သန်လျင်မြို့ မြမြင့်မိုရ်ဟိုတယ်အရှေ့မှာ ပြုလုပ်ထားတဲ့ ဒေါင်းမင်းဥယျာဉ်ဖွင့်ပွဲကို မနေ့က ညနေ (၅) နာရီမှာ ကျင်းပခဲ့ပါတယ်။ ကားလမ်းဘေးမှာ ရှိတာမို့ လမ်းသွားလမ်းလာတွေလည်း ဝင်ရောက်လည်ပတ်ဖို့ အဆင်ပြေတဲ့နေရာဖြစ်ပါတယ်။ ဖွင့်ပွဲမှာ shining silver star အဖွဲ့မှ ကလေးငယ်များက သီချင်းများ အကများဖြင့် ဖျော်ဖြေခဲ့ပြီး ဆည်းဆာအဖွဲ့ လူရွှင်တော်များမှလည်း ဟာသပြက်လုံးများဖြင့် ဖျော်ဖြေခဲ့ ကြပါတယ်။
“ပန်းခြံကို အစကတော့ ပန်းခြံရယ်လို့ဖြစ်လာဖို့ အစီအစဉ်မရှိပါဘူး။ ရှေ့မှာပိုနေတဲ့မြေလေးကို မြက်ခင်းလေးစိုက်ထားရင် ကောင်းမယ်ဆိုပြီး မြက်ခင်းလေးစိုက်ရင်းကနေ ပန်းကလေးတွေပါရင် ကောင်းမယ်ဆိုပြီး ပန်းကလေးတွေထပ်စိုက် အဲဒီကနေမှ အရုပ်ကလေးတွေပါရှိနေရင်ဆိုပြီး အရုပ်ကလေးတွေထပ်လုပ်နဲ့ ဒီလိုပန်းခြံကလေးဖြစ်လာတာပါ”လို့ တာဝန်ရှိသူက ဆိုပါတယ်။
ဒေါင်းမင်းဥယျာဉ်ဆိုတဲ့အတိုင်း အဝင်ဝမှာ ဒေါင်းရုပ်နှစ်ခုကို ထားရှိထားပါတယ်။ ဥယျာဉ်ဟာ သိပ်မကျယ်လှပေမယ့် ပန်းပင်များ အရုပ်များ ထိုင်ခုံများကို သူ့နေရာနှင့်သူ ထားရှိတာမို့ အတန်ငယ်ကျယ်ဝန်းတယ်လို့ ထင်ရပါတယ်။ ပန်းခြံသန့်ရှင်းရေးနဲ့ လာရောက်လည်ပတ်သူများ အနှောင့်အယှက်မဖြစ်စေရန်အတွက်ကိုတော့ ပန်းခြံထဲမှာ အစားအသောက်ယူဆောင် စားသောက်ခွင့်မပြု၊ အမှိုက်မပစ်ရ၊ ပန်းမခူးရ၊ ဆူညံခြင်းမပြုရ၊ စက်ဘီး ဆိုင်ကယ်မစီးရ စတဲ့စည်းကမ်းချက်များ ထားရှိပါတယ်။
ချစ်စရာကောင်းတဲ့ အသွင်အပြင်ကြောင့် စဖွင့်တဲ့နေ့မှာပဲ ဓာတ်ပုံရိုက်သူများ လာရောက်ကြည့် ရှု လည်ပတ်သူများနဲ့ စည်ကားခဲ့ပါတယ်။ ရှုခင်းကအတော်လှတာမို့ သူငယ်ချင်းတွေ အဖွဲ့လိုက် ဓာတ်ပုံရိုက်ကြတာပဲဖြစ်ဖြစ်၊ တစ်ယောက်တည်းအပျင်းပြေသွားတာမျိုးပဲဖြစ်ဖြစ်၊ မိသားစုလိုက် သွားတာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။