Lifestyle

“အေဒင်ရဲ့ နတ်သမီး”မှာ အကယ်ဒမီ မမှန်းပါဘူးလို့ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

This article has been converted from Zawgyi One to Unicode

အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူ မင်းသမီး ငါးလက် “မေဂရေ့စ်၊ မြနှင်းရည်လွင်၊ မာရီကိုးလ်၊ ဝင့်ယမုံလှိုင်၊ ပိုင်ဖြိုးသု” တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “အေဒင်ရဲ့ နတ်သမီး” ရုပ်ရှင်ဇာတ်ကား Press Show၊ စာနယ်ဇင်းမိတ်ဆက်အခမ်းအနားကို ယခုလ (၁၉) ရက်နေ့က ရန်ကုန်မြို့၊ Junction Square ရုပ်ရှင်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ “အေဒင်ရဲ့ နတ်သမီး” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကို ဧရာဝတီ သတင်းထောက် သီဟတိုးက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။    ။ ကိုစိုင်း အနေနဲ့ ဒီဇာတ်ကားကို သရုပ်ဆောင်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သဘောရလဲ၊ ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို ပြန်သုံးသပ်ပေးပါဦး။

ဖြေ ။    ။ ကျနော်တို့ ဒီကားကို ရိုက်ထားတာ (၂) နှစ် ကျော်ပါပြီ။ ကျနော် အဲဒီအချိန်တုန်းကတော့ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားပါတယ်။ ကျနော်က အခုတော့လည်း ပြောရင်တော့ အိုက်တင်ကို ကျေနပ်လားဆိုတော့ မကျေနပ်သေးပါဘူး။ ကျနော် ကြိုးစားရပါဦးမယ်။

မေး ။    ။ ဒီဇာတ်ကားက (၂) နှစ်ကျော်လောက် ကြန့်ကြာပြီးမှ အခုလိုမျိုး ပြန်ပြနိုင်တာဆိုတော့ ဘယ်လို အကြောင်းတွေကြောင့် ကြန့်ကြာနေခဲ့တာလဲ။

ဖြေ ။    ။ ထုံးစံအတိုင်းပါပဲ ခင်ဗျ။ အဓိကကတော့ ကျနော်တို့ ရုံရက်ကို အကြာကြီး တန်းစီပြီးတော့ စောင့်ရပါတယ်။ ဒါပေမယ့် တကယ် ရိုက်ကူးရေးအပိုင်းမှာလည်း ကျနော်တို့က ခါတိုင်း ကျနော် ရိုက်နေကျလိုမျိုး မဟုတ်ဘဲနဲ့ ကြားထဲမှာလည်း ကျနော်တို့ ရိုက်နေရင်းနဲ့ စိတ်တိုင်းမကျရင် ကျနော်တို့ ရပ်လိုက်တယ်။ ပြန်ပြီးတော့ ပြင်ဆင်တယ်၊ ပြန်ရိုက်တယ်ဆိုတော့ ရိုက်ကူးတဲ့အချိန်တွေမှာလည်း တော်တော်လေး ကြာပါတယ်။ ပြီးတော့ နောက်ပိုင်းမှာ တကယ်တမ်း ကျနော်တို့ ကားကို ရိုက်ထားသလောက် ဆက်လိုက်တဲ့အချိန်မှာ (၄) နာရီ စာလောက် ကျနော်တို့ရှိခဲ့တယ်။ အဲဒါကို ကျနော်တို့ သေချာလေး (၂) နာရီနဲ့ (၁၀) မိနစ် ကျော်ကျော်လောက် ဖြစ်အောင်လို့ သေချာ ပြန်ပြင်ဆင်တယ်။ တကားလုံးနီးပါး၊ သရုပ်ဆောင် အယောက်တိုင်းနီးပါးရဲ့ အသံတွေ အကုန်လုံး အစအဆုံး စတူဒီယိုမှာ ပြန်ပြီးတော့ သွင်းတယ်။ အဲဒီ Post Production အပိုင်းမှာလည်း နည်းနည်းလေးတော့ ကြာခဲ့ပါတယ်။

မေး ။    ။ ဒီဇာတ်ကားမှာ ကိုစိုင်းက ခေါင်းဆောင်တယောက်လည်း ဖြစ်တယ်ဆိုတော့ ဒီကားနဲ့ ပတ်သက်ပြီးတော့ အကယ်ဒမီ ရည်မှန်းထားတာ ရှိလား။ ကိုစိုင်းရဲ့ အကယ်ဒမီ ရင်ခုန်သံကိုလည်း ကြားချင်ပါတယ်။

ဖြေ ။    ။ အာ… (အနည်းငယ်စဉ်းစားလျက်) အဲဒီလိုမျိုး မရှိပါဘူးခင်ဗျာ။ အဓိကကတော့ ကျနော်တို့ (၂၉) ရက် နေ့မှာ ရုံတင်ပါမယ်။ ကျနော်တို့ ပရိသတ်တွေ လာရောက် ကြည့်ရှုပြီးတော့ အားပေးဖို့က နံပါတ်တစ်ပါ။

မေး ။    ။ ပြီးတော့ ကိုစိုင်းက ဒီကားမှာ မင်းသား တယောက်တည်း ဖြစ်တယ်၊ မင်းသမီး (၅) ယောက်နဲ့ အပေးအယူ မျှအောင် ဘယ်လိုသရုပ်ဆောင်ခဲ့တယ်ဆိုတာ ပြောပြပေးပါဦး။

ဖြေ ။    ။ ကျနော်တို့ ရုပ်ရှင်အလုပ်က ဘောလုံးပွဲတွေလိုပါပဲ။ Team Work နဲ့ အလုပ် လုပ်ရတာ ဖြစ်ပါတယ်။ တယောက်တည်း ဆွဲပြေး၊ တယောက်တည်း ဂိုးဖမ်း၊ တယောက်တည်း ဂိုးရှူးလို့ မရပါဘူး။ ဒီကားမှ မဟုတ်ပါဘူး၊ ဘယ်ကားပဲ ဖြစ်ဖြစ် ကျနော်တို့ ပါဝင်တဲ့ သရုပ်ဆောင်တိုင်းနဲ့ ဒါရိုက်တာနဲ့ကော စက်အဖွဲ့ကော အားလုံး အပေးအယူ မျှမျှတတ လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ဖြစ်ပါတယ်။ အဲဒီတော့ ဒီကားမှာလည်း ကျနော်တို့ တယောက်နဲ့ တယောက် ရင်းရင်းနှီးနှီး၊ ချစ်ချစ်ခင်ခင်နဲ့ အပေးအယူ မျှမျှတတဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစား ရိုက်ကူးထားကြပါတယ်။

မေး ။    ။ ဇာတ်ကား ရိုက်ကူးနေစဉ် အတွင်းမှာကော အမှတ်တရတွေ ရှိခဲ့သေးလား။

ဖြေ ။    ။ ကျနော်တို့ ဇာတ်ကားတလျှောက်လုံးတော့ ဒီလိုပဲ ရိုက်လိုက်၊ နားလိုက်နဲ့ ပြန်ရိုက်လိုက်ပါပဲ။ ဥပမာ- တရက် ဆိုရင် တယောက်က စိတ်ပင်ပန်း၊ လူပင်ပန်းပြီးတော့ ငိုသွားတဲ့ နေ့တွေလည်း ရှိတယ်။ ပြီးတော့ တယောက်က အရမ်း ပင်ပန်းလို့ ရှုတင်ကို နားလိုက်တဲ့ နေ့တွေလည်း ရှိတယ်။ အဲဒီလိုပဲ ပြန်ကြိုးစားတယ်၊ ပြန်တည်ပြီး ရိုက်တယ်။ အဲဒီလိုမျိုးဆိုတော့ အမှတ်တရက တခုတည်း မဟုတ်ဘူး။ ဒီဇာတ်ကားကြီး တကားလုံးမှာ ကျနော်တို့ အင်တိုက် အားတိုက် ရုန်းကန်ခဲ့ရတာ အားလုံးက အမှတ်တရပါပဲ။

မေး ။    ။ ဒီဇာတ်ကား အတွက်ကော ပရိသတ်ကို အစ်ကို ဘာများပြောချင်ပါသေးလဲ။

ဖြေ ။    ။ ကျနော်တို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီး “အေဒင်ရဲ့ နတ်သမီး” ကို ဇန်နဝါရီလ (၂၉) ရက်နေ့မှာ ရုံတင်ပါမယ်။ ပရိသတ်ကို လာရောက်ပြီး ကြွရောက်ကြည့်ရှုပါလို့ပဲ အခုချိန်မှာတော့ ကျနော် ဒါပဲ ပြောနိုင်ပါသေးတယ်။ ။

ဆက်စပ်သတင်း – မင်းသမီးငါးလက်နဲ့ ပွဲထွက်လာတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီး အေဒင်ရဲ့နတ်သမီး

Loading