မြန်မာနိုင်ငံကိုယ်စားပြု Miss များ ၊ Mister များဟာ ပြည်ပပြိုင်ပွဲတွေမှာ အသီးသီး သွားရောက်ယှဉ်ပြိုင်နေကြတာ ယခုဆိုရင် ပရိသတ်သတိထားမိတာတွေရော သတိမထားမိတဲ့ ပွဲတွေရော အများကြီးရှိလာပါတယ်။ Miss ပြိုင်ပွဲများမှာ သွားရောက်ယှဉ်ပြိုင်ကြသူ အများအပြားရှိပေမယ့် အမျိုးသား Mister ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသူများကတော့ အရေအတွက် သိပ်အများကြီး မရှိသေးဘူးလို့လည်း ဆိုရမှာပါ။
ယခုတော့ မေလအတွင်းတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာကျင်းပမယ့် Mister United Continents ပြိုင်ပွဲကို မြန်မာနိုင်ငံက Mister တဦးက ဝင်ရောက်ယှဉ်ပြိုင်ဦးမှာ ဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် Mister ကတော့ Mister Of Myanmar Organization က စေလွှတ်တဲ့ Mister United Continents Myanmar 2016 သူရညီညီ ပဲ ဖြစ်ပါတယ်။
သူရညီညီဟာ အသက် ၂၁နှစ်ခန့်ရှိပြီဖြစ်တဲ့ ရခိုင်တိုင်းရင်းသားလူမျိုးဖြစ်ပြီး အရပ်ကတော့ ၆ ပေ ရှိကာ လက်ရှိမှာတော့ ဆီဒိုးနားဟိုတယ်မှာ ယောဂ ၊ အကနဲ့ Boxing များကို သင်ကြားပြသပေးနေတဲ့ အချိန်ပိုင်း ဆရာတဦးလည်းဖြစ်ပါတယ်။
ပြိုင်ပွဲနဲ့ပတ်သက်လို့ သူရညီညီက “ကျနော့်အနေနဲ့ အခုလေ့လာသင့်တာတွေလေ့လာတယ်။ နောက် နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ လူမှုဖွံ့ဖြိုးမှုတွေကိုလေ့လာတယ်။ ပြိုင်ပွဲမှာလည်း ကျနော့် ရခိုင်တိုင်းရင်းသားဝတ်စုံ တစုံကိုလည်း ဝတ်ဆင်ပြသသွားပါမယ်။
ကျနော် အရင်က မော်ဒယ်လ်အနေနဲ့ ရှိုးပွဲတွေလျှောက်ဖူးပါတယ်။ အခုကျတော့ Mister တယောက်အနေနဲ့ ပြိုင်ပွဲဝင်ဖြစ်တာပါ။ ဘာသာစကားနဲ့ပတ်သက်ရင် ကျနော်က မြန်မာစကားကိုသာ နည်းနည်းဝဲတာ၊ အင်္ဂလိပ်စကားကျတော့ ကျနော်အလုပ်မှာ အမြဲပြောနေရတော့ အဆင်ပြေပါတယ်။ အခက်အခဲ မရှိပါဘူး။ ပြိုင်ပွဲမတိုင်ခင်ကြားထဲမှာ ခန္ဓာကိုယ်ပိုင်းအတွက် Gym ကစားမယ်၊ နိုင်ငံတွေအကြောင်းလေ့လာသွားမယ်” လို့ ဧရာဝတီကိုပြောပြပါတယ်။
သူရညီညီ သွားရောက်ယှဉ်ပြိုင်မယ့် Mister United Continents ကို မနှစ်က မြန်မာကိုယ်စားပြုအနေနဲ့ Mister မုတ်သုန်က သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ဒီပြိုင်ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံတနိုင်ငံရဲ့ လူနေမှုအခွင့်အရေး၊ လူနေမှု အဆင့်အတန်းများကို ၎င်းတို့အနေနဲ့ စစ်ဆေးတဲ့ပြိုင်ပွဲတခုဖြစ်တယ်လို့လည်း သိရပါတယ်။