မြန်မာ့ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ MPT ရဲ့တစ်နိုင်ငံလုံးသို့ 3G ကွန်ရက် ချဲ့ထွင်လိုက်ကြောင်း ကြေညာတဲ့ပွဲကို ဇန်နဝါရီ၂၈ ရက်နေ့ မနက် (၁၀)နာရီက mpt ရုံးမှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ မြန်မာနိုင်ငံနယ်မြေဧရိယာ ၉၀%ကျော် 3G ကွန်ရက်ကို သုံးစွဲနိုင်မှာဖြစ်ပြီး မတ်လကုန်မှာ ၉၅%အထိ သုံးစွဲနိုင်ရန်ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာသုံးစွဲသူ ၁၈ သန်းကျော်ရှိနေပြီလို့လည်း တာဝန်ရှိသူက ရှင်းပြပါတယ်။
လက်ရှိတည်ဆောက်ထားတဲ့ MPT မိုဘိုင်းတာဝါများမှာ 2.1GHz လှိုင်းအပြင် 900MHz ကိုပါ 3G စနစ် တပ်ဆင်ပြီး mpt ရဲ့ 3G ကွန်ရက်ကို ပိုမိုကျယ်ပြန့်လာအောင် ပြုလုပ်မှာဖြစ်ပါတယ်။
ကွန်ရက်အသစ်ဖြန့်ကျက်ခြင်း အထိမ်းအမှတ်အဖြစ် MPTမှ prepaid နဲ့ postpaid သုံးစွဲသူတွေအားလုံးအတွက် 3G 9+ အထူးအစီအစဉ်ကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဒီနေ့ ဇန်နဝါရီလ (၂၉) ရက်နေ့မှ ဖေဖော်ဝါရီလ (၉)ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး ကြိုတင်ငွေဖြည့်စနစ် သုံးစွဲသူများက ကျပ် (၁၀၀၀၊ ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀) ဖိုးနဲ့အထက် ငွေဖြည့်တိုင်း အပိုထပ်ဆောင်းငွေများ ရရှိမှာဖြစ်ပါတယ်။ အပိုထပ်ဆောင်းငွေကို အစီအစဉ်အတွင်း ငွေဖြည့်ခဲ့တဲ့ရက်ကနေပြီး (၁၅) ရက်အတွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
MPTရဲ့အင်တာနက်ကို အသုံးပြုတဲ့နေရာမှာ အင်တာနက်လိုင်းပိုမိုကောင်းမွန်စေဖို့အတွက် sim card ကို slot 1 မှာ ထည့်သွင်းအသုံးပြုဖို့ကိုလည်း တာဝန်ရှိသူက ပြောကြားသွားပါတယ်။ “အသုံးပြုသူတွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေ တတ်နိုင်သမျှပေးဖို့က ကျနော်တို့အတွက် အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ ရှေ့သို့လှမ်းချီ မြန်မာပြည်ဆိုတဲ့ ကျနော်တို့ရဲ့ရည်မှန်းချက်နဲ့အညီ ကွန်ရက်တွေချဲ့ထွင်သွားဖို့က ကျနော်တို့အမြဲတမ်း ဦးစားပေးထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီးခုချိန်မှာ တိုင်းပြည်လူဦးရေရဲ့ ၉၀% ကျော်ကို 3G ကွန်ရက်တွေ ပေးနိုင်ခြင်းဖြင့် ပထမမှတ်တိုင်ကို စိုက်ထူလိုက်ပါပြီ။ မတ်လမှာ လူဦးရေရဲ့ ၉၅% ကို ကွန်ရက် အသုံးပြုနိုင်အောင် ပြုလုပ်ပေးတော့မှာဖြစ်လို့ MPT ဟာ လက်ရှိသုံးစွဲသူ (၁၈) သန်းကျော်နဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာနေရာမှာ ရှိနေတယ်ဆိုတာ သက်သေပြပြီးသားဖြစ်ခဲ့ပါပြီ” လို့ MPT- KSGM Joint Operation ရဲ့ Chief Commerical Officer ဖြစ်သူ Mr. kiochi Kawase က ပြောကြားခဲ့ပါတယ်။