ဒီကနေ့ တန်းဝင်တဲ့ Album တွေ အကြားမှာ တန်ဖိုးရှိတဲ့ Album တချပ် ပေါ်ထွက်ရှိလို့ လာခဲ့ပါတယ်။ Title ခပ်ဆန်းဆန်းနဲ့ “မြစ်အိုကြီး” လို့ အမည်ရတဲ့ ဓိရာမိုရ်ရဲ့ Album ပဲ ဖြစ်ပါတယ်။ ပရိသတ်များ သိထားပြီးတဲ့ အတိုင်း ဓီရာမိုရ်ဟာ အနုပညာ ယဉ်ကျေးမှု ကျောင်းဆင်းတဦးဖြစ်သူ ပီပီ သူဖန်တီးတဲ့ ဂီတအငွေ့အသက်တွေဟာ မြန်မာ့ Traditional ဂီတ အငွေ့အသက်တွေ ပါဝင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဓီရာမိုရ်ဟာ ဒီကနေ့ ဂီတ အနုပညာရှင်တွေ အထဲမှာ တဘာသာ ခွဲထွက်ခဲ့တဲ့ ဂီတ အနုပညာရှင် တဦး အဖြစ် ဂီတအသိုင်းအဝိုင်း ကရော၊ ပရိသတ်ကပါ အလေးထား စောင့်ကြည့်ခံရတဲ့ အနုပညာရှင် တဦး ဖြစ်ပါတယ်။ အဲဒီလို စောင့်ကြည့်ရအောင်လည်း သူဖန်တီးပြခဲ့တဲ့ သီချင်းတွေဟာ မြန်မာ့ Instrumental တွေရဲ့ အနှစ်သာရရဲ့ တန်ဖိုးကို မြင်သာလာစေခဲ့ပါတယ်။ သေချာတာ တခုက ဓီရာမိုရ်ရဲ့ စိတ်တွေကို ခေတ်သစ် ဂီတထဲမှာ အံဝင်အောင် စနစ်တကျ ပေါင်းစပ်ဖန်တီးပြလိုတဲ့ ဆန္ဒရှိသူ တဦး ဖြစ်သလို၊ စကားလုံး အကြောင်းအရာကို ရေးဖွဲ့ရာမှာလည်း လူငယ်ကြိုက် အချစ် အကြောင်းအရာထက် လူထုကို အကျိုးပြုလိုတဲ့ Message မျိုးကိုသာ ရေးဖွဲ့ တင်ပြလိုတဲ့သူ တဦး ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဂီတအနုပညာ လောကထဲကို ဝင်ရောက်လာတဲ့ အချိန်ကစလို့ သူ့ရဲ့ အလားအလာကောင်းတဲ့ ဂီတပါရမီကို အသိအမှတ် ပြုခဲ့ကြရတာ ဖြစ်ပါတယ်။
ဂီတသက်တမ်းအားဖြင့် နုနယ်သေးတဲ့ သူ့ရဲ့ အလားအလာကောင်းတဲ့ ဂီတပါရမီကို အသိအမှတ် ပြုခဲ့ကြရတာ ဖြစ်ပါ တယ်။ ဂီတသက်တမ်း အားဖြင့် နုနယ်သေးတဲ့ သူ့ရဲ့ 1st Impression အဖြစ် ထွက်ရှိလာတဲ့ ပထမဆုံး Album မှာ ကတည်းက သူရဲ့ ဂီတအနုပညာ အရည်အသွေးကို ပရိသတ်က အသိအမှတ်ပြုခဲ့ကြ ရပါ။ အခုလို ဂီတ အတွေ့အကြုံ တွေ ရင့်ကျက်လာပြီ ဖြစ်တဲ့ အချိန်မှာ ထွက်ရှိလာတဲ့ “မြစ်အိုကြီး” Album ကို နားဆင်ခံစားကြည့်ဖြစ်မယ် ဆိုရင် ပထမဆုံး ဒီ Album ရဲ့ Title Song ကို မညွှန်းခင် Melody အရရော၊ စာသား အကြောင်းအရာ အရပါ တကယ့်ကို အဓိပ္ပာယ် ပြည့်ဝတဲ့ “အစိမ်းရောင်အတွေး” ဆိုတဲ့ သီချင်းကို အဦးဆုံး ညွှန်းလိုပါတယ်။
ဒီသီချင်းကို စာရေးဆရာ တေးရေး အရိုးက ရေးဖွဲ့ ဖန်တီးပေးထားတာ တွေ့နေကျ သမာရိုးကျ အရိုးရဲ့ သီချင်းပုံစံတွေ ထဲက ထူးထူးခြားခြား ခွဲထွက်လာခဲ့တဲ့ သီချင်း တပုဒ် ဖြစ်ပါတယ်။ အကြောင်းအရာ အားဖြင့်လည်း တွေ့ရခဲတဲ့ အကြောင်းအရာမျိုး ဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာမျိုးကို စာအုပ်တွေ ထဲမှာသာ အတွေ့ရများပြီး သီချင်းအဖြစ် အတွေ့ရ နည်းသေးတဲ့ အချိန်မှာ တေးရေးအရိုးက သူ့ရဲ့ ဂီတ အနုပညာနဲ့ လူထုရဲ့ နှလုံးသားမှာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့စိတ် ကိန်းဝပ် ရှင်သန်လာအောင် လှုပ်နှိုးပေး နိုင်ခဲ့ပါတယ်။ အရိုး ဖွဲ့သီပြထားတဲ့ စကားလုံးတွေက –
“ဟိုမှာ အစိမ်းရောင်စိုက်ခင်းများ ဟိုမှာအစိမ်းရောင် တောင်တန်းတွေ
ဟိုမှာ အစိမ်းရောင်တောင်တန်းများ မီနိုင်ဦးမယ် ထိန်းသိမ်းစို့
နောင် အနာဂတ်ကမ္ဘာမှာ နေကြမယ့် မျက်နှာစိမ်းတို့ ကလေးတွေ
သာယာပြည့်စုံ စေဖို့ အတွက် ကမ္ဘာကို တို့အခု ထိန်းသိန်းစို့
အရေးကြီးပြီ ကမ္ဘာကို ပိုချစ်ကြစို့
စိမ်းလန်းဖို့ ကမ္ဘာဟာ အရေးတကြီးလိုလို့
ငါတို့ အစိမ်းရောင်အိမ်မက်များ အနာဂတ် အစိမ်းရောင်နေ့ရက်တွေ
အနာဂတ် အစိမ်းရောင်ကမ္ဘာကြီးတခု လူပီသစွာ ထားခဲ့ဖို့
(တောင်တန်းစိမ်းနဲ့ မြက်ခင်းစိမ်းနဲ့
အနာဂတ်ကမ္ဘာကို လာမယ့် တို့ရင်သွေးကလေးတွေ
နေချင်စဖွယ် စိမ်းစိုလန်းဆန်းဖို့ ငါတို့ အသက်တွေမရပ်သေးတဲ့ အထိ
ကမ္ဘာကြီး စိုပြေနေကောင်းအောင် ကျန်းမာရေးအတွက်ကို အပင်တွေစိုက်ကာ နေကြစို့)”
ဆိုတဲ့ အဓိပ္ပာယ် လေးနက်တဲ့ အကြောင်းအရာမျိုး ဖြစ်ပါတယ်။
အဲဒီလို အားကောင်းတဲ့ စကားလုံး အကြောင်း အရာပေါ်မှာ Arrange လုပ်သွားတဲ့ ဓီရာမိုရ်ရဲ့ Music Sense ကလည်း အရည်အသွေး ရှိတာကို တွေ့ရပါတယ်။ Intro အဖွင့်မှာ Melodic ဖြစ်လှတဲ့ Rhythm Guitar သံလွင်လွင်နဲ့ Verse အပိုဒ်ကို အစပြုထားတဲ့ ပုံစံဟာ နားဆင်သူရဲ့ ရင်ကို အမိအရ ဖမ်းဆုပ်ထားနိုင်ခဲ့သလို ပထမ Chorus ပိုဒ် အဆုံး ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
Backing အနေနဲ့ အားဖြည့်ပေးသွားတဲ့ ပတ်ဝိုင်းနဲ့ ပုလွေကို သူ့နေရာနဲ့သူ အံဝင်အောင် ပုံဖော်ပေးနိုင်ခဲ့တာ ကြောင့်လည်း သီချင်းဟာ ပိုပြီး လတ်ဆတ် သစ်လွင် နေခဲ့ပါတယ်။ သီချင်း Ending ပိုင်း မရောက်ခင် ဒုတိယ Chorus ပိုဒ်အဝင်မှာ Key chain တဲ့ Style ကလည်း သီချင်းရဲ့ Ending ပိုင်းကို ပိုမို အားကောင်းလာ စေခဲ့တာကြောင့် ခေတ် အဆက်ဆက် ကမ္ဘာကြီးကို လက်ဆင့်ကမ်း ထိန်းသိမ်း ကြမယ့် လူငယ်လူရွယ်တွေ သဘာဝ ပတ်ဝန်းကျင်ကို ချစ်တတ်လာအောင် စောင့်ရှောက်တတ်လာအောင် ဒီသီချင်းလေးက အကျိုးပြု နှိုးဆော်ပေး နေပါလိမ့်မယ်။
ဒီ Album ထဲမှာ ဓီရာမိုရ်ရဲ့ ဂီတပါရမီကို ပေါ်လွင်မြင့်မားစေခဲ့တဲ့ သီချင်းကတော့ Title Song ဖြစ်တဲ့ “မြစ်အိုကြီး” သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းမှာ ဓီရာမိုရ်ဟာ သူအာသီသ ပြင်းပြတဲ့ မြန်မာ့ Instrumental အစုံအလင်ကို ပေါင်းစပ် ဖန်တီးပြနိုင်ခဲ့ တာကို တွေ့ရပါတယ်။ သီချင်း Melody တည်ဆောက်ပုံ အရ ထူးခြားမှု ရှိသလို၊ စကားလုံး ရေးဖွဲ့ ပေးထားတဲ့ နေထွန်းရဲ့ စာသားတွေကလည်း သီချင်း Melody နဲ့ အံဝင်ခွင်ကျ ဖြစ်တာကို တွေ့ရပါတယ်။ ဒီသီချင်းမှာ မြန်မာ့ Traditional Instrumental တွေကို သီချင်းပုံစံနဲ့ လိုက်ဖက် အောင် နေရတကျ Arrange လုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။
ဒါကြောင့်လည်း ဒီသီချင်းဟာ Orchestra Mood ဆန်ဆန် ခမ်းနားတဲ့ သီချင်းပုံစံ အဖြစ် ရုပ်လုံး ပေါ်လာခဲ့ပါတယ်။ Intro အစမှာ အသုံးပြုသွားတဲ့ မြန်မာ့စောင်း ကို တရုတ်ဗြတ်စောင်း ပုံစံ တီးခတ် ဖန်တီးသွားတဲ့ဟန်နဲ့ မြန်မာ့ပုလွေသံ ဟာ တကယ့်ကို သာယာနာပျော်ဖွယ် ဖြစ်စေခဲ့ပြီး ပြေပြစ်လှတဲ့ Chord Phrasing တွေနဲ့ အတူ ဖွဲ့သီထားတဲ့ Verse အပိုဒ်ရဲ့ အားကောင်းတဲ့ စကားလုံးတွေကြောင့် စကတည်းက သီချင်းဟာ ဆွဲဆောင်မှု ရှိနေခဲ့ပါတယ်။ Chorus အပိုဒ်မှာ Choirs ဆန်ဆန် သံပြိုင်သီဆိုသွားတဲ့ ပုံစံကြောင့်လည်း သီချင်းအပေါ် ခံစားမှု ပိုမို မြင့်တတ်လာစေ ခဲ့ပါတယ်။ Chorus အပိုဒ်ရဲ့ High Notes နေရာတချို့မှာ ဓီရာမိုရ်ရဲ့ Vocal အားပျော့နေသလို ခံစားရတာက လွဲလို့ သီချင်းကို Arrange လုပ်သွားတဲ့ မြန်မာ Traditional Instrumental တွေရဲ့ ထူးကဲတဲ့ သံစဉ်တွေကြောင့် သီချင်းဟာ စွဲမက်ဖွယ် ဖြစ်နေခဲ့ပါတယ်။
အထူးသဖြင့် Verse အပိုဒ်တွေမှာ Choir Mood ဆန်ဆန် သီဆိုသွားတဲ့ Style ကြောင့်သီချင်း Tempo ဟာ ပိုပြီး မြိုင်ဆိုင်ကြွတက် လာခဲ့ပါတယ်။ သီချင်းရဲ့ Ending ပိုင်းမှာ မြန်မာ ဂစ်တာသံနဲ့ စောင်းသံကို Harmony ဖြစ်အောင် ထည့်သွင်းပြီး Arrangement လုပ်သွားတဲ့ ဟန်က ဓီရာမိုရ်ရဲ့ ဂီတ အရည်အသွေးကို မြင်သာပေါ်လွင်စေခဲ့တာကြောင့် ဓိရာမိုရ်ရဲ့ မြစ်အိုကြီးဟာ ခေတ်အဆက်ဆက် ဂီတရေစီးထဲမှာ ထာဝရ ရှင်သန် စီးမျောနေမှာတော့ ဧကန်ပါပဲ။
ဓီရာမိုရ်ရဲ့ နောက်ထပ်ထူးခြားတဲ့ သီချင်းတပုဒ်က သူကိုယ်တိုင် ရေးဖွဲ့ဖန်တီးထားတဲ့ “မျက်ရည်နဲ့ လောင်မြိုက်မည့် ကမ္ဘာ” သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းဟာ စစ်ရဲ့ ဆိုးကျိုးတွေကြောင့် မြေစာပင် ကလေးသူငယ်တွေရဲ့ ရင်နာဖွယ် အဖြစ်တွေကို မြင်သာအောင် ဖော်ကျူးထားတဲ့ Music style အရရော၊ စာသား အကြောင်းအရာအရပါ စွဲမက်ဖွယ် ကောင်းတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ Album ထဲမှာ ရှားရှားပါးပါး ဂျပန်လူမျိုးတဦးဖြစ်တဲ့ Inshizuka Take နဲ့ ဓီရာမိုရ်တို့ တွဲဖက် ဖန်တီးထားတဲ့ “ပျော်ရွှင်ခြင်းဘယ်မှာ” သီချင်းလေးကလည်း ဂျပန်-မြန်မာနှစ်ဦးရဲ့ ပေါင်းစပ် ဖန်တီးမှု အနုပညာ တရပ်အဖြစ် ထူးထူးခြားခြား သက်ဝင်မှု ရှိနေတာကြောင့် ဒီသီချင်းလေး အကြောင်းကို ဂရုပြု ညွန်းဖွဲ့လိုပါတယ်။ ဒီသီချင်းကို Ishizuka Take က Melody အနေနဲ့ ဖန်တီးထားပြီး ဓီရာမိုရ်က စကားလုံး တည်ဆောက် ပေးထားတာ ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ နောက် ထူးခြားမှုတခုက မြန်မာဂီတ အနုပညာရှင်တွေနဲ့အတူ ဂျပန်လူမျိုး (၃) ဦးလည်း ပါဝင် တီးခတ်ပေးထားလို့ပဲ ဖြစ်ပါတယ်။
သီချင်းကို တကြိမ် နားထောင်ကြည့်လိုက်ရင် သီချင်း Melody တည်ဆောက်ပုံအရ Verse နဲ့ Chorus အပိုဒ် မကွဲတာ ကြောင့် သီချင်းရဲ့ အနှစ်သာရကို ရှာမတွေ့နိုင်ပေမယ့် နားထောင်ပါများလေ သီချင်းရဲ့ အနှစ်သာရကို ပိုမို ပေါ်လွင် လာလေ ဖြစ်တဲ့ သီချင်းပဲ ဖြစ်ပါတယ်။ Keyboard နဲ့ Cello တယောကို အပေးအယူမျှစွာ တီးခတ် ပုံဖော်ထားတဲ့ Intro ဟာ ငြိတွယ်စရာ ကောင်းနေခဲ့ပြီး Verse အဝင်မှာ မြန်မာပတ်ဝိုင်းနဲ့ အားဖြည့်ပေးထားတဲ့ Arrange က မြန်မာ့ ပတ်ဝိုင်းရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို ပိုမိုမြင်သာထင်သာ ရှိလာခဲ့ပါတယ်။
မကြာမကြာ Backing အနေနဲ့ ပံ့ပိုးပေးသွားတဲ့ တယောဟာလည်း သီချင်းအပေါ် ပိုမိုတိမ်မူးဖွယ် ဖြစ်လာအောင် အထောက်အပံ့ တခု ဖြစ်စေခဲ့ပြီး Harmony အနေနဲ့ အားဖြည့်ထားတဲ့ Vocalist တွေရဲ့ အချိတ်အဆက် မိမှုကလည်း သီချင်းကို ပိုမို လင်းလက် အားကောင်း စေခဲ့ပါတယ်။ အထူးသဖြင့် တယောနဲ့ မြန်မာပတ်ဝိုင်းကို အပေးအယူမျှတ အောင် ဖန်တီး ပုံဖော်နိုင်ခဲ့ တာကြောင့် ဒီကနေ့ သမိုင်းမှာ ဂျပန်-မြန်မာ ပေါင်းစပ်ဖန်တီးထားတဲ့ အနုပညာတရပ်အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမယ့် သီချင်းကောင်းလေး တပုဒ်ပဲ ဖြစ်ပါတယ်။
အခုဖော်ပြခဲ့တဲ့ သီချင်းတွေဟာ ဓီရာမိုရ်ရဲ့ ဂီတမှတ်တိုင်တွေကို စိုက်ထူပြနိုင်ခဲ့တဲ့ သီချင်းတွေလို့ ဆိုနိုင်ပေမယ့် ဒီ Album ထဲမှာ သူ့အကြောင်းအရာနဲ့သူ ခွဲထုတ် ဖန်တီးပြထားတဲ့ ဆရာ အကြည်တော်ရဲ့ “တံခါး”၊ ဓီရာမိုရ် ကိုယ်တိုင် ရေးဖွဲ့ထားတဲ့ လှတဲ့ကြယ်စင်၊ အချစ်ပါပဲ၊ မေမေ၊ အချိန်ရထားပေါ်က ကလေးငယ်များ၊ သီချင်းပုံစံ လေးတွေဟာလည်း ဓီရာမိုရ်ရဲ့ ဂီတ အရည်အသွေးတွေကို မှတ်ကျောက်တင်နိုင်ခဲ့တဲ့ သီချင်းတွေ ဖြစ်တာကြောင့် ဒီ Album ကို နားဆင်ခံစားတဲ့ အခါ ဓီရာမိုရ်ရဲ့ Vocal ပိုင်းထက် သူ့ရဲ့ Music Arrangement ပညာကို အဓိကထား နားဆင်ခံစား ပြီး မြန်မာ့ Traditional Instrumental တွေရဲ့ အသုံးတည့်မှုနဲ့ အနှစ်သာရရှိမှုကို ဂရုပြု တန်ဖိုးထားတတ် လာစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။ ။