Lifestyle

ဒီတပတ်အတွက် ကြည့်ချင်စရာ

This article has been converted from Zawgyi One to Unicode

ဒီတပတ်မှာတော့ မြန်မာရုပ်ရှင်ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက် ရန်ကုန်မြို့တွင်းမှာ ရုံတင်နေတဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကားအကြောင်းကို ပြောပြချင်ပါတယ်။ အရင်လို ရုပ်ရှင်တကားပြီးမှ တကား ရုံတင်ပြသတော့မှာ မဟုတ်ဘဲ ရုံပြိုင်စနစ်နဲ့ စတင်ပြသနေပြီဖြစ်လို့ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်တင်လာမယ့်အချိန်ကို စောင့်စရာမလိုတော့ဘဲ ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် ရွေးချယ်ပြီးကြည့်ရှူ့နိုင်တာကြောင့် ပိုပြီး အဆင်ပြေလာပါတယ်။

အခုတပတ် ဇန်နဝါရီ ၂၉ ရက်(သောကြာနေ့)မှာ ရုံပြိုင်တင်လာမယ့် ရုပ်ရှင်ကားကြီးတွေကတော့ “အီဖေကိုယ်တို့ ရွေးကောက်ပွဲ”ရုပ်ရှင်ဇာတ်ကားကြီး နဲ့ “အေဒင်ရဲ့ နတ်သမီး” ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

“အီဖေကိုယ်တို့ ရွေးကောက်ပွဲ” ဇာတ်ကားကြီးမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ သရုပ်ဆောင် ခန့်စည်သူ၊ ဇေရဲထက်၊ ထွန်းထွန်း၊ ညီထွဋ်ခေါင်၊ နန်းမြတ်ဖြိုးသင်းတို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးထား တဲ့ဒါရိုက်တာကတော့  ဒါရိုက်တာ ညီညီထွန်းလွင်ပဲ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးနဲ့ပတ်သက်လို့ သရော်ထားတဲ့ ဇာတ်ကားလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ဒီဇာတ်ကားကြီးကို ပြသဖို့ ရည်ရွယ်ထားပေမယ့်  အကြောင်းကြောင်းတွေကြောင့် ယခုမှ ရုံတင်ပြသဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး လည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် ခန့်စည်သူက လူဆိုးဗိုလ်အဖြစ် ပထမဆုံး သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်သလို မင်းသမီး နန်းမြတ်ဖြိုးသင်းအတွက်လည်း ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ အီဖေကိုယ်တို့ ရွေးကောက်ပွဲ ဆိုတဲ့အတိုင်း ဇာတ်ကားထဲမှာ ဘယ်လိုမဲဆွယ်စည်းရုံးသလဲ၊ ပရိသတ်ကို ဘာတွေများ ပညာသားပါပါ ရိုက်ပြထားမလဲဆိုတာကိုတော့ အီဖေကိုယ်တို့ရွေးကောက်ပွဲ ဇာတ်ကားက ပြောပြသွားမှာမို့ သွားကြည့်သင့်တယ်လို့ ပြောချင်ပါတယ်။

ဒီဇာတ်ကားကို ဇန်နဝါရီ ၂၉ ရက်က စတင်ပြီး ရန်ကုန်မှာ သမ္မတ၊ မင်္ဂလာ(သိမ်ကြီးဈေး) ၊ Junction Maw Tin ၊ Junction Square၊ Top Royal ၊ ရွှေဗဟိုရ် ရုပ်ရှင်ရုံတွေမှာပြသနေတာဖြစ်ပြီး မန္တလေးမှာတော့ ဝင်းလိုက်၊ မြို့ဂုဏ်ရောင်နှင့် နေပြည်တော်မှာတော့ Junction Nay Pyi Taw ၊ အောင်သပြေ၊ ဇေယျသီရီ၊ နယ်မြို့တွေမှာတော့ တောင်ကြီး၊ လာရှိုး၊ ပြင်ဦးလွင်၊ ပုသိမ်၊ ဘားအံ၊ မြိတ် မြို့တွေမှာ တပြိုင်နက် ပြသမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်ထွန်းထွန်းနဲ့ နန်းမြတ်ဖြိုးသင်းတို့က ဇန်နဝါရီ ၃၀ (စနေနေ့) မှာ ပရိတ်သတ်များကို အမှတ်တရ လက်မှတ်ရေးထိုး ပေးသွားမယ်လို့လည်း သိရပါတယ်။

နောက်ထပ်ညွှန်းချင်တဲ့ ဇာတ်ကားတကားကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံးသရုပ်ဆောင်ထားတဲ့ “အေဒင်ရဲ့ နတ်သမီး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။  ဒီဇာတ်ကားကြီးမှာတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူတူ မင်းသမီးငါးယောက်က ပါဝင်အားဖြည့်ထားကြတာဖြစ်ပြီး ပါဝင်တဲ့ အမျိုးသမီးသရုပ်ဆောင်ငါးဦးက ပိုင်ဖြိုးသု၊မေဂရေ့စ်၊ဝင့်ယမှုံလှိုင်၊မာရီကိုးလ်နဲ့ မြနှင်းရည်လွင်တို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်ပေးတဲ့ ဒါရိုက်တာကတော့ မီးပွားဖြစ်ပြီး ဇာတ်လမ်းကတော့ မိုးနီလွင် ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက လူငယ်အကြိုက် အချစ်ဇာတ်လမ်းပုံစံဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ အပြင်က ကာရိုက်တာအတိုင်း အောင်မြင်တဲ့ လူငယ်အဆိုရှင်တဦးရဲ့ ဇာတ်လမ်းပုံစံကို ဖန်တီးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အောင်မြင်တဲ့ လူငယ်အဆိုရှင် အေဒင်က တည ကပွဲတခုမှာ သူစွဲလန်းရတဲ့ မီးငှက်ပုံစံ တတ်တူးထိုးတာသော မိန်းကလေးတယောက်ကို လိုက်ရှာရင်း လူသတ်တရားခံအဖြစ် စွပ်စွဲခံရပြီး ပရိသတ်ကို လှည့်ကွက်များနဲ့ ဖမ်းစားထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံမတင်ခင်ကတည်းက ဒီဇာတ်ကားကြီး အတွက် ရင်ခုန်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူ့ကို ဆယ်တန်းကျောင်းသားတယောက်လို အမှတ်ပေးဖို့ ပြောထားတဲ့ ရုပ်ရှင်ကားကြီးဖြစ်လို့ စိုင်းစိုင်းပရိသတ်တွေ သွားရောက်ကြည့်ရှူ့ပြီး သူရဲ့ သရုပ်ဆောင်မှုကို အကဲဖြတ် အမှတ်ပေးလိုက်ပါဦးနော်။ ဒါ့အပြင့် ဇန်နဝါရီ ၂၉ ရက်နေ့ကနေ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ ဒီဇာတ်ကားကို လာရောက်ကြည့်ရှူ့မယ့် ပရိသတ်တွေကိုလည်း ရှေ့ဆောင်ရုံမှာ ဇာတ်ကားထဲက မီးငှက်ပုံစံ တက်တူး Temporary Tattoo (ယာယီတက်တူး) ကို ထိုးပေးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရန်ကုန် ရှေ့ဆောင်ရုံမှာ ဇန်နဝါရီ ၂၉ ရက်က စတင်ပြသမှာဖြစ်ကာ တောင်ကြီး၊လာရှိုးတို့တွင် ဖေဖော်ဝါရီ ၅ ရက်နဲ့ ပြင်ဦးလွင်၊ဘားအံ၊ ပုသိမ်၊နေပြည်တော်၊ မြိတ်၊ထားဝယ်နဲ့ပြည်မြို့ တို့မှာတော့ ဖေဖော်ဝါရီ ၁၂ ရက် ကစတင်ပြီး ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Loading