဖွဲ့ဖြစ်တဲ့ “BTOB” အဖွဲ့ကတော့ “The Best R&B Award” ဆုကို ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်အတွက် “The Best Soundtrack Award” ဆုကိုတော့ “Jang Jae In” (ဂျန်ဂျေအင်း) ရဲ့ “Auditoriy Hallucination” အယ်လ်ဘမ်ထဲမှ “Kill Me, Heal Me” သီချင်းက ရရှိခဲ့ပါတယ်။
ဂီတဆုပေးပွဲ ကျင်းပတဲ့နေ့၊ ညနေမှာ တက်ရောက်ကြတဲ့ ဂီတသမားများထဲမှ “Popularity Prize” ဆုကို ပေးအပ်ခဲ့ရာမှာ “JYJ” အဖွဲ့မှ “Junsu” (ဂျန်းဆု) က ရရှိခဲ့ပါတယ်။
၂၀၁၅ ခုနှစ်အတွက် ဂီတထူးချွန်ဆုတွေကို ပေးအပ်ခဲ့တဲ့ ဆိုးလ်မြူးဇစ် ဂီတဆုပေးပွဲဟာ ထူးခြားမှုများစွာ ရရှိခဲ့ပါတယ်။ ဂီတပွဲများမှာ တက်ရောက်လေ့မရှိတာ နှစ်အတော်ကြာပြီဖြစ်တဲ့ တချိန်က ပေါ့ပ်ဂီတဘုရင်မဘွဲ့ကို ပိုင်ဆိုင်ဖူးတဲ့ BoA က ဒီနှစ်မှာ ထူးထူးခြားခြား တက်ရောက်ခဲ့ပြီးတော့ သူမရဲ့ အသစ်ထွက်ရှိထားတဲ့ သီချင်းတွေဖြစ်တဲ့ “The Shadow”, “Kiss My Lips” စတဲ့ သီချင်းများနဲ့ သီဆို ဖျော်ဖြေခဲ့သလို Grand Prize ဆုရရှိခဲ့တဲ့ EXO အဖွဲ့ကလည်း သူတို့အဖွဲ့ရဲ့ အောင်မြင်တဲ့သီချင်းတွေဖြစ်တဲ့ “Call Me Baby”, “Love Me Right” စတဲ့ သီချင်းများနဲ့ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။ အခြား ဂီတဆုရရှိတဲ့ ဂီတအဖွဲ့များကလည်း သူတို့ရဲ့ တေးသီချင်းများနဲ့ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။
(၂၅) ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့တဲ့ ဆိုးလ်မြူးဇစ် ဂီတဆုပေးပွဲဟာ ကိုရီယားဂီတဖန်တီးသူများကြားမှာ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ၊ ပျော်ရွှင်ကြည်နူးရမှုတွေနဲ့ ပြည့်နှက်ခဲ့တဲ့ ဂီတဆုပေးပွဲလည်း ဖြစ်ခဲ့ပါတယ်။
Ref ; Kpopstarz.com, soompi.com, dramafever.com