ဒီတပတ် ရုံးပိတ်၊ ကျောင်းပိတ်ရက်မှာ ဘယ်လိုတေးသီချင်းလေးတွေ ဘယ်လိုတေးစီရီးတွေ အိမ်မှာ နေရင်းပဲဖြစ်ဖြစ် အပြင်သွားရင်းပဲဖြစ်ဖြစ် အပျင်းပြေနားဆင်နိုင်ဖို့အတွက် ကောင်းနိုးရာရာ သီချင်းလေးတွေကို စုစည်းဖော်ပြပေးချင်ပါတယ်။ အဲ့ဒါလေးတွေကတော့…
သီချင်းအမည် – ကမ္ဘာမြေစိမ်းစိုဖို့
အဆိုတော်အမည် – ဇော်ဝင်းထွဋ်
Rock Star တေးသံရှင် ဇော်ဝင်းထွဋ်ရဲ့ Single song အဖြစ် ထွက်ရှိလာတဲ့ ကမ္ဘာမြေစိမ်းစိုဖို့လို့ နာမည်ပေးထားတဲ့ သီချင်းအသစ်ပဲ ဖြစ်ပါတယ်။ သီချင်းအသစ်ကိုနားမထောင်ရတာ ကြာပြီ ဖြစ်တဲ့ ဇော်ဝင်းထွဋ်ရဲ့ ပရိသတ်တွေ အတွက် ၂၀၁၆ ခုနှစ်မှာပထမဆုံးအွန်လိုင်းမှာ ဖြန့်ချိရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ ကမ္ဘာမြေစိမ်းစိုဖို့လို့ ဆိုတဲ့ ခေါင်းစဉ်အတိုင်းလူသားတွေ လောဘ၊ ဒေါသ၊ မောဟတွေ လျှော့ချကာစိမ်းလန်အေးချမ်းတဲ့ ကမ္ဘာမြေဖြစ်လာဖို့ သီဆိုထားတာဖြစ်ပြီးရေးစပ်ပေးထားတဲ့ သူကတော့ တေးရေးဆောင်းဦးလှိုင်ပဲ ဖြစ်ပါတယ်။ ဒီသီချင်းကိုဇန်နဝါရီ ၉ ရက်နေ့ကစတင်ပြီး www.myanmarmusicstore.com မှာစတင်ဝယ်ယူပြီးနားဆင်နိုင်ပြီ ဖြစ်ပါတယ်။
တေးစီးရီးအမည် – စိတ်ကူးယဉ်စာအုပ်
အဆိုတော်အမည် – ရွှေထူး
လူငယ် ပရိသတ် အခိုင်အမာရရှိထားတဲ့ လူငယ်တေးသံရှင် ရွှေထူးရဲ့ ပထမဆုံးတကိုယ်တော် တေးစီးရီးအမည်ကိုစိတ်ကူးယဉ် စာအုပ်လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။ 8 days 8 months သီချင်းကစလို့ ပရိသတ် စိတ်ဝင်စားမှု၊ အားပေးမှု ပိုရခဲ့တဲ့ ရွှေထူးရဲ့ စိတ်ကူးယဉ်စာအုပ် တေးစီးရီးမှာသီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်ပါတယ်။ ဒီအခွေကိုဒီဇင်ဘာ ၁၃ ရက်နေ့ကစတင်ပြီး ဖြန့်ချိပေးထားတာ ဖြစ်ပြီးရွှေထူးနဲ့ အတူတူ Featuring အနေနဲ့ ဝေလ၊ ထက်ယံ၊ နီနီခင်ဇော်၊ Oasix ၊ YZET၊ 3CREATORS တို့ကပါဝင် သီဆိုပေးထားကြပါတယ်။ နီနီခင်ဇော်နဲ့ အတူတူသီဆိုထားတဲ့ True Love တေးသီချင်းလေးကိုတော့ လူငယ်ပရိသတ်တွေ ကြိုက်နှစ်ကြဦးမယ့် သီချင်းဖြစ်တယ်လို့ ညွှန်းချင်ပြီးရွှေထူးပရိသတ်တွေ အနေနဲ့ကတော့ ပါဝင်တဲ့ တေးသီချင်းတွေကရွှေထူးဆိုနေကျ ပုံစံ၊ စာသားတွေနဲ့ ဖြစ်တာမို့ အကုန်နီးပါးနားထောင်လို့ အဆင်ပြေပြီး ကြိုက်နှစ်သက်ကြမယ်လို့ မြင်မိပါတယ်။
အဆိုတော် အမည် – တင်ဇာမော်
သီချင်းအမည် – ဧည့်သည်
တေးသံရှင် တင်ဇာမော်ရဲ့ Single song ဖြစ်တဲ့ ဧည့်သည်ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။ တင်ဇာမော် ပရိသတ်တွေအတွက် တကိုယ်တော် တေးစီးရီးမထွက်မီနဲ့ သူရဲ့ ဖေဖော်ဝါရီလအတွင်းမှာ ပြုလုပ်မယ်ဆိုတဲ့ တကိုယ်တော် ဖျော်ဖြေပွဲမလုပ်ခင် သီချင်းအသစ်တပုဒ် နားဆင်နိုင်အောင် အရင် ဖြန့်ချိထားတာ ဖြစ်ပါတယ်။ အယ်ဖြူရဲ့ လက်ရာဖြစ်ပြီးဧည့်သည်ဆိုတဲ့ ဒီသီချင်းလေးကအဆိုတော်လင်းလင်းနဲ့ စတိတ်ရှိုးတခုမှာသီဆိုခဲ့ တုန်းကလည်းနားဆင်ခဲ့တဲ့ ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တဲ့ တေးသီချင်းကောင်းလေးတပုဒ်ပဲ ဖြစ်ပါတယ်။ ပိုင်ရှင် ရှိပြီးသားကိုယ့်အတွက် နောက်ထပ် ပေါ်လာတဲ့ ချစ်တဲ့သူတယောက်ကိုဧည့်သည်တယောက် အနေနဲ့ တင်စားပြီးသီဆိုထားတဲ့ သီချင်းလေးတပုဒ်ပဲ ဖြစ်ပါတယ်။ တင်ဇာမော်ရဲ့ သီချင်းအသစ်ကိုနားမဆင်ရသေးတဲ့ ပရိသတ် နားဆင်ကြည့်ဖို့ ညွှန်းချင်တဲ့ သီချင်းဖြစ်ပါတယ်။