Lifestyle

အဲဒီစီးရီး ၂ ခု စလုံးကို နှလုံးသားနဲ့ တီးခဲ့ကြတာပါ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပန်းချီ၊ တေးရေး၊ တေးဆို အနုပညာရှင် ကိုခင်ဝမ်း ကွယ်လွန်ခဲ့တာ ၁၆ နှစ်ပြည့်တော့မှာ ဖြစ်သလို သူရေးသားဖန်တီး သီဆိုခဲ့တဲ့ ပထမဆုံး တေးစီးရီး “နှင်းဆီဖြူရဲ့ အဝေးက လူတယောက်” ဟာလည်း အခုဆိုရင် နှစ်ပေါင်း ၃၈ နှစ် ရှိပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကိုခင်ဝမ်းလည်း မရှိတော့သလိုဘဲ “နှင်းဆီဖြူရဲ့ အဝေးက လူတယောက်” နဲ့ “ပြည်မှာဆောင်း” တေးစီးရီး ၂ ခုမှာ ပါဝင်တီးခတ်ခဲ့တဲ့ ကိုသန်းဦး (တေးရေး- စစ်အိမ်)၊ ကိုမိုးဇက်၊ ကိုမော်စီ၊ ကိုအောင်သင်းမြင့် အစရှိသူတွေဟာလည်း လူ့လောကကို စွန့်ခွာသွားခဲ့ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဟိုစဉ်က ကိုခင်ဝမ်းနဲ့ အတူ သူတို့ပါဝင်ခဲ့ကြတဲ့၊ လှုပ်ရှားခဲ့ကြတဲ့ အခြေအနေ အကြောင်းလေးတွေကို သိရအောင် အဲဒီ စီးရီး ၂ ခုမှာ ကိုယ်တိုင် ပါဝင်တီးခတ် Arrangement လုပ်ခဲ့တဲ့ ကိုအောင်မြတ်ထွန်းကို ဧရာဝတီ သတင်းဌာနက ရန်ပိုင်က ဆက်သွယ်မေး မြန်းထားပါတယ်။

မေး။ ။ ကိုအောင်မြတ်ထွန်း အနေနဲ့ ကိုခင်ဝမ်းရဲ့ ပထမဆုံးစီးရီး “နှင်းဆီဖြူရဲ့ အဝေးက လူတယောက်” နဲ့ ဒုတိယဖြစ်တဲ့ “ပြည်မှာဆောင်း” စီးရီး ၂ ခုကို တာဝန်ယူပြီး Arrangement လုပ်ပေးခဲ့တယ်ဆိုတော့ အဲဒီတုန်းက အကြောင်းလေးတွေ ပြောပြပါဦး။

ဖြေ။ ။ အဲ့ဒီတုန်းကအကြောင်း ပြန်ပြောရရင် တကယ်တော့ “နှင်းဆီဖြူရဲ့ အဝေးက လူတယောက်” စီးရီးကို ကိုခင်ဝမ်းရဲ့ ညီ အငယ်ဆုံး ကိုဝင်းထွန်း (ယခု ဂျပန်နိုင်ငံတွင် နေထိုင်သူ) က ဆိုဖို့ပါ။ ကိုခင်ဝမ်းကတော့ တေးရေး သက်သက်ပဲ။
ကိုခင်ဝမ်းရဲ့ ညီ ကိုဝင်းထွန်းနဲ့ ကျနော်က သူငယ်ချင်းပါ၊ ကိုခင်ဝမ်းကိုလည်း ကိုဝင်းထွန်းတို့ ခေါ်သလို ကိုကိုလို့ပဲ ကျနော်က ခေါ်ပါတယ်။ တနေ့တော့ ကျနော်တို့တွေ စုပြီး တီးကြခတ်ကြရင်းနဲ့ စီးရီးထုတ်ရအောင်လို့ ကိုဝင်းထွန်းက တိုင်ပင်သလို ကိုခင်ဝမ်းကလည်း ငါ သီချင်းတွေရေးမယ်၊ ပြီးရင်တော့ ငါတို့စပြီး တီးကြမယ်လို့ ပြောတော့ ကျနော်ကိုယ်တိုင်လည်း ဖန်တီးရတာ ဝါသနာပါတဲ့အတွက် ကောင်းတယ် လုပ်ပေါ့။ ကိုဝင်းထွန်းကလည်း လေ့ကျင့်တယ်၊ နေ့တိုင်းနေ့တိုင်း ညဆိုရင် ထမင်းစားပြီးတာနဲ့ ကျနော် ကိုခင်ဝမ်းဆီကို သွားတယ်၊ သီချင်းတိုက်တယ်။ မနက် ၄ နာရီ လောက်မှ အိမ်ပြန်တယ်။

ကိုဝင်းထွန်းနဲ့ “နှင်းဆီဖြူရဲ့ အဝေးက လူတယောက်” အတွက် သီချင်းတိုက်နေတုန်း တနေ့ ကိုဝင်းထွန်းတို့ အမျိုးတွေပါတဲ့ ဂျပန်အရိုးကောက်အဖွဲ့ မြန်မာပြည်ကို ရောက်လာတယ်။ အဲဒီမှာ ကိုခင်ဝမ်းတို့အဖေ ဦးအောင်ခက ကိုဝင်းထွန်းကို အရိုးကောက်အဖွဲ့တွေ အပြန် ဂျပန်ကို ထည့်လိုက်ချင်တယ် ဆိုတော့ ကိုဝင်းထွန်းလည်း ဂျပန်ကို လိုက်သွားရမယ်။ အဲဒီမှာပဲ ကိုခင်ဝမ်းကိုယ်တိုင် ဆိုရတဲ့ အစီအစဉ်ဖြစ် သွားတော့တာပါပဲ။

အဲဒီနောက် ကိုခင်ဝမ်းနဲ့ ၂ ယောက်သား Arrangement လုပ်တာပေါ့။ ကိုခင်ဝမ်းကလည်း ငါ ဒီနေရာလေးမှာ ဘယ်လို ပုံစံလေး လိုချင်တယ်၊ ဒီနေရာမှာ ဒီလိုလေး ထည့်ချင်တယ်ပြောရင် ကျနော်လည်း ကိုယ်နိုင်သလောက် စဉ်းစားပြီး လက်လှမ်းမှီသလောက် လုပ်ပေးတယ်။

အဲဒီ စီးရီး ၂ ခုလုံးမှာ သီချင်းအပုဒ်တိုင်း ကျနော် Arangement လုပ်တာပါ။

မေး ။ ။ အဲဒီစီးရီးတွေ လုပ်ဖြစ်ခဲ့တာ ဘယ်နှစ်ခုနှစ်လောက်က ဖြစ်မလဲ။

ဖြေ ။ ။ “နှင်းဆီဖြူရဲ့ အဝေးက လူတယောက်” ရော၊ “ပြည်မှာဆောင်း” ပါ ၁၉၇၈ ခုနှစ်ထဲမှာပဲ အပြီး လုပ်ခဲ့တာပါ။ “နှင်းဆီဖြူရဲ့ အဝေးက လူတယောက်” က ၁၉၇၈ ခုနှစ် မေလ ၄ ရက်နေ့ မေ စတူဒီယိုမှာ အသံသွင်း (Recording) တယ်၊ တညလုံးနီးပါး တီးတယ်၊ မနက် ၄ နာရီလောက်မှ ပြီးတယ်၊ ၉ နာရီလောက်မှ ပြည်ကို ပြန်ကြတယ်။ ဒါတွေ မှတ်မိတယ်။

စိုင်းထီးဆိုင်ရဲ့ “အိပ်စက်အနားယူပြီ” စီးရီးအပြီးမှာ ကိုခင်ဝမ်းရဲ့ “နှင်းဆီဖြူရဲ့ အဝေးက လူတယောက်” စီးရီး ထွက်တာပါပဲ။

အဲဒီတုန်းက ကျနော်တို့ ပြည်မြို့လေးမှာတော့ ကိုခင်ဝမ်း သီချင်းတွေကို သိပ်မသိကြဘူး၊ နောက်ပိုင်းကျမှ ကြိုက်လာကြ၊ သိလာကြတာ။ ဒါပေမယ့် မော်လမြိုင်တို့၊ ပုသိမ်တို့မှာတော့ အဲဒီအချိန်ကတည်းက တော်တော်လေးကို နားထောင်တယ်လို့ ပြောကြတယ်။

ဒုတိယစီးရီး “ပြည်မှာဆောင်း” ကို ၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ ဦးဘသိန်း စတူဒီယိုမှာ အသံသွင်းပါတယ်။
ပထမ စီးရီးမှာကတည်းက သီချင်း တော်တော်များများ တီးထားတဲ့အတွက် “ပြည်မှာဆောင်း” ကို သိပ်မကြာခင် လပိုင်း အတွင်းမှာ လုပ်နိုင်ခဲ့ပေမယ့် Recording ကိုတော့ နှစ်ခါပြန်ပြီး အသံသွင်းခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ကောလိပ်နေ့ရက်များ၊ တစိမ်း၊ ညကောင်းကင်ရဲ့ တေးသမား စတဲ့ သီချင်း တော်တာ်များများကို ကျနော်တို့က Hollow ဂစ်တာတွေနဲ့ တီးပြီး အသံသွင်းပြီးသား။ အဲဒီနောက် ပြည်ကိုပြန်လာတော့ လူတော်တော်များက ဘာလို့ Hollow နဲ့ တီးရတာလဲဆိုပြီး အကြံပေး သုံးသပ်ပြတဲ့အခါ နှစ်ပတ်အတွင်းမှာ Eletric ဂစ်တာတွေနဲ့ ပြန်တီးကြရပါတယ်။

အဲဒီအတွက် နောက်တကြိမ်ကတော့ မေ စတူဒီယိုမှာ ပြန်သွင်းပါတယ်။ အဲဒါလေးကတော့ အမှတ်တရပေါ့။

မေး ။ ။ ကိုခင်ဝမ်းရဲ့ ပထမဆုံး စီးရီး “နှင်းဆီဖြူရဲ့ အဝေးက လူတယောက်” မှာ တီးခတ်ပေးတဲ့ Rainbow Bridge Band (သက်တံ တံတား) အဖွဲ့ကို ဘယ်လိုစုစည်းခဲ့လဲ၊ ဘယ်သူတွေပါပြီး၊ ဘာတွေတီးခတ်ကြပါသလဲ။

ဖြေ ။ ။ Rainbow Bridge အဖွဲ့မှာ ကျနော် (ကိုအောင်မြတ်ထွန်း) က Lead ၊ ကိုအောင်သင်းမြင့်က Bass ၊ နောက် သူ့ညီ မော်စီက Rhythm ၊ ဒရမ်ကတော့ သန်းဦး (တေးရေး- စစ်အိမ်)၊ ကိုချစ်မြဝင်းက ကီးဘုတ်တီးပါတယ်။

စီးရီးထုတ်မယ် ဆိုကတည်းက ဒီလူတွေကို ကျနော်ကပဲ စုစည်းပါတယ်။ တကယ်တော့ ဒီ Band တခုလုံးက တရပ်ကွက်တည်း နေတဲ့သူတွေချည်းကို စုစည်းထားတာပါ၊ သန်းဦးတို့၊ မော်စီတို့ကတော့ အတူတူသွားလာ တီးမှုတ်နေတဲ့ သူငယ်ချင်းတွေဆိုတော့ ယုံကြည်မှုရှိပြီးသားပေါ့၊ ကီးဘုတ် တီးတဲ့ ကိုချစ်မြဝင်းဆိုရင် ကိုခင်ဝမ်းနဲ့ ငယ်သူငယ်ချင်း။ ကျနော်နဲ့လည်း တဝန်းထဲနေတာ၊ အချင်းချင်း အလုပ်လုပ်ရတာ ပိုပြီး ပျော်စရာလည်း ကောင်းတယ်လို့ ယူဆတဲ့အတွက် တရပ်ကွက်တည်းသားတွေနဲ့ လုပ်လိုက်ပါတယ်။

ဒုတိယ စီးရီး ပြည်မှာဆောင်းမှာတော့ ပထမအဖွဲ့သား တချို့ဖြစ်တဲ့ ကိုမော်စီတို့၊ ညီအစ်ကိုနဲ့ ဒရမ်တီးမယ့် ကိုသန်းဦး (တေးရေး- စစ်အိမ်) တို့ သိပ်မအားလပ်တော့တဲ့အတွက် ကိုခင်ဝမ်း ကိုယ်တိုင် Rhythm တီးတယ်၊ နောက် Bass ဂစ်တာကို ကိုမိုးဇက်က တီးတယ်၊ ဒရမ်ကို ကိုအဟိုက်နဲ့ အစားထိုးလိုက်တယ်။

လူရွေးချယ်မှုနဲ့ ပတ်သက်လို့ ကိုခင်ဝမ်းက ဘာမှ စွက်ဖက်မှု မရှိပါဘူး၊ ကျနော့် သဘောထားအတိုင်းပါပဲ။

ဒီနေရာမှာ တော်တော်လေး အမှတ်ရတာလေးတခုက ကျနော်တို့တွေဟာ အဲဒီအချိန်က ပညာရည်ပြည့်ဝနေတဲ့ တကယ့်ကို ကျွမ်းကျင်တဲ့ ဂီတပညာရှင်တွေ မဟုတ်ပါဘူး။ အရပ်ထဲက သူငယ်ချင်းတွေ စုပြီး လုပ်ကြတာပါ။ အဲဒီတုန်းက ပထမဆုံး သီချင်းသွင်းဖို့ မေ စတူဒီယိုကို ရောက်တော့ ကိုရဲခေါင်က ဘာပြောသလဲဆိုတော့ “တခြားသူတွေ လာပြီး အသံသွင်းရင် Note စာရွက်တွေ အများကြီးနဲ့ လာပြီး တီးတယ်၊ ခင်ဗျားတို့က ဘာမှ မပါတော့ ဘာနဲ့တီးမှာတဲ့လဲ” တဲ့။ ကျနော်က စိတ်နဲ့ပဲတီးမှာပါ၊ စိတ်ထဲမှာ တယောက်နဲ့တယောက် သိနေတယ်လို့ ပြောလိုက်တော့ သူက ရယ်တယ်၊ ကျနော်တို့ဟာ အကြိမ်ကြိမ် လေ့ကျင့်ပြီးဖြစ်သလို တကယ်လည်း ကျနော်တို့ အဲဒီစီးရီး ၂ ခု စလုံးကို နှလုံးသားနဲ့ တီးခဲ့ကြတာပါ။

မေး ။ ။ Rainbow Bridge ဆိုတဲ့ နာမည်ကို ဘယ်သူကပေးတာလဲ၊ ဒုတိယစီးရီး ပြည်မှာဆောင်းမှာရော Rainbow Bridge ပဲလား၊ နာမည်ပြောင်းသေးလား။

ဖြေ ။ ။ Rainbow Bridge (သက်တံ တံတား) ဆိုတဲ့ နာမည်ကို ကိုခင်ဝမ်းကိုယ်တိုင် ပေးတာပါ၊ ဘာကြောင့် ဒီလို သက်တံ တံတားလို့ နာမည်ပေးရတဲ့အကြောင်း ကိုခင်ဝမ်းနဲ့ တိတိကျကျ မပြောဖြစ်ပေမယ့်၊ ကိုခင်ဝမ်းက အရောင်စုံပါတဲ့ သက်တံကို အရမ်းသဘောကျတယ်၊ ဒါကြောင့် ဒုတိယ စီးရီးဖြစ်တဲ့ “ပြည်မှာ ဆောင်း” ရဲ့ မျက်နှာဖုံး (Cover) ကို သက်တံပုံနဲ့ပဲ ပန်းချီ မောင်ဒီ (မျိုးညွန့်) ကို အပ်ခဲ့ပါတယ်။

မေး ။ ။ နှင်းဆီဖြူရဲ့ အဝေးက လူတယောက်နဲ့ ပြည်မှာဆောင်း စီးရီးတွေကို ကိုအောင်မြတ်ထွန်း Arrangement လုပ်တုန်းက အတွေ့အကြုံလေးတွေ အခက်အခဲလေးတွေကို ရှင်းပြပါဦး။

ဖြေ ။ ။ ဒီစီးရီး ၂ ခုမှာ Title သီချင်း ၂ ပုဒ် ဖြစ်တဲ့ နှင်းဆီဖြူရဲ့ အဝေးက လူတယောက်နဲ့ ပြည်မှာဆောင်း သီချင်း ၂ ပုဒ်ကို ဦးတည်ပြောရမယ်ဆိုရင် Arrangement လုပ်တာ တော်တော်ကြာတယ်၊ မကြိုက်လို့ ပြင်ရတာ ခဏခဏပဲ၊ အဓိကကတော့ ကိုယ့်ဖာသာကိုယ် အားမရတာပဲ။ ကိုခင်ဝမ်းကတော့ သဘောကျတယ်၊ မင်းလုပ်တာ အကောင်းဆုံးပဲလို့ ပြောပေမယ့် ကျနော်က လိုသေးတယ်လို့ ထင်တာပေါ့။

နှင်းဆီဖြူရဲ့ အဝေးက လူတယောက်က ကိုခင်ဝမ်းအနေနဲ့ မိန်းကလေးတယောက်ကို တွေ့ပြီး အဲဒီအပေါ်မှာ အခြေခံခဲ့တဲ့ အကြောင်းအရာ ရှိပုံရတယ်။ သူက ရိုမန်တစ် ဆန်ဆန်လေး ဖြစ်ချင်တဲ့အတွက် ကျနော် အတတ်နိုင်ဆုံး ကြိုးစားပြီး Arrangement လုပ်ပေးထားတာပါ။

ပြည်မှာဆောင်း သီချင်းကိုတော့ ကိုခင်ဝမ်းက အင်ထရိုကို Orchestra စတိုင်နဲ့ စချင်တယ်။ ကျနော်လည်း Orchestra ကို အလှမ်းဝေးတယ်၊ အသေးစိတ် မလေ့လာဖူးဘူး။ ဒါပေမယ့် တတ်နိုင်သမျှ ဘီသိုဗင်တို့၊ မိုးဇက်တို့ရဲ့ Orchestra တွေကို နားထောင်တယ်။ ပထမတော့ Introကို လိဒ်ဂစ်တာနဲ့ သွားဖို့၊ နောက်တော့ ကီးဘုတ် ပြောင်းလိုက်တယ်။ အခုလို ပရိုဂရမ် ပါတဲ့ ကီးဘုတ်တွေတော့ မဟုတ်ဘူးပေါ့ဗျာ၊ ဒါပေမယ့် အဲဒီတုန်းကတော့ ကျနော်တို့အတွက် အရမ်းကောင်းနေတာပေါ့။

နောက်တပုဒ်က “ညကောင်းကင်ရဲ့ တေးသမား”၊ ဒီသီချင်းဆိုရင် ကျနော်တော်တော်လေး Arrangment ကို သေသေချာချာ စဉ်းစားရတယ်၊ တော်တော်လေး အချိန်ယူရတယ်၊ အဲဒီတုန်းကတော့ ကျနော်တို့က သုခမိန်လှိုင်ရဲ့ညီ ကိုအောင်လင်း တို့ဆီက တီးဝိုင်းပစ္စည်းတွေ ငှားပြီး လေ့ကျင့်ကြရတယ်။ နောက်ပြီး တရုတ်တ်ဘုံကျောင်းမှာလည်း သွားပြီး အကူအညီ တောင်းပြီး သူ့ကို ကျနော် တီးပြတဲ့အခါကျတော့ “ကိုကို ကြိုက်သလားဆိုတော့ သူကလည်း အေး … ငါကတော့ ကြိုက်တယ်ကွာ ဆိုမှ လက်လွှတ်ကြတာ။

မေး ။ ။ Arrangement လုပ်တဲ့အခါမှာ ကိုခင်ဝမ်းနဲ့ အပြန်အလှန် ဆွေးနွေးရတာ ငြင်းခုန်ရတာရှိလား၊ ဖြည့်စွက် ပြင်ဆင်ရတာတွေရှိလား။

ဖြေ ။ ။ သီချင်းအပေါ်မှာတော့ ကျနော် ဘာမှဖြည့်ပေးရတာ မရှိဘူး၊ Band Arrrangement အပိုင်းကိုပဲ ကျနော် လုပ်ရတာပါ။ ကိုခင်ဝမ်းက သူ့သီချင်းတွေကို အကြမ်း Hollow ဂစ်တာနဲ့ တီးပြီး ကြိုက်ပြီဆိုရင် ကက်ဆက် တိတ်ခွေလေးနဲ့ သွင်းထားတယ်။ ပြီးရင် ကျနော်တို့ အထပ်ထပ် နားထောင်တယ်၊ သီချင်းကော့ဒ်တွေနဲ့ ပတ်သက်ပြီး အယူအဆလေးတွေပေါ့၊ မရှင်းတာရှိရင် ဘယ်လို ရည်ရွယ်ချက်နဲ့ ထည့်ထားလဲ၊ ဒီနေရာမှာ ဒါထည့်ရင် ကောင်းမလား၊ ဒါလေးကတော့ ဒီအပိုဒ်နဲ့ မလိုက်ဘူး၊ ဒါလေးကတော့ ကောင်းတယ်၊ ဒီနေရာမှာ ဒရမ်ကို ဘယ်လို လိုချင်တယ်၊ ဘေ့စ်မှာ ဘယ်လိုပေါ့၊ ဒါတွေအားလုံးက ကျနော်စိတ်ကူး ရသလောက် လုပ်ခွင့်ပေးထားပါတယ်။

အဲဒီတုန်းက ကျနော်က နိုင်ငံခြားသီချင်းတွေ တော်တော်များများ နားထောင်နေတော့ အခုလို ကိုယ်ပိုင်သံစဉ်တွေကို လုပ်လို့ဖြစ်ပါ့မလား၊ ဘယ်လို လုပ်မလဲလို့ တော်တော်လေး စဉ်းစားရပါတယ်။ ကိုယ်ထည့်လိုက်တဲ့ အင်ထရိုတွေ ဆိုလိုတွေနဲ့ လိုက်ဖက်ညီပါ့မလား စိုးရိမ်တယ်။

မေး ။ ။ အခုဆိုရင် ကိုခင်ဝမ်းရဲ့ သီချင်းတွေကို လူလတ်ပိုင်းတွေသာမက လူငယ်ပိုင်း တချို့ကလည်း ကြိုက်နှစ်သက်တယ်၊ အနှစ်သာရ ရှိတယ်ပြောကြသလို၊ ကိုခင်မောင်တိုးကလည်း အမှတ်တရ ပြန်ဆိုတယ်၊ နောက်ပြီး လူမှုကွန်ရက် Facebook ပေါ်မှာတောင် Fan Club ဖွင့်ပြီး လွမ်းကြ၊ သတိရကြဖြစ်နေတဲ့ အနေအထားကို မြင်ရတော့ ကိုခင်ဝမ်းနဲ့ တွဲပြီး ပထမစီးရီး နှင်းဆီဖြူရဲ့ အဝေးက လူတယောက်၊ ဒုတိယစီးရီး ပြည်မှာဆောင်းကို အတီးပိုင်းမှာ ဖန်တီးခဲ့သူတယောက် အနေနဲ့ ကိုအောင်မြတ်ထွန်း ဘယ်လိုခံစားရလဲ။

ဖြေ ။ ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပြည်ပ အသံလွှင့်ဌာနဖြစ်တဲ့ VOA က ကိုခင်ဝမ်းရဲ့ ဒီဇင်ဘာ သီချင်းလေးကို လွှင့်တော့ လွန်ခဲ့တဲ့ နှစ် ၄၀ နီးပါးက ကျနော်ကိုယ်တိုင် Lead ဂစ်တာတီးပြီး Arrangement လုပ်ခဲ့တာလေးကို ကြားရတော့ ကြည်နူးတာပေါ့၊ အခုချိန် ပြန်နားထောင်ကြည့်တဲ့ အခါကျတော့ တော်တော်လေး ကျေနပ်မိပါတယ်။ ဝမ်းသာလည်း သာတယ်။ အဲဒီလို ကိုခင်ဝမ်းရဲ့ သီချင်းတွေမှာ ပါဝင်ပြီး တီးခတ်ရတာဟာ ဘဝတသက်တာမှာ အမှတ်တရပဲလို့ ခံစားရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဲဒီတုန်းက ငါဒီလို တီးခဲ့ရတာပါလားဆိုပြီး တွေးမိတာပါပဲ။

Did you find apk for android? You can find new Free Android Games and apps.
Loading