အဆိုတော် Lဆိုင်းဇီရဲ့ ဒုတိယမြောက်တေးစီးရီးဖြစ်တဲ့ “အစွဲအလန်းကြီးသူ” ကို မနက်ဖြန် ဇန်နဝါရီ ၂၃ ရက်နေ့မှာ စတင်ရောင်းချပေးတော့မှာဖြစ်ပါတယ်။ ဒီ စီးရီးခွေကို အဆိုတော် L ဆိုင်းဇီက ပရိသတ်များနဲ့တွေ့ဆုံပြီး လက်မှတ်ရေးထိုး ရောင်းချပေးသွားမှာဖြစ်ကာ မနက်ပိုင်း ၁ နာရီတွင် ရွှေတိဂုံဘုရား တောင်ဘက်မုဒ်ရှိ Happy World မှာ
လက်မှတ်ရေးထိုးကာ ညနေပိုင်း ၄ နာရီမှာတော့ ပြည်သူ့ရင်ပြည်မှာရှိတဲ့ Happy World မှာ လက်မှတ် ရေးထိုးရောင်းချပေးမှာဖြစ်ပါတယ်။ ပရိသတ်နဲ့ အဆက်သွယ်အနည်းငယ်ပြတ်နေတဲ့ L ဆိုင်းဇီရဲ့ ဒုတိယ တေးစီးရီးခွေကို အားပေးချင်တဲ့ ပရိသတ်တွေအတွက် ဒီသတင်းလေးကိုပေးရင်း ဒီအခွေနဲ့ ပတ်သတ်တဲ့ အင်တာဗျူးအနည်းငယ်ကိုလဲ ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ ဆိုင်းဇီရဲ့ဒုတိယတေးစီးရီးခွေနာမည်က အစွဲအလမ်းကြီးသူ ဆိုတော့ ကိုယ်တိုင်ရောအပြင်မှာ အစွဲအလန်းကြီးသူ တယောက်လား။ အဲဒီအခွေအကြောင်းက စပြီးပြောပြပေးပါ။
ဖြေ။ ။ ကိုယ်တိုင်ရော အစွဲအလန်းကြီးသူလားဆိုရင် ဘုရားသခင်ကိုတော့ အစွဲအလန်းကြီးမယ်ထင်တယ်။ အခွေက မနက်ဖြန်မှာ ထွက်ပါမယ်။ အခွေထဲမှာ ဆိုင်းဇီကိုယ်တိုင်ရေးထားတဲ့ ဆိုင်းဇီဆိုနေကျပုံစံ ကိုယ်ပိုင်သံစဉ်သီချင်း သုံးပုဒ်ပါပါမယ် ။ ပြီးတော့တခြားနာမည်ကြီးတေးရေးဆရာတွေလည်းပါမယ်။ သီချင်းစုစုပေါင်း ၁၂ ပုဒ်ပါပါတယ်။
မေး။ ။ ကျန်တဲ့လူပုဂ္ဂိုလ်တဦးတယောက်အပေါ်မှာရော Lဆိုင်းဇီက အစွဲအလန်း ကြီးတတ်ပါလား။
ဖြေ။ ။ အဲဒါတွေက တော်ပြီလေ။ အဲဒါတွေက Long Long ago တွေကလေ။
မေး။ ။ အခုတေးသီချင်းခွေလည်း အသစ်ထွက်လာပြီ၊ ဂီတနဲ့ပတ်သက်ရင်လည်း သေချာပြန်လုပ်ဖြစ်လာပြီဆိုတော့ ဘယ်လိုအတွေးတွေ ကိုယ်မှာ ဖြစ်လာမိလို့လဲ။
ဖြေ။ ။ ဘယ်လိုကြောင့်လဲဆိုတော့ သင်ယူခြင်းပေါ့နော်။ သင်ယူတဲ့နေရာမှာလည်း ကိုယ်က ခံယူတတ်ဖို့ အရေးကြီးတယ်။ နှိမ့်ချစွာနဲ့ ခံယူတတ်ဖို့ အရေးကြီးတယ်။ အဓိက ဒီအခွေလေး လုပ်နေတဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ ကျမ သင်ယူခြင်းတွေ အများကြီးခံခဲ့ရပါတယ်။ သင်တာကို ခံယူတာက ခံယူတဲ့အလျောက် ပြောင်းလဲလာမှာပဲလေ။ အဲဒါတွေကြောင့်လဲ ဒီသီချင်းခွေလေး ဖြစ်လာတာပါ။
ဂီတသက်တမ်း ၁၀နှစ်နီးပါးရှိလာတဲ့ Lဆိုင်းဇီက ပထမတကိုယ်တော်ခွေ “ဝေခွဲမရပါလား” ကို ၂၀၁၂ခုနှစ်အတွင်းက ထွက်ရှိထားခဲ့ကာ ဒီအခွေကလည်း အောင်မြင်မှု ရရှိခဲ့လို့ ဂီတမှတ်တိုင်စိုက်ထူနိုင်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။