အဆိုတော် ဇော်ပိုင်က နာမည်ကြီး အမျိုးသမီးအဆိုတော် ၃ ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ အိုင်းရင်းဇင်မာမြင့် တို့နဲ့ စုံတွဲသီဆိုထားတဲ့ ZPNI ဆိုတဲ့ တေးစီးရီးကို ပရိသတ်ထံ နားဆင်ဖို့ ပေးပို့ပေးတော့မှာ ဖြစ်ပါတယ်။
တကိုယ်တော်တေးစီးရီး မထွက်ခင် ပရိသတ်နားဆင်ဖို့ ဒီစီးရီးကို အရင်ဖန်တီးထုတ်လုပ်တာ ဖြစ်ပြီး ဒီစီးရီးခွေကို ဇန်နဝါရီ ၂၅ ရက်နေ့မှာ Audio CD ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ ဒီတေးစီးရီးမှာပါဝင်တဲ့ တေးသီချင်းများထဲမှာ တေးရေး ရွှေဂျော်ဂျော် ရေးသားပေးထားတဲ့ “မွေးရပ်မြေ” ဆိုတဲ့ သီချင်းက ပရိသတ်ကြိုက်ကြဦးမယ့် သီချင်း တပုဒ်အဖြစ်လည်းပါဝင်ပါတယ်။ ဒီစီးရီးခွေထွက်နိုင်ဖို့ တနှစ်ခွဲကျော် အချိန်ယူခဲ့ရပြီး ဒီစီးရီးထဲမှာ တယောက်ချင်းစီ ၂ ပုဒ်စီနဲ့ စုံတွဲ တပုဒ်စီ ပါဝင်တယ်လို့လည်း သိရပါတယ်။
အခွေထဲမှာ ဖြူဖြူကျော်သိန်းနဲ့ နီနီခင်ဇော်တို့အတွက် ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ်စီ ရေးသားပေးထားတဲ့ ဇော်ပိုင်က “အခု ကိုယ်ပိုင်သံစဉ်လေးတွေ ရေးထားတယ်၊ ဒါပေမယ့် အဲဒီအပေါ်မှာတော့ ကျနော်က သီချင်းအားလုံးကို သီချင်းလို့ပဲ မြင်ပါတယ်။ ကျနော်ကတော့ အရင်တုန်းကတော့ ကော်ပီတွေလည်း ဆိုခဲ့ဖူးတယ်၊ ကိုယ်ပိုင် သံစဉ်ကိုလည်း ဆိုဖူးတယ်၊ အခုနောက်ပိုင်းကျတော့ အကုန်လုံးက ကိုယ်ပိုင်သံစဉ်ဘက်ကို အားတက်သရောနဲ့ ပြောင်းလာကြတော့ နောက်ပိုင်း ကိုယ်ပိုင်သံစဉ် အားလုံးနီးပါးနဲ့ပဲ သွားဖို့ များပါတယ်” လို့ ဆိုပါတယ်။
ကိုယ်ပိုင်သံစဉ်တွေ ရေးဖြစ်လာတာနဲ့ ပတ်သက်လို့ကတော့ “သီချင်းလေးတွေ ရေးဖြစ်လို့ တေးရေးဘက်ကို ပြောင်းဖို့တော့ မဟုတ်ပါဘူး။ သီချင်းလေးတွေက ကျနော် တကိုယ်တော်အခွေ အတွက်လည်း ရေးဖြစ်နေတော့ ဒီသီချင်းလေးတွေကို ဖြူဖြူတို့ကို ပြကြည့်တော့ သူတို့ကလည်း ကြိုက်တယ်ဆိုတော့ ထည့်ဖြစ်တာပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။