ဒီတပတ် စနေ၊ တနင်္ဂနွေမှာ “ဘယ်သွားမလဲ၊ ဘာလုပ်မလဲ” ကဏ္ဍကနေ ကျနော်မိတ်ဆက် ပြောပြပေးချင်တဲ့ ပွဲတွေကတော့ ဇန်နဝါရီလ (၂၂) ရက်နေ့ကနေ (၂၄) ရက်နေ့ အထိ သုံးရက်တာ ကျင်းပပြုလုပ်မယ့် “Myanmar International Franchise & SME Expo 2016” ပြပွဲနဲ့ ဇန်နဝါရီလ (၂၄) ရက်နေ့မှာ ပြုလုပ်မယ့် “Huawei စမတ်ဖုန်းသစ် GR5 မိတ်ဆက်ရောင်းချပွဲ” တို့ပဲ ဖြစ်ပါတယ်။
သုံးရက်တာ ကျင်းပပြုလုပ်မယ့် “Myanmar International Franchise & SME Expo 2016” ပြပွဲက ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ကျင်းပနေတာဖြစ်ပြီး အဲဒီပွဲဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး International Franchise Trade Show တခုပါ။
ပွဲအတွင်းမှာဆိုရင် Franchise စီးပွားရေးလုပ်ငန်းတွေ၊ SME အသေးစား စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေနဲ့ အခြား စီးပွားရေး အခွင့်အလမ်းတွေကို နိုင်ငံတကာကရော ပြည်တွင်းကပါ လာရောက်ပြသ တွေ့ဆုံနိုင်မှာပဲ ဖြစ်ပါတယ်။ စီးပွားရေးအခွင့်အလမ်းဆိုင်ရာ Seminar တွေမှာ Franchise စီးပွားလုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေက သူတို့ရဲ့ လုပ်ငန်းအတွေ့အကြုံ ဗဟုသုတတွေကို ဝေငှပြောပြပေးသွားမှာဖြစ်ပြီး စီးပွားရေးဆိုင်ရာ Workshop တွေလည်း ပါဝင်ပါတယ်။
ဒါကြောင့်မို့လို့ ဒီပွဲဟာလည်း စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဖို့ စဉ်းစားနေသူ လူငယ်တွေ၊ လက်တွေ့ မှာ စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်နေသူတွေနဲ့ Franchise လုပ်ငန်းနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားသူ၊ လူငယ်လူရွယ်တွေ သွားရောက်သင့်တဲ့ ပွဲတပွဲပဲ ဖြစ်ပါတယ်။
နောက်ထပ် ပြောပြပေးချင်တဲ့ ပွဲကတော့ နည်းပညာပစ္စည်း အသစ်အသစ်တွေ တနေ့တမျိုး မရိုးရအောင် ပေါ်ထွက်လာတဲ့ ဒီနေ့ခေတ်ထဲမှာ ပစ္စည်းအသစ်အဆန်းပေါ်ရင် ချက်ချင်းဝယ်ကိုင်ချင်တဲ့ နည်းပညာခေတ်က ကိုကို၊ မမတွေအတွက် Huawei ကနေ အသစ်ပေါ်ထွက်လာတဲ့ GR5 ဖုန်းသစ် မိတ်ဆက် ရောင်းချပွဲပဲ ဖြစ်ပါတယ်။
Fingerprint နည်းပညာ ပါဝင်တဲ့ Huawei ရဲ့ စမတ်ဖုန်း ထုတ်ကုန်သစ် GR5 ကို ဇန်နဝါရီလ (၂၄) ရက်နေ့၊ တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်အနီးမှာ အသစ်ဖွင့်လှစ်ထားတဲ့ မြန်မာပလာဇာမှာ စတင်မိတ်ဆက် ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပလာဇာမှာပဲ Huawei Branded ဆိုင်ဖွင့်ပွဲကိုပါ တဆက်တည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့၊ မနက် (၁၀) နာရီကနေ စတင်ပြီးတော့ Huawei GR5 စမတ်ဖုန်း ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Huawei ရဲ့ Brand Ambassador ဖြစ်တဲ့ အကယ်ဒမီ ရုပ်ရှင်မင်းသမီး ဝတ်မှုံရွှေရည် အပါအဝင် အခြား အနုပညာရှင်များစွာ တက်ရောက်မှာဖြစ်ကာ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ၊ ဂိမ်းအစီအစဉ်တွေနဲ့ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တာမို့လို့ ဒီပွဲလေးကို လက်မလွတ်စေဖို့ လက်တို့ပေးလိုက်ပါတယ်။