Red Dot ရဲ့ ၁ သောင်းမြောက် ဆိုင်ပိုင်ရှင်နဲ့အတူ တနှစ်ပြည့်အခမ်းအနားကို မနေ့က ရန်ကုန်မြို့Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း ငွေပေးချေမှုဆိုင်ရာ နည်းလမ်းသစ်များနဲ့ ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ red dot ဟာ လုပ်ငန်းကာလအတွင်း အောင်မြင်မှုများအကြောင်းနှင့် တနှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့တာပါ။ လက်ရှိမှာ မြန်မာနိုင်ငံအနှံ့အပြားမှာလည်း ဆိုင်အရေအတွက်ပေါင်း ၁ သောင်းအထိရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ message ပေးပို့ခြင်းနှင့် VoIP operator ဖြစ်တဲ့ viber နဲ့ ပထမဆုံးအစီအစဉ်အဖြစ် လုပ်ငန်းချင်း ပူးပေါင်းပြီး သုံးစွဲသူများကို Viber Out ဝန်ဆောင်မှုတွေပေးနေပြီဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။
viber out ဟာ viber မသုံးသူများရဲ့ ကြိုးဖုန်းများ၊ မိုဘိုင်းဖုန်းများကိုလည်း ခေါ်ဆိုနိုင်မှာဖြစ်ပြီး ပြည်တွင်းခေါ်ဆိုမှုများသာမက ပြည်ပဖုန်းခေါ်ဆိုမှုများကိုလည်း ဈေးနှုန်းသက်သက်သာသာဖြင့် ခေါ်ဆို နိုင်မှာလည်းဖြစ်ပါတယ်။
Viber Out ကို သုံးစွဲနိုင်ဖို့အတွက် ဘဏ်ကဒ် (သို့မဟုတ်) credit ကတ် လိုအပ်ပေမယ့် ငွေသားကိုပဲ သုံးစွဲလေ့ရှိတဲ့ မြန်မာနိုင်ငံသားများအတွက် အခက်အခဲဖြစ်နေတဲ့အတွက် red dot ဆိုင်ခွဲများမှာ ငွေဖြည့်သွင်းပြီး Viber Out Account ကို အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ Red Dot ရဲ့ ၉၉၉၉ (ကိုးထောင့်ကိုးရာကိုးဆယ့်ကိုး)ဆိုင်မြောက် ဆိုင်ပိုင်ရှင်နှင့် ၁၀၀၀၀ (၁သောင်း)မြောက် ဆိုင်ပိုင်ရှင်တို့ကိုလည်း ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပါတယ်။
Red Dot ကို ၂၀၁၄ ခုနှစ် မေလမှာ စတင်တည်ထောင်ပြီး မြန်မာနိုင်ငံအတွင်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ စတင်ခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းများစတင်ချိန်မှစပြီး မြန်မာနိုင်ငံအခြေစိုက် Red dot ဟာ ဝန်ထမ်းဦးရေ (၃၀၀) ပါဝင်တဲ့အသင်းတစ်ခုနဲ့ ဖွဲ့စည်းထားပြီး မြန်မာပြည်သူများရဲ့လိုအပ်ချက်များနဲ့ ကိုက်ညီအောင် ဖန်တီးထားတာလည်းဖြစ်ပါတယ်။