မြန်မာနိုင်ငံရဲ့ပထမဆုံး ပုဂ္ဂလိက ဆေးတက္ကသိုလ် ဖွင့်လှစ်မယ့် သတင်းနှင့် စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့အထက်ပန်းဆိုးတန်းလမ်းရှိ Victoria University Collage (VUC) တွင် မနေ့က နေ့လည် (၁) နာရီမှာ ကျင်းပခဲ့ပါတယ်။ ဒီ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဘဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
အဆိုပါ မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိက ဆေးတက္ကသိုလ်ကို Victoria Oxford Medical University(VOMU) လို့ အမည်ပေးထားပါတယ်။
အဲ့ဒီနောက်မှာတော့ VUC (Victoria University Collage )ကျောင်းအုပ်ကြီး ဒေါက်တာနေဝင်းနိုင်က နိုင်ငံတော်က ဖွင့်လှစ်ထားတဲ့ ဆေးတက္ကသိုလ် (၆) ခုရှိကြောင်း၊ ယင်းဆေးတက္ကသိုလ်များကလည်း အရေအတွက်ကန့်သတ်ပြီးမှ လက်ခံသင်ကြားနိုင်သဖြင့် မြန်မာနိုင်ငံလူဦးရေနဲ့ အချိူးမျှသော ဆရာဝန်အရေအတွက် ပေါ်ပေါက်စေဖို့နဲ့ နိုင်ငံတကာ အဆင့်မြင့်နည်းပညာ အသုံးချ ဆေးပညာ သင်ကြားခွင့်ရစေရန်အတွက် ပထမဆုံး ပုဂ္ဂလိကဆေးတက္ကသိုလ်ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Oxford Myanmar Medical Collage မှ ဒေါက်တာဝင်းနိုင် (UK) က ယခုဖွင့်လှစ်မယ့် ပုဂ္ဂလိက ဆေးတက္ကသိုလ် VOMU (Victoria Oxford Medical University) မှာ သင်ကြားပေးမယ့် MBBS ဘွဲ့ဆိုင်ရာ ဘာသာရပ်များအကြောင်း အသေးစိတ်တင်ပြခဲ့ပါတယ်။
ခုချိန်မှာတော့ ဆေးပညာအဆင့်မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မလေးရှားနိုင်ငံ MAHSA University နှင့် ပညာရေးပူတွဲစာချုပ်ချုပ်ဆိုပြီးဖြစ်သဖြင့် ၂၀၁၆ ဇွန်လကုန်မှာ စတင်ဖွင့်လှစ်သင်ကြားမှာဖြစ်ကြောင်း သိရပါတယ်။
ကျောင်းတက်ချိန်ကာလအနေနဲ့ ၆ နှစ်တက်ရောက်ရမှာဖြစ်ပါတယ်။ ကျောင်းလခအနေနဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်အတွက်ကတော့ တစ်လကို ကျပ်လေးသိန်း (သို့မဟုတ်) လေးသိန်းခွဲ ကျသင့်မှာဖြစ်ပြီး တတိယနှစ်ကနေ နောက်ဆုံးနှစ်ထိကိုတော့ တလကို ခြောက်သိန်းကျပ်နဲ့အထက် ကျသင့်မှာဖြစ်ပါတယ်။
ပညာသင်ဆု(scholarship)နဲ့ ပတ်သက်ပြီးတော့လည်း ဆယ်တန်းမှာအမှတ်ကောင်းခဲ့ရုံနဲ့ ပေးမှာမဟုတ်ဘဲ ၎င်းတို့ဆီမှာ အခြေခံတက်ပြီး ထူးချွန်သူကိုသာ ပညာသင်ဆုပေးမှာဖြစ်တယ်လို့ သိရပါတယ်။