အမည် = အောင်ဘုန်းမြတ်
အသက် = ၂၁ နှစ် (သမဝါယမတက္ကသိုလ် နောက်ဆုံးနှစ်၊ သန်လျင်)
ကျနော်ကျောင်းအပြင် HR Defender လုပ်ပါတယ်။ လူ့အခွင့်အရေးတာဝန်ခံတစ်ယောက်အနေနဲ့လည်း Generation Youth မှာ လုပ်ဖူးပါတယ်။ ရွေးကောက်ပွဲကာလတုန်းကတော့ NLD အောင်နိုင်ရေးမှာ ပါခဲ့ပါတယ်။ ခုလက်ရှိမှာတော့ ကျောင်းတက်ရင်းနဲ့ ကျနော်တို့ဖွဲ့ထားတဲ့ ပရဟိတအဖွဲ့လေးနဲ့ပဲ လှုပ်ရှားမှုတွေ လုပ်နေပါတယ်။ ကျနော်တို့ ပရဟိတအဖွဲ့နာမည်က“အဖြူရောင်”ပါ။ မိဘမဲ့ကလေးငယ်များ ကူညီထောက်ပံ့ရေးအသင်းပေါ့နော်။ ကျနော်တို့ကျောင်းသားတွေချည်းပဲ ဖွဲ့ထားတာပါ။ လူကတော့ ၁၅၀ လောက်ရှိပါတယ်။ ခုလက်ရှိမှာတော့ သန်လျင်မှာရှိတဲ့ ဆုတောင်းပြည့်ဆိုတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက မိဘမဲ့ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး အဲ့ကျောင်းမှာပဲ သွားလှူဖြစ်တာ လေးကြိမ်ရှိပါပြီ။ အဖွဲ့ဖွဲ့တာကတော့ (၂) လလောက်ပဲရှိပါသေးတယ်။
ဘာလို့ ကလေးငယ်တွေကို ရွေးရလည်းဆိုတော့ ကလေးငယ်လေးတွေက သူတို့ရင်ထဲမှာ အားငယ်စိတ်လေးတွေရှိတယ်၊ တစုံတခုကို တောင့်တတဲ့စိတ်လေးတွေရှိတယ်ဗျ။ အဲ့လိုစိတ်လေးတွေကို အများကြီးမဖြည့်ဆည်းပေးနိုင်ရင်တောင်မှ တခုမဟုတ်တခု ဖြည့်ဆည်းပေးနိုင်မယ့် အားပေါ့ဗျာ။ ဘာတွေဖြည့်ဆည်းပေးနိုင်မလဲဆိုတော့ အချိန်နဲ့ မေတ္တာပေါ့။ ကျနော်တို့က ကျောင်းသားတွေလည်း ဖြစ်နေလို့ ပိုက်ဆံလည်း သိပ်မရှိကြပါဘူး။ ဒါပေမယ့် တတ်နိုင်တဲ့အင်အားနဲ့တတ်နိုင်တဲ့ဖက်ကနေ ကလေးငယ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ပေးချင်တာပါ။ ခုထိ ကျနော်တို့ လေးကြိမ်လှူပြီးသွားတဲ့အချိန်မှာ ကျနော်တို့အနေနဲ့ ကလေးငယ်တွေနဲ့ပိုပြီး ရင်းနှီးမှုရလာတယ်ဗျ။ သူတို့လည်း ခင်လာကြပါတယ်။ အဲ့ဒီကျောင်းမှာ မိဘမဲ့ တိုင်းရင်းသားကလေးငယ် (၆၉၄) ယောက်ရှိပါတယ်။
အလှူငွေပိုက်ဆံအတွက်တော့ အသင်းဝင်ကြေး ၁၀၀၀ ကောက်ပါတယ်။ နောက်ပြီး ကလေးတွေအတွက် မုန့်ဝယ်ဖို့ကိုတော့ ပိုက်ဆံစုကြပါတယ်။ ပြီးတော့ ကျောင်းထဲမှာလည်း အလှူခံပါတယ်။ အပြင်လောကထိတော့ ခြေမဆန့်ရသေးဘူးဗျ။ အပြင်ကနေ အလှူငွေရခဲ့ရင်တော့ အရင်ဆုံး ကလေးငယ်တွေအတွက် ဆေးပဒေသာပင် လှူပါမယ်။ ဘာကြောင့်လည်းဆိုတော့ ကလေးတွေက များလွန်းတဲ့အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးမှာ အားနည်းတယ်ခင်ဗျ။ ကျနော်တို့အနေနဲ့ အဲ့ဒါကို တတ်နိုင်သလောက် ဖြည့်စွမ်းဖို့အတွက် ကြိုးစားသွားမှာပါ။ ပြီးတော့ ဒီကျောင်းမှာ ရွာနီးချုပ်စပ်က ကျောင်းလာတက်ကြတဲ့ ကလေးငယ်တွေလည်း ရှိတယ်ဗျ။
ဒီအဖွဲ့လေးဖွဲ့ဖြစ်တဲ့ရည်ရွယ်ချက်ထဲမှာ ကျနော့်မေမေဆုံးသွားတာလည်း ပါတယ်ဗျ။ ကျနော်ဆယ်တန်းနှစ်မှာ မေမေဆုံးသွားပါတယ်။ ကျနော်ဆောက်တည်ရာမရဖြစ်ခဲ့တယ်။ ဆယ်တန်းလည်းကျခဲ့တယ်။ အဖေ ရှိနေသေးပေမယ့် အမေမရှိတော့တဲ့အတွက် အားငယ်မှုတစ်ခုဖြစ်ခဲ့ဖူးတယ်။ ကျရှူံးမှုတွေလည်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျနော်ပြန်ကြိုးစားခဲ့ပါတယ်။ အဲ့လိုစိတ်တွေနဲ့ ကိုယ်ချင်းစာမိလို့ ဒီအဖွဲ့လေးကို ဖွဲ့ဖြစ်သွားတာပါ။
ကျနော့်ဝါသနာက အနုပညာပေါ့နော်။ ကျနော် ဓာတ်ပုံတွေရိုက်ရတာလည်း ဝါသနာပါပါတယ်။ စာလည်းဖတ်ဖြစ်ပါတယ်။ ရည်မှန်းချက်ကတော့ ဒါရိုက်တာပေါ့ဗျာ။ ရည်ရွယ်ချက်အောင်မြင်ဖို့အတွက်တော့ ကျောင်းပိတ်ရက်တွေမှာ ကျနော် ရူတင်တွေလိုက်ပါတယ်။ ရှေ့ဆက်ပြီးတော့ ဘဝမှာ လူပီသအောင်တော့ နေသွားဦးမယ်ဗျ။ ကျနော်စိတ်ဝင်စားတဲ့အလုပ်တွေကို လုပ်မယ်။ လူဆိုတာ အခြားသတ္တဝါတွေထက် ပိုတာတစ်ခုက ခံစားမှုလေ။ လူသားအချင်းချင်း စည်းလုံးရိုင်းပင်းဖို့ရှိတယ်ပေါ့နော်။ အဲ့ဒါကြောင့် ကျနော်တို့ လူသားအချင်းချင်း စည်းလုံးရိုင်းပင်းလို့ရသလောက် လုပ်ဆောင်သွားမှာပါ။ ကျနော်တတ်နိုင်သလောက်ပေါ့။
ကိုစောဖိုးခွားရဲ့“ခင်ဗျားက လူကိုလူလို့မမြင်သေးသ၍ ခင်ဗျားလူမဖြစ်သေးဘူး” ဆိုတဲ့စကားကတော့ ကျနော်ရဲ့ ဆောင်ပုဒ်ပါပဲ။
လူငယ်တွေကို စာအုပ်စာပေများများဖတ်ပေးပါ။ လူကိုလူလို့များများမြင်ကြည့်ပေးပါ လို့ပြောချင်ပါတယ်။ အသင်းရဲ့ဆောင်ပုဒ်က “ချစ်ခြင်းအားဖြင့် ကလေးငယ်များ ပျော်ရွှင်ရယ်မောနိုင်ပါစေ” ဖြစ်ပါတယ်။