မြန်မာနိုင်ငံမှာ မိန်းမလျာဇာတ်ရုပ်များကို ဟာသအဖြစ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရှိပေမယ့် ယောကျာ်ချင်း ချစ်ကြိုက်တဲ့ အတည်အတံ့ ရုပ်ရှင်ကားမျိုးကတော့ မရှိသေးပါဘူး။ ဒါပေမယ့် ပရိသတ်တွေကို အမြဲတမ်း တွေးစရာတွေနဲ့ သမားရိုး ကျပုံစံထဲက ထိုးဖောက်ပြီး ဇာတ်လမ်းတွေကို ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ ညိုမင်းလွင်ကတော့ “မေထုန်ရာသီဖွား” လို့ နာမည်ပေးထားတဲ့ အမျိုးသားချင်း ချစ်ကြိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းကို စတင်ရိုက်ကူး ပုံဖော်တော့မှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကကလည်း မြန်မာပရိသတ် တော်တော်များများ လက်ခံပေးနိုင်ဖို့ လွယ်ကူတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ပါဘူး။ အဓိက ဒီဇာတ်လမ်းမှာ သရုပ်ဆောင်မယ့် အမျိုးသား သရုပ်ဆောင်နှစ်ယောက် အနေနဲ့ဆိုရင် ဝေဖန်မှုတွေကို ခံရနိုင်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားကြီးမှာ သရုပ်ဆောင်မယ့် မင်းသားနှစ်ယောက် ကတော့ ပရိသတ်များသိရှိပြီး ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပြီး အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက သွားရောက် နေထိုင်နေတဲ့ ဥက္ကာမင်းမောင် ဖြစ်ပါတယ်။
ဥက္ကာမင်းမောင်နဲ့ အတူ ပါဝင် သရုပ်ဆောင်မယ့် မင်းသား နောက်တယောက်ကတော့ ငြိမ်းချမ်းကျော်ဖြစ်ပြီး မင်းသမီးကတော့ အေးမြတ်သူ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ပထမ လျာထားတဲ့ သရုပ်ဆောင် မင်းသားက သရုပ်မဆောင်ဖြစ်တဲ့အတွက် ဥက္ကာမင်းမောင်က ဝင်ရောက် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေတဲ့ကြားထဲက ဘယ်လို သရုပ်ဆောင်ဖြစ်သွားသလဲ စတာတွေနဲ့ ပတ်သက်ပြီး ဥက္ကာမင်းမောင်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ဒီဇာတ်ကားကို ဘာကြောင့် လက်ခံရိုက်ကူးဖြစ်တာပါလဲ။
ဖြေ ။ ။ ဒီဇာတ်ကားက ပထမဆုံး ဇာတ်လမ်းဆန်းတယ်၊ ပြီးတော့ လုပ်ကွက်လည်းရှိတယ်။ နောက်ပြီး သူရဲ့ ကာရိုက်တာ၊ ဂေး ကာရိုက်တာက အရင် မြန်မာရုပ်ရှင်တွေမှာ ရှိခဲ့ပေမယ့် ဒီကားကတော့ တကယ့်ကို အတည်ပေါက် ရိုက်ကူးမယ့်ကားလေ။ နောက်ပြီး အပြင်လောကမှာလည်း ဒီလိုမျိုးလူတွေ အများကြီး ရှိပါတယ်။ ဒီလိုလူတွေ အများကြီးကို ကိုယ်စားပြုပြီး သရုပ်ဆောင်ရမှာလေ။ ပညာပေးသဘောမျိုးလည်း ပါတယ်။ နောက်ပြီး အချစ်တခုမှာ ယောကျာ်ရယ်၊ မိန်းမရယ် မဟုတ်ဘဲ ယောကျာ် ယောကျာ်ခြင်း ရှိတယ်၊ မိန်းမ မိန်းမခြင်းလည်း ရှိတယ်။ ဒါမျိုးတွေက နိုင်ငံခြားကားတွေမှာတော့ ရှိတယ်လေ၊ မြန်မာကားတွေမှာတော့ သိပ်မရှိသေးဘူးလေ။ ဒီကားလေး ကြည့်ပြီး တဦးတယောက်အပေါ် နားလည်သွားရင် ကိုယ်တွေလည်း ဒီကားရိုက်ရတာ အကျိုးရှိပါတယ်။ ဒါကြောင့် ကျနော်ရိုက်ဖြစ်တာပါ။
မေး ။ ။ ဇာတ်လမ်းကရော ဘယ်လိုပုံစံမျိုးပါလဲ၊
ဖြေ ။ ။ ဇာတ်လမ်းကတော့ အကုန်လုံး တည်ထားပြီးပါပြီ၊ ဒါပေမယ့် ဇာတ်လမ်းကိုတော့ ကျနော် ဖွက်ထားချင်ပါသေးတယ်။ ဒီကားမှာ ကျနော်က ယောကျာ် ယောကျာ်ခြင်း ကြိုက်တယ်၊ နောက် အေးမြတ်သူနဲ့ အိမ်ထောင်ကျသွားတယ်။ ကျန်တာကတော့ နောက်ပိုင်းမှာ ဆက်ကြည့်စေချင်ပါတယ်။
မေး ။ ။ ဒီဇာတ်ကား ရိုက်ကူးတော့မယ့်အခါ ကိုယ့်အတွက် စိန်ခေါ်မှုတွေက ဘာတွေဖြစ်လာမလဲ။
ဖြေ ။ ။ အခုက ဒီဇာတ်ကား ရိုက်မယ်ဆိုတော့ အားပေးတဲ့သူတွေရော၊ အားမပေးတဲ့လူတွေရောက နှစ်ဖက်ဖြစ်သွားတယ်။ Facebook ပေါ်မှာလည်း ပြောဆိုမှုတွေက ရှိလာတယ်။ ကျနော်တို့ ဆိုရင်လည်း စိန်ခေါ်မှုတွေက ရှိလာတယ်။ ဒါပေမယ့် ကျနော်တို့ ဒါကို ဘယ်လို ပုံဖော်မလဲ ဆိုတာကပဲ အရေးကြီးတာပေါ့။ ဝေဖန်မှုတွေ အပေါ်မှာလည်း ကျနော် ဘာမှ မတုံ့ပြန်ပါဘူး။ ဒီကားကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ။
မေး ။ ။ ဒီဇာတ်ကား ရိုက်ကူးတဲ့အတွက် ကိုယ့်အပေါ် ပုဂ္ဂိုလ်ရေးအရပါ အထင်အမြင်လွဲမှာမျိုး စိုးရိမ်မှုရော မရှိဘူးလား။
ဖြေ ။ ။ အဲဒါတော့ ကျနော် မစိုးရိမ်ပါဘူး။ ဒါက ကျနော် အချိန်တော်တော်ကြာမှ ပထမဆုံးပြန်ရိုက်တဲ့ကား၊ ကျနော်ရဲ့ Image ကို ထိခိုက်နိုင်လားဆိုရင် လူတွေကတော့ ပြောမှာပဲ၊ နိုင်ငံတော် အကြီးအကဲတွေတောင် အပြောခံနေရတဲ့ အချိန်မှာ ကျနော်တို့လို ဘာမဟုတ်ဘဲ လူတွေ အပြောခံရမှာ မဆန်းပါဘူး။ ဝေဖန်ကဲ့ရဲ့တာတော့ နေရာတိုင်းမှာ ရှိပါတယ်။ မေထုန်ရာသီဖွားလို့ ဆိုတဲ့အတွက် မေထုန်ရာသီဖွားတိုင်းက ဂေးလို့ ပြောနေတာ မဟုတ်ပါဘူးး။ ဒီကားကြည့်လို့ အကုန် ဂေးဖြစ်သွားမယ် ဆိုတာလည်း မဟုတ်ပါဘူး။ လူတိုင်းသည် သူ့ရဲ့စိတ် သူ့ရဲ့ခံယူချက်နဲ့ သွားကြတာပါ။ ဒီကားသည် ဗုဒ္ဓဘာသာကို စော်ကားနေတာလည်း မဟုတ်ပါဘူး။ ဘာသာရေးကို စော်ကားတာလည်း မဟုတ်ပါဘူး တကယ့်တကယ် ကျနော်တို့ အသက်ကြီးသွားတဲ့အခါ အဲဒီလူသည် လူ့လောကကြီးအပေါ် ဘယ်လောက် အကျိုးပြုခဲ့သလဲ၊ ဘယ်လောက်အထိ ကူညီခဲ့လဲ၊ ကိုယ့်ကြောင့် လူတွေ ဘယ်လောက်အထိ ပြောင်းလဲခဲ့သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ ဒါကြောင့် ကျနော်သည် မြန်မာပြည်က Gay တွေ၊ Lesbian တွေကို ကိုယ်စားပြုနိုင်တယ်။ သူတို့ရဲ့နောက်ကနေ ရပ်တည်ပေးနိုင်တဲ့အတွက် ကျနော်ကတော့ ဂုဏ်ယူစွာနဲ့ကို ရိုက်ပါတယ်။
မေး ။ ။ ဒီဇာတ်ကားမှာ ထူးထူးခြားခြား ဇာတ်ဝင်ခန်းတွေရော ပါလာနိုင်မလား။
ဖြေ။ ။ဒီဇာတ်ကားမှာ ယောကျာ်အချင်းချင်း မသင့်တော်တာဖြစ်မယ့် ဇာတ်ဝင်ခန်း တခန်းမှ မပါပါဘူး။ ယောကျာ်ခြင်း ကြိုက်တယ်ဆိုတဲ့ အချစ်နဲ့သံယောဇဉ်ကိုပဲ ပြမှာပါ။ ကလေးတွေ၊ မိဘတွေ၊ အဘိုးအဘွားတွေနဲ့ ကြည့်လို့ မသင့်တော်တာတွေ တခုမှ မပါဝင်ပါဘူး။ ဒါက အချစ်တခုကို ရိုက်ပြတဲ့အတွက် ပညာပေး သဘောပဲ ပါတာပါ။ ရုံတင်တာကတော့ ဘယ်တော့တင်မလဲ မသိသေးဘူး။
မေး ။ ။ ဒီဇာတ်ကားကို ရိုက်ကူးတဲ့အတွက် ဝေဖန်မှုတွေကြောင့် နောင်တချိန်မှာ နောင်တ ရလာတာမျိုးရော ဖြစ်လာမိမှာ မစိုးရိမ်မိဘူးလား။
ဖြေ ။ ။ ကျနော် ဘယ်အလုပ်ကိုမဆို လုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးရင် နောင်တ မရတတ်ပါဘူး။ ကောင်းသည် ဆိုးသည်ကို သတ္တိရှိစွာနဲ့ ရင်ဆိုင်ဖို့အသင့်ပါပဲ။ ဟိုမှာလည်း ဒါမျိုးတွေ အများကြီးပါပဲ၊ သူတို့ဆီမှာ ဂေးတွေအတွက် လူချင်းတန်းတူ အခွင့်အရေးရှိတယ်။ သူတို့ကို ကာကွယ်ပေးတဲ့ ဥပဒေတွေရှိတယ်။ သူတို့ကို ဟိုနိုင်ငံမှာလည်း ဆန့်ကျင်တဲ့သူတွေ အများကြီးးပါပဲ။ ဒါပေမယ့် သူတို့ကို ပေါ်တင်ပြောလို့တော့ မရဘူးပေါ့။ သူတို့ကို ကာကွယ်ပေးထားတဲ့ ဥပဒေတွေ ရှိတာကိုး။