တေးရေးဆရာ ဆောင်းဦးလှိုင် ရေးသားပြီး အဆိုတော် နီနီခင်ဇော် သီဆိုထားတဲ့ “မျှော်လင့်ချက်တစုံတရာ” ဆိုတဲ့ တေးသီချင်းဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ရေးသားထားကြတယ် ဆိုတာ အားလုံးလည်း သိပြီးဖြစ်မှာပါ။
ဒီတေးသီချင်းဟာ ပရိတ်သတ်အကြားအတော်လေးရေးပန်းစားခဲ့သလို ဒီသီချင်းကို သီဆိုခဲ့သူ အဆိုတော် နီနီခင်ဇော်ဟာလည်း ဒီသီချင်းနဲ့ပဲ ပရိတ်သတ်အားပေးမှု ပိုမိုရရှိလာကာ ဆုတွေတော်တော်များများလည်း ရရှိခဲ့ဖူးပါတယ်။
ဒီတေးသီချင်းကို တေးရေးဆရာ ဆောင်းဦးလှိုင်ရေးတယ်။ အဆိုတော် နီနီခင်ဇော်သီဆိုတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွတ်အနစ်နာခံမှုကို ရည်ရွယ်ရေးသားထားတယ်။ ဒီလောက်အကြောင်းအရာလောက်ပဲ အများက သိရှိထားကြတာပါ။
သို့ပေမယ့် ဒီတေးသီချင်းရဲ့ နောက်ကွယ်က အဖြစ်အပျက်လေးတခုကိုတော့ တေးရေးဆရာ ဆောင်းဦးလှိုင်က သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ ပြီးခဲ့တဲ့ အချိန်အနည်းငယ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ၎င်းတို့ အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံနဲ့အတူ အကြောင်းအရာတချို့ကို ရင်ဖွင့်ရေးသားထားတာတွေ့ရပါတယ်။
အဲ့ဒါကတော့ —–
အမေစုရဲ့ ခြံအမှတ် ၅၄ မှာ
ကျနော်နဲ့ အမေ နောက်ဆုံး ဆုံတွေ့ခဲ့သည့်
လွန်ခဲ့သော (၂) နှစ်ခန့်ကပုံဖြစ်ပါသည်။
ထိုနေ့က ကျနော့်ရဲ့မျှော်လင့်ချက်တစုံတရာ
သီချင်းလက်ရေးမူ၊ရေးသားရခြင်းရည်ရွယ်ချက်များ
ကို အမေစုတောင်းဆိုသဖြင့်ပေးအပ်ခဲ့ပြီး၊
ကျနော့်အသံဖြင့် မျှော်လင့်ချက်တစုံတရာ
သီချင်းအား အမေစု iPad အတွင်းသိမ်းဆည်းရန်
အမေ့ဆန္ဒများဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။
လာမည့်လွှတ်တော်အသစ်များနှင့်အစိုးရအသစ်တို့
တွင်အမေနဲ့ပြည်သူအများမျှော်လင့်ချက်တွေ
တစ်ထပ်တည်းကျ၍ အားလုံးတက်ညီလက်ညီဖြင့်
တိုင်းပြည်ပြန်လည်ထူထောင်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။
ကျနော့်တွင်အထက်ပါကိစ္စများအတွက်ပူပင်သောက
မရှိပါ။ ကျနော်ဟာ မည်သည့်အခြေအနေမျိုးမှာမဆို
တိုင်းပြည်နှင့်အများပြည်သူအတွက်ကူညီနိုင်သမျှ
ကူညီသွားရန် ကိုယ်၏ခွန်အား၊ စိတ်၏စွမ်းအားများ
အဆင်သင့်ဖြစ်နေသောကြောင့်ဖြစ်ပါသည်။
လေးစားစွာဖြင့်
ဆောင်းဦးလှိုင်
၂၈၊၁၊၂၀၁၆