မဝတ်ရည်
အသက် (၂၆) နှစ်
MD (Groupbuyy.com, AIT Co.,Ltd)
ကျမက အခုလက်ရှိ Groupbuyy.com,AITCo.,Ltdမှာ MD အနေနဲ့ တာဝန်ယူပြီး အလုပ်လုပ်ကိုင်နေပါတယ်။ ဒီအလုပ်ကို ကျမ ၂၀၁၅ ခုနှစ်၊ မတ်လလောက်မှာ စပြီး လုပ်ဖြစ်ခဲ့တာပါ။
ကျမက ပညာရေးမှာ BA (English) နဲ့ ကျောင်းပြီးထားပြီး ဒုတိယဘွဲ့ကတော့ Master ဘွဲ့ အနေနဲ့ MPA (Master of Public Administration) ပါ။ လက်ရှိမှာတော့ ကျမ MBA ကို နိုင်ငံခြား University တခုမှာ လှမ်းတက်နေပါတယ်။
ကျမရဲ့ ဝါသနာကတော့ ပန်းချီဆွဲတာပါ။ ပန်းချီကို ကျမငယ်ငယ်လေးကတည်းက ဝါသနာပါခဲ့တယ်။ ကျမရဲ့ လောလောဆယ် အနာဂတ် စိတ်ကူးအိမ်မက်ကတော့ အခုလုပ်ကိုင်နေတဲ့ လုပ်ငန်းကို ပိုမိုတိုးချဲ့ အောင်မြင် အောင် လုပ်ဖို့နဲ့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို များများဖန်တီးနိုင်ဖို့ပါပဲ။
Plan ကတော့ အခုလက်ရှိအချိန်နဲ့ အခြေအနေတွေပေါ် မူတည်ပြီး ပြောင်းလဲမှုရှိတယ်ဆိုတော့ အတိအကျကြီး Plan A နဲ့ပဲသွားမယ်ဆိုပြီးတော့ မရှိပါဘူး။ အပြောင်းအလဲ တိုးတက်မှုတွေပေါ် မူတည်ပြီး Plan B လည်း ဖြစ်သွားနိုင်ပါတယ်။
ကျမငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ အိပ်မက်ကတော့ ကျမအဖေက အစိုးရဝန်ထမ်းဆိုတော့ သံအမတ် တယောက် ဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် ဝင်ခွင့် စာမေးပွဲတွေ မအောင်ခဲ့တော့ လုပ်ခွင့်မရှိခဲ့ဘူး။ ဘုရားက ဒီထက်ကောင်းတဲ့ အခွင့်ပေးချင်လို့ဆိုတဲ့ စိတ်ပဲသတ်မှတ်ခဲ့တာပါ။ အခုတော့ စီးပွားရေးလောကမှာပဲ အခြေချ ဖြစ်မယ် ထင်ပါတယ်။
အခုလက်ရှိအနေအထားနဲ့ ငယ်ငယ်ကဖြစ်ချင်ခဲ့တာ တထပ်တည်း ကျမကျဆိုရင် ငယ်ငယ်က ဖြစ်ချင်တာတွေနဲ့ တထပ်တည်း ဖြစ်ဖို့ဆိုတာ ကံ၊ ဉာဏ်၊ ဝီရိယ အားလုံးပေါင်းမှ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ကျမအတွက်ကတော့ တထပ်တည်း မကျပေမယ့် ဘယ်နေရာရောက်ရောက် အကောင်းဆုံး ကြိုးစားနေပါတယ်။
လက်ရှိ အလုပ်မှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်မှုရှိအောင် နေ့စဉ်ဘယ်လို လေ့လာမှုတွေ ပြုလုပ်လေ့ရှိလဲဆိုရင် ကျမအားရင်တော့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေ ဖတ်ဖြစ်ပါတယ်။ ပြီးတော့ တရားထိုင်ဖြစ်တယ်။ လုပ်ငန်းက အမှားတွေရှိရင် အကောင်းဆုံးဖြေရှင်းနိုင်ဖို့၊ အောင်မြင်တာပဲ ဖြစ်ဖြစ်၊ ကျရှုံးတာပဲ ဖြစ်ဖြစ် စိတ်ကိုအမြဲအဆင်သင့် ဖြစ်နေနိုင်အောင် ကြိုးစားပါတယ်။
အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူငယ် အမျိုးသမီးတွေ Business အပိုင်းမှာကော တခြားကဏ္ဍတွေမှာပါ ပါဝင် ဦးဆောင်လာတဲ့အပေါ် ဘယ်လိုမြင်မိလဲဆိုတော့ Business Field ထဲမှာ အမျိုးသမီးတွေ ဦးဆောင်နေတာကတော့ အမျိုးသားတွေထက် မများဘူးဆိုရင်တောင် မနည်းပါဘူး။ လမ်းဘေးဈေးဆိုင်တည်ပြီး ဈေးရောင်းနေတဲ့ အမျိုးသမီးတွေ၊ အိမ်အငှားပွဲစား လောကမှာ အောင်မြင် ဝင်ငွေကောင်းနေတဲ့ အမျိုးသမီးကြီးတွေလည်း အများကြီးပါ။
Taxi ကားမောင်းပြီး မိသားစုအတွက် ရုန်းကန်နေတဲ့၊ ထက်မြတ်တဲ့ အမျိုးသမီးတွေကိုလည်း ကျမမြင်ဖူးတယ်။ ကျမတို့ ကံကောင်းပါတယ်။ မြန်မာပြည်မှာက အားလုံးတန်းတူရည်မျှ အလုပ်လုပ်ခွင့် အခွင့်အရေးတွေ ရှိပါတယ်။ ဒါကြောင့် လူငယ် မြန်မာအမျိုးသမီးတွေအနေနဲ့ နယ်ပယ် ပေါင်းစုံပါဝင် လာကြတာ အရမ်းကို ဂုဏ်ယူဝမ်းသာဖို့ ကောင်းတဲ့အချက်ပါ။ လူငယ် အမျိုးသမီးတွေကို ကြိုးစားကြဖို့ အမြဲအားပေးပါတယ်။
ဒီနေ့ခေတ် လူငယ်တွေအပေါ် ကျမရဲ့ အမြင်ကို ပြောပါဆိုရင် လူငယ်တွေဆိုတော့ “Active, Creative, Innovative” ဖြစ်ကြတယ်။ ကောင်းတာတွေရှိမယ်၊ ဆိုးတာတွေရှိမယ်။ မှားတာကော၊ မှန်တာတွေကိုပါ လုပ်ဖူးလိမ့်မယ်။ လူငယ်တွေ အနေနဲ့ အမှားရှိခဲ့ရင်လည်း သင်ယူလိုက်ပါ၊ နောက်တကြိမ် အမှားမဖြစ်အောင် ကြိုးစားပါ။ ဘာလို့လဲဆိုတော့ လူကြီးတိုင်းလည်း ဒီလို Stages တွေ ဖြတ်သန်းပြီးမှ လူကြီး ဖြစ်ခဲ့ကြတာပါ။
ကြိုးစားနေတဲ့ လူငယ်တွေအပေါ် ပြောချင်တဲ့ အားပေးစကားကတော့ ဆက်ကြိုးစားပါ။ စိတ်ဓာတ် မကျပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေ ဝင်လာလိမ့်မယ်။ ငွေ အကျပ်အတည်းတွေ သေချာပေါက် ရှိလာနိုင်တယ်။ Social ပိုင်းမှာ တာဝန်လစ်ဟင်းတာတွေ ရှိလာမယ်။
အဲဒါတွေ ဂရုစိုက်စရာမလိုဘူး။ စစ်မှန်အောင်မြင်တဲ့ လူတွေရဲ့ ဘဝက ဘယ်တော့မှ ချောမွေ့မှာမဟုတ်ဘူး။ သင်ယူစရာတွေ အများကြီးစောင့်နေလိမ့်မယ်။ ဘဝကိုတာဝန်ယူစိတ်အပြည့်နဲ့ ဇွဲမလျှော့ဘဲဆက်လျှောက်ပါ။ သေချာပေါက် နေရာတနေရာသင့်အတွက် ရှိနေပါတယ်။