Lifestyle

ယောက်ျားချင်း ချစ်ကြိုက်တဲ့ ဇာတ်ကား ရိုက်ကူးမယ့် ဒါရိုက်တာညိုမင်းလွင်

This article has been converted from Zawgyi One to Unicode

ပရိသတ်များကို အမြဲတမ်း သမားရိုးကျပုံစံတခုမဟုတ်ဘဲ စိတ်ဝင်စားစရာဇာတ်လမ်းများနဲ့ ရိုက်ကူးပုံဖော်လေ့ရှိတဲ့ ဒါရိုက်တာ ညိုမင်းလွင်က အခု ၂၀၁၆ ခုနှစ်အစပိုင်းမှာ မေထုန်ရာသီဖွား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတော့မှာဖြစ်ပါတယ်။

ထူးခြားတာက ဒီ ဇာတ်ကားဟာ ယောက်ျားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး မြန်မာ ပရိသတ် တော်တော်များများ လက်ခံနိုင်ဖို့ ခက်ခဲမယ့် ဇာတ်လမ်းတပုဒ်လို့ ဆိုရမလားပဲ။

“အခုလာမယ့် ၂၅ ရက်နေ့ နောက်ပိုင်းလောက်မှာ မေထုန်ရာသီဖွားဆိုတဲ့ man to man ဇာတ်ကားရိုက်ဖို့ရှိပါတယ်။ ဒီဇာတ်ကားက ယောက်ျားနှစ်ယောက်ရဲ့ Drama type နှစ်ခုပါ”လို့ ဒါရိုက်တာ ညိုမင်းလွင်က ဇာတ်လမ်းအကြောင်းကို ပြောပြပါတယ်။

နောက်ပြီး ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဝေဖန်လာနိုင်မယ့်အပေါ် ၎င်းက “spa တုန်းကလည်း ရေးကြတယ်။ comment တွေပေါ့။ အခု ဝေဖန်မှုတွေကို မဖတ်တော့ရင် မသိတော့ဘူးပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကောင်းသော အမြင်နဲ့ ဝေဖန်မှုတွေ အားလုံးကို ကျနော်က လက်ခံပါတယ်။ ကြိုဆိုပါတယ်။ ကိစ္စတခုကို ပြီးဆုံးအောင်မကြည့်ဘဲနဲ့ အလကားနေရင်း ဓာတ်ပုံတပုံ၊ စတေးတပ် တခုနဲ့ တိုက်ခိုက် တာမျိုးကျတော့ ဒါက ဝေဖန်ရေးမခေါ်တော့ဘူးလေ လူကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမျိုးဖြစ်သွားပြီ။ အဲဒါမျိုးကိုကျနော် ဖြေလည်း မဖြေရှင်းဘူး၊ ဂရုလည်း မစိုက်ပါဘူး။ အပြုသဘောနဲ့တကယ်ဝေဖန်တယ်။ တကယ် ပရိသတ်အစစ်ရဲ့ အသံဆိုရင် ကျနော် နားထောင်ပါတယ်” လို့ ဧရာဝတီရဲ့ မေးမြန်းမှုကို ပြောပါတယ်။

ဒီဇာတ်ကားကို ပထမက မင်းသားကောင်းပြည့်၊ ငြိမ်းချမ်းကျော်၊ မင်းသမီး အိချောပိုတို့နဲ့ ရိုက်ကူးမယ်လို့ ပြောထားပေမယ့် အခုအခါ ကောင်းပြည့် မရိုက်ကူးဖြစ်တော့ဘဲ ဥက္ကာမင်းမောင်နဲ့ ရိုက်ကူးဖြစ်မယ်လို့လည်း  သိရပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်က အခုလက်ရှိမှာတော့ “တနင်္ဂတွေညကျောင်း”ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးပြီးစီးသွားပြီလို့သိရပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာ ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးကို ဖောင်ဒေးရှင်းပြုလုပ်ထားပြီး ယခုထက်ပိုပြီး မတူညီတဲ့ခြားနားမှုများစွာနဲ့ တင်ဆက်မှုတွေ ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Loading