ဂီတပရိသတ်များကြားမှာ လတ်တလော ရေပန်းစားပြီး လူကြိုက်များနေတဲ့ သီချင်းဆိုပြိုင်ပွဲကတော့ Myanmar Idol အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်က အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဂီတဝါသနာရှင် လူငယ်တွေကို Myanmar Idol က သွားရောက် ရွေးချယ်ထားတာဖြစ်ပြီး ဒီအစီအစဉ်မှာ အကဲဖြတ်ဒိုင်များအဖြစ် အဆိုတော် မေဆွိ၊ ချမ်းချမ်းနဲ့ ရဲလေး တို့က ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
အခုဆိုရင် ဒီအစီအစဉ်မှာ အနယ်နယ်အရပ်ရပ်က ရွေးချယ်ခံရတဲ့ Golden Ticket ပိုင်ရှင် ပြိုင်ပွဲဝင်အဆိုရှင် အယောက် ၈၀ ကျော်ထဲက ဆန်ကာတင် အယောက် ၄၀ ကို ရန်ကုန်မှာ ရွေးချယ်ပြီးတဲ့အထိ ထုတ်လွင့်ပြသပြီး ဖြစ်ပါတယ်။ Myanmar Idol Winner အဖြစ် နောက်ဆုံးမှာ တယောက်ကို ရွေးချယ်မှာဖြစ်ပြီး အဲဒီအချိန်အထိ ဆန်ကာတင်အနေနဲ့ အဆင့်ဆင့် ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ဒိုင်တဦးအဖြစ် ပါဝင်ဆောင်ရွက်ပေးနေတဲ့ အဆိုတော် ရဲလေးက “ကျနော်တို့ ဒီ အစီအစဉ်လေးက မန္တလေးမြို့မှာ လူရွေးချယ်ပြီးတဲ့ နောက်ပိုင်း ကြည့်ရှုနှုန်းက အရမ်းတက်လာတယ်။ အခု အယောက် ၄၀ ဆန်ကာတင်ကို ရွေးပြီးသွားတဲ့အခါ နောက်ထပ် အယောက် ၂၀ ထပ်ရွေးမယ့် အစီအစဉ်ကို ရောက်လာပါပြီ အဲဒီကမှ အဆင့်ဆင့် ရွေးချယ်သွားမှာပါ” လို့ ပြောပါတယ်။
သူက ဆက်လက်ပြီး “ပရိသတ်အကြိုက်နဲ့ ဒိုင်ရွေးချယ်တာ မတူညီတဲ့အခါက ဒါက Myanmar Idol ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ စကားလုံး ပီသမှုတွေမှာ မကိုက်ညီတဲ့အခါ ကျနော်တို့ဘက်က ပယ်လိုက်တာတွေ ရှိပါတယ်။ ဒါက ဒိုင် ၃ ယောက်စလုံး သေချာတိုင်ပင်ပြီးမှ ဆုံးဖြတ်တာပါ။ ဒိုင် ၃ ယောက်လုံးအပြင် အပေါ်မှာ ပရိုဂျူဆာတွေလည်း ရှိသေးတယ်။ သူတို့နဲ့လည်း ထပ်တိုင်ပင်ပြီးမှ ရွေးချယ်တာပါ။ အခုနောက်ဆုံး တွေ့ရမယ့် Winner က လူအေယောက် ၁၀၀ လောက်က ရွေးချယ်လိုက်တဲ့ သူပဲ ဖြစ်မှာပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဒီပြိုင်ပွဲ လူရွေးချယ်တဲ့အခါ အကဲဖြတ်ဒိုင်များနဲ့ ပတ်သက်လို့ ဝေဖန်သံများ အပေါ်ကိုလည်း အဆိုတော် ရဲလေးက ဆက်လက်ပြီး “ကျနော်တို့ ၃ ယောက်ကို အကဲဖြတ်ဒိုင်အဖြစ် ရွေးတယ်ဆိုတာကလည်း MNTV ဘက်က Myanmar Idol Group ကြီကပဲ ရွေးတာပါ။ သူတို့ ဘာ စံချိန်စံညွှန်းနဲ့ ရွေးလဲဆိုတာကတော့ မသိဘူးပေါ့။ ကိုယ့်ကိုကိုယ်လည်း အမွှန်းမတင်ချင်ပါဘူး။ လူပေါင်း မြောက်မြားစွာထဲက သူတို့ရွေးတာပါ။ သူတို့ ဘာကြိုက်လို့ ရွေးတာလဲတော့ မသိပါဘူး။ အသက်ငယ်တာတော့ မတတ်နိုင်ဘူးပေါ့။ အတွေ့အကြုံ့အရဆိုရင် ကျနော်က ဂီတမှာ ၁၂ နှစ် နီးပါး ရှိပါပြီ။ အန်တီ မေဆွိဆိုရင် နှစ် ၅၀ ရှိပြီလေ။ သူတို့ယုံကြည်မှုနဲ့ ရွေးတာပါ။ သူတို့်ကလည်း အနုပညာရှင် အယောက် ၁၀၀ ထဲက ၃ ယောက် ပြန်ရွေးထားတာလို့ သိရပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
Myanmar Idol အစီအစဉ်ကို ဖေဖော်ဝါရီလဆန်းမှာ စတင်ပြီး Live ပြသသွားတော့မှာ ဖြစ်ပြီး Grand Final ပြုလုပ်မယ့် ဧပြီ ၈ ရက်နေ့အထိလို့ သိရပါတယ်။ Myanmr Idol အစီအစဉ်ကို အပတ်စဉ် သောကြာနေ့ ည ၉ နာရီအချိန်တိုင်း MNTV ကနေ ထုတ်လွင့်ပြသနေတာ ဖြစ်ပါတယ်။