Lifestyle

Hope For Children ပရဟိတအသင်းရဲ့ သံတမန်ခန့်အပ်ခံရတဲ့ နန်းဆုရတီစိုး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

Hope For Children,Hope For Peace Myanmar ဆိုသော ပရဟိတ လူမှုရေးအသင်းရဲ့ ၂နှစ်ပြည့်အခမ်းအနားနှင့် ဂုဏ်ထူးဆောင် သံတမန်အဖြစ် သရုပ်ဆောင် အဆိုတော်နန်းဆုရတီစိုးကို ခန့်အပ်တဲ့ အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်နေ့က Sky Star Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အဖွဲ့အစည်းဟာ မြန်မာနိုင်ငံ မိဘမဲ့ကလေးငယ်များနှင့် ကျောင်းနေအရွယ် ကလေးငယ်များ၊ အသက် ၅နှစ်အောက်ကလေးငယ်များ သေဆုံးမှုလျော့ချရေးနှင့် ဆင်းရဲနွမ်းပါးချို့တဲ့ ကလေးငယ်များအတွက် ရည်ရွယ်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ Hope For Children, Hope For Peace Myanmar အဖွဲ့အစည်းရဲ့ CEO ဦးချစ်ထိုက်က အဖွဲ့အစည်းမှာပါဝင်ကြမယ့် မော်ဒယ်လ် ၊ သရုပ်ဆောင်နဲ့ အဆိုတော်များကို မိတ်ဆက်ပေးပြီး နန်းဆုရတီစိုးကို သံတမန်အဖြစ် ခန့်အပ်ရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောပြခဲ့ပါတယ်။

ဒီနှစ်အတွက် သံတမန်အဖြစ် ခန့်အပ်ခံရတဲ့ နန်းဆုရတီစိုးက“ Hope For Children အဖွဲ့နဲ့လည်း အရင်တုန်းက ပရဟိတလုပ်ငန်းတွေ တူတူ လုပ်ဆောင်ဖူးပါတယ်။ ပရဟိတဆိုတာ နန်းဆု ဟိုးအရင်ထဲကလည်း လုပ်နေကျကိစ္စ အခုလည်းဆက်လုပ်ရမယ်ဆိုတော့ လှိုက်လှိုက်လှဲလှဲနဲ့ပဲ လက်ခံဖြစ်သွားတာပါ။ ပြီးတော့ ကလေးလေးတွေ အတွက်ဆိုတော့ ပိုပြီး လုပ်ပေးချင်ပါတယ်။ နန်းဆု အရင်ထဲက နယ်အနှံ့ကို သီချင်းသွားဆိုခဲ့တုန်းက အဲဒီမှာရှိတဲ့ ကလေးငယ်တွေနဲ့လည်း နွေးနွေးထွေးထွေး အမြဲတမ်း သီချင်းဆိုပြခဲ့ဖူးတယ်။ အရုပ်တွေ၊ သူတို့ စားချင်တဲ့ မုန့်တွေဝယ်ကျွေးတယ်။ ကလေးတွေက နိုင်ငံရဲ့ အနာဂတ်ဖြစ်လို့ ပညာတတ်တွေဖြစ်စေဖို့ ကျောင်းတက် ချင်အောင်လို့ ကလေးတွေကို စည်းရုံးလှုံဆော်ပေးတယ်။ ကျန်းမာရေးနဲ့ပတ်သက်တာတွေလည်း ပြောပြပေးခဲ့တဲ့ အခေါက်တွေရှိတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

ယခုနောက်ပိုင်း အနုပညာရှင်များဟာ ပရဟိတလုပ်ငန်းများမှာ အားတက်သရော ပါဝင်ဆောင်ရွက်လာကြတဲ့အပေါ် နန်းဆုက “ ကလေးငယ်တွေက အနုပညာရှင်တွေကို ချစ်ပါတယ်။ နန်းဆုတို့ အနုပညာရှင်တွေ ပါဝင်တဲ့ အတွက်ကြောင့် ကလေးတွေလည်း ပီတိဖြစ်မယ်၊ ပျော်မယ် ၊ ဒါ့အပြင် အဲဒီအနုပညာရှင်ရဲ့ပရိသတ်တွေကပါ အားတက်သရော ပါဝင်လာနိုင်ကြပါတယ်” လို့ ဆက်ပြီး ပြောပြပါတယ်။

နန်းဆုရတီစိုးက ဒီအဖွဲ့အစည်းနဲ့အတူတူ ကလေးငယ်တွေ ဖွံ့ဖြိုးရေးနဲ့ကလေးငယ်များသေဆုံးမှုလျော့ချရေးနဲ့ ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းနေနိုင်အောင် စတဲ့ အခန်းကဏ္ဍများမှာ ပါဝင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Hope For Children တွင် ယခင်နှစ်များက အဆိုတော်ဖြူဖြူကျော်သိန်းနဲ့ တင်မိုးလွင်တို့ကို သံတမန်အဖြစ် ခန့်အပ်ပေးခဲ့ပြီးလည်းဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading