လတ်တလောမှာ ချစ်စရာ နိုင်ငံခြားသူ မိန်းကလေးငယ်လေးတဦးရဲ့ ဟန်ပန်အမူအရာအပြည့်နဲ့ သီချင်းသီဆိုနေတဲ့ ဗီဒီယိုဖိုင်လေးဟာ … ဆိုတဲ့ ဖေ့ဘုတ်စာမျက်နှာကတဆင့် မြန်မာဖေ့ဘုတ် သုံးစွဲသူများအကြား သူမရဲ့ ချစ်စရာ အမူအရာလေးတွေကြောင့် သဘောကျ နှစ်ခြိုက်လို့ အများအပြား share လာကြ Like လာကြကာ အတော်လေး ပျံ့နှံ့လို့လာပါတော့တယ်။
အသက်အရွယ်နဲ့ မမျှအောင် သွက်လက်တဲ့ အမူအရာလေးတွေနဲ့ သီချင်းမှန်သမျှကို ဟန်ပန်အပြည့်နဲ့ သီဆိုတတ်တဲ့ အဆိုပါ ကလေးငယ်လေးရဲ့ ချစ်စရာအမူအရာကိုသာ ချစ်ခင် နှစ်သက်နေကြ သဘောကျနေကြပေမယ့် သူမရဲ့ ဘဝဇာတ်ကြောင်းကိုတော့ သိသူနည်းပါးကြပါလိမ့်မယ်။
အသက် ၆ နှစ်အရွယ်သာရှိသေးတဲ့ Audrey Nethery ဆိုတဲ့ ကလေးငယ်လေးဟာ အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မှာ နေထိုင်တာပါ။ ဒါ့ထက် Audrey လေးဟာ Diamond Blackfan Anemia ဆိုတဲ့ သွေးကင်ဆာ တမျိုးကို ခံစားနေရသူလည်းဖြစ်ပါတယ်။
အမြဲတမ်းလန်းဆန်းတက်ကြွနေပြီး ဟန်ပန်အမူအရာအပြည့်နဲ့ သီချင်းဆိုနေရရင် ပျော်ရွှင်နေတတ်တဲ့ Audrey ဟာ သူ့ကိုကြည့်လိုက်ရင် သွေးကင်ဆာရောဂါခံစားနေရသူလို့ ဘယ်သူမှတောင် ထင်မှာမဟုတ်ပါဘူး။ Diamond Blackfan Anemia ဆိုတဲ့ ရောဂါဝေဒနာဆိုးကြီးဟာ ခန္တာကိုယ်တွင်းသို့ အောက်ဆီဂျင်ကို သယ်ဆောင်ပေးနိုင်တဲ့ သွေးနီဥတွေကို လုံလောက်စွာ ထုတ်လုပ်မပေးနိုင်တဲ့ ရောဂါဖြစ်တာကြောင့် သူမရဲ့ အသက်အန္တရာယ်ကို အမြဲလိုလို ခြိမ်းခြောက်ခံနေတာပါ။
အဲ့ဒီလို ရောဂါဆိုးကြီးအပြင် Audrey ဟာ မွေးရာပါ နှလုံးမှာအပေါက်ပါခြင်း၊ အာခေါင်ကွဲခြင်း၊ ခန္တာကိုယ်ကြီးထွားမှုနှုန်းနှေးကွေးခြင်းစတဲ့ ရောဂါ ဝေဒနာတွေကိုပါ ခံစားနေရသူလေးပါ။
ဒီလို ရောဂါဝေဒနာပေါင်းများစွာရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ Audrey လေးဟာ သူမ နှစ်သက် သဘောကျတဲ့ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ကခုန်ခြင်းတို့နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူ ပါလို့ သူမရဲ့ ဖခင်ဖြစ်သူ Scott Nethery ကဆိုပါတယ်။
“Audrey ဟာ စိတ်သန်မာသူပါ။ သူမဘဝကို သူမ ကျေနပ်ပျော်ရွှင်နေသူလည်းဖြစ်တယ်။ သူမဟာ ကျနော်တို့ လင်မယားနှစ်ယောက်ရဲ့ အရာအားလုံးအတွက် အရမ်းကို ထူးခြားသူလေးပါ” လို့ ဖခင်ဖြစ်သူ Scott Nethery ကပြောပါတယ်။
DBA (Diamond Blackfan Anemia) ဆိုတဲ့ ရောဂါဖြစ်ပွားနေသူ ၅၀ ရာခိုင်နှုန်းဟာ အပတ်စဉ် ၃ ပတ် ကနေ ၅ ပတ် သွေးသွင်းဖို့ လိုအပ်လေ့ရှိပါတယ်။ Audrey ဟာ အကြိမ် ၂၀ သွေးသွင်းပြီးပါပြီလို့ ဖခင်ဖြစ်သူက ရှင်းပြ ပါတယ်။
Audrey ကြိုက်နှစ်သက်တဲ့ နာမည်ကြီးအဆိုတော်တွေကတော့ Taylor Swift ၊ Bruno Mars တို့အပြင် သူ့ဖခင် ကြိုက်နှစ်သက်တဲ့ The Beatles နှင့် Heavy Metal အဖွဲ့ဖြစ်တဲ့ Iron Maiden တို့ကိုလည်း ဖခင်အမွေ ဆက်ခံတဲ့အနေနဲ့ သူ့အကြိုက်ထဲမှာ ပါဝင်ပါတယ်တဲ့။
သူမ ကခုန်သီဆိုနေတဲ့ သီချင်းဗီဒီယိုဖိုင်ပေါင်းမြောက်များစွာကို ဖခင်ဖြစ်သူ Scott Nethery ဟာ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ အမြဲလိုလို တင်တတ်သလို Youtube မှာလည်း တင်လေ့ရှိပါတယ်။ အဲ့ဒီကမှ တဆင့် သူမရဲ့ဟန်ပန်အမူအရာလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ ပရိတ်သတ်တွေ ကြည့်ရှုသူတွေနဲ့ လူသိများလာ တာပါ။
ဖေ့ဘုတ် ကြည့်ရှုသူ ပရိတ်သတ်များအကြား ရေပန်းစားနေတဲ့ ချစ်စရာ Audrey Nethery ရဲ့ ဗီဒီယိုဖိုင်တချို့ကို ဧရာဝတီ ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
Ref : mirror/scott nethery facebook