လတ်တလော သိပ်မကြာသေးခင်က Facebook လူမှုကွန်ရက်ပေါ်မှာ ARKAR Production ကနေ မြန်မာ နိုင်ငံအကြောင်း “An Untouched Gem” ဆိုတဲ့ မြန်မာနှိုင်ငံရဲ့ အလှတရားတွေကို ဖော်ထုတ် ရိုက်ပြထားတဲ့ ၅ မိနစ်စာ ဗီဒီယိုဖိုင်ဟာ Facebook အသုံးပြုသူတွေကြားမှာ ရေပန်းစား လူကြိုက် များခဲ့ပြီး မကြာသေးခင်ကအထိ Like လုပ်သူ ၄ သောင်းကျော်၊ ကြည့်ရှုသူ ၅ သိန်းကျော်နဲ့ Share လုပ်သူ ဦးရေ ၄ သောင်း ခွဲကျော်ရှိတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ သဘာဝအလှတရားတွေကို ဖော်ထုတ်ရိုက်ကူးပြသထားတဲ့ အသက် ၂၆ နှစ် အရွယ် လူငယ် ဒါရိုက်တာ အာကာကို သူရိုက်ကူး ဖန်တီးထားတဲ့ မြန်မာနိုင်ငံအကြောင်း “An Untouched Gem” ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး သူ့ရှေ့ဆက် လှုပ်ရှားဆောင်ရွက်သွားမယ့် အနုပညာ အကြောင်းအရာတွေကို ဧရာဝတီ သတင်းထောက် သီဟတိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ အွန်လိုင်းပေါ်မှာ မြန်မာပြည်အကြောင်း ရိုက်ထားတဲ့ ဗီဒီယိုဖိုင်လေးကို စပြီး ဖန်တီးဖြစ်ခဲ့ပုံကို ပြောပြပေးပါ။
ဖြေ။ ။ ကျနော်က အဓိကက Landscape တွေပါတဲ့ ဗီဒီယိုတွေ ရိုက်တာ ဝါသနာပါတယ်။ ခရီးတွေ ခဏခဏ သွားဖြစ်တော့ Landscape တွေ ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်တာတွေ ကျနော် ဝါသနာအရ လုပ်တယ်။ အဲဒီလို လုပ်နေရင်းနဲ့ ကျနော့်မှာ ရိုက်ထားတဲ့ Video Footage ကောင်းတာလေးတွေ ကျနော် သိမ်းထားတယ်။ တရက်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့၊ မြန်မာကို ကိုယ်စားပြုတဲ့ ဒီမြန်မာနိုင်ငံက လှတဲ့အရာတွေ ပေါင်းထား ပြီးတော့ ဗီဒီယိုရိုက်မယ်ဆိုတဲ့ စိတ်ကူးလေး ရှိခဲ့တယ်။ ကျနော် Footage တွေ လုံလုံလောက်လောက် ရှိလာတဲ့အခါ ထုတ်မယ် ဆိုတဲ့ စိတ်ကူးရှိတယ်။ အဲဒါ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက စရိုက်ခဲ့တယ်။ နေရာတွေတော့ အပြည့်အစုံ မရှိသေးဘူး။ ကျနော်တို့ သွားဖို့ နေရာတွေ အများကြီး ကျန်သေးတယ်။ ကျနော် ရှိသလောက်နဲ့ပဲ ထုတ်လိုက်တာပါ။
မေး။ ။ ဒီ ဗီဒီယိုလေးကို ၅ နှစ်လောက် အချိန်ယူပြီးတော့ လုပ်ထားတယ် ဆိုတော့ ဒီဗီဒီယိုလေး ဖြစ်လာဖို့ လူအင်အား ဘယ်လောက်ထိ စိုက်ထုတ်ခဲ့ရလဲ။
ဖြေ။ ။ လူအင်အားက ကျနော်တို့ ဒီမှာရှိမှ Arkar Production မှာ လူအားလုံးပေါင်း အယောက် ၂၀ လောက် ရှိတယ်။ ၂၀ လောက်ရှိတာမှ တကယ် ဝင်ရိုက်တဲ့သူက ၁၀ ယောက်လောက် ရှိတယ်။ အဲဒီ ၁၀ ယောက် လုံးကလည်း ဒီလက်ရှိ၊ ပထမ ၂ နှစ်မှာတော့ ၃ ယောက်လောက်ပဲ ရိုက်တယ်။ ကျနော်ရယ်၊ Jason ဆိုတဲ့ တယောက်ရယ်၊ ရဲနောင်ရယ် သုံးယောက်လောက် ရိုက်ပြီးတော့ နောက်ပိုင်း ၃ နှစ်မှာကျတော့ မြန်မာပြည်ကို ပြန်ရောက်လာပြီးတော့ အခါမှာ ဝန်ထမ်းတွေဘာတွေ ခန့်ပြီးတော့ အားလုံး ဝိုင်းလုပ်တဲ့အခါ လူအင်အား ၁၀ ယောက်လောက် ဝိုင်းပါလာတယ်။ ပြီးတော့ အဲဒီဟာတွေက ကျနော်တို့ ရိုက်တဲ့ Documentary Project တွေ ပြီးတော့ Travel Log Project တွေ အားလုံးကို ပေါင်းထားတာ။ ဥပမာ- မေမြို့မှာ ရိုက်ထားတဲ့ Project တွေ ရှိတယ်၊ ပူတာအိုမှာ ရိုက်ထားတဲ့ Project တွေ ရှိတယ်။ အဲဒီ Project တွေ အားလုံးထဲကမှ ကျနော်တို့ စိတ်ကြိုက် အကြီးကြီးတွေချည်းပဲ ပြန်ဆွဲထုတ်ထားတာ။ ဒီဟာကို သီးသန့် ရိုက်ထားတာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ ရိုက်ထားတဲ့ Project တွေ အားလုံးထဲက ကောင်းတာတွေပဲ ပြန်စုထားတာပါ။
မေး။ ။ ဒီ ဗီဒီယိုမှာဆိုရင် မြန်မာအနှံ့မှာ ရှိတဲ့ အထင်ကရ နေရာတော်တော် များများကို ရိုက်ထားတာ တွေ့ရတယ်။ ဒီ ဗီဒီယိုဖြစ်လာဖို့ ခရီးတွေ ဘယ်လောက်ထိ သွားခဲ့ရတယ်ဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ ခရီးတွေ သွားရတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၁၄၊ ၂၀၁၅ မှာမှ ထူးကုမ္ပဏီက ဟိုတယ်တွေ၊ Air Line တွေ၊ ဘဏ်တွေ အဲဒါတွေနဲ့ ပတ်သက်တဲ့ Documentary, Company Profile ကြော်ငြာတွေ ရိုက်ရတယ်။ ခရီးသွားတဲ့ဟာတွေ အများကြီး လုပ်ရတယ်။ ပြီးတော့ ဒီကြားထဲ ပူတာအိုမှာ ရေခဲတောင်တက်တဲ့ လူ ၂ ယောက် ပျောက်သွားတယ်၊ လိုက်ရှာတဲ့အကြောင်း ကျနော်တို့ Documentary သွားရိုက်ရတယ်။ တော်တော်များများပါပဲ။ အဲဒီတုန်းက ရတဲ့ Footage တွေက အခု ပြန်ရိုက်လို့ မရတဲ့ဟာမျိုးတွေ ဖြစ်နေတာပေါ့။ အဲဒါအားလုံးကို အဓိကက အဲဒီအချိန်မှာ အများဆုံး ရိုက်ထားတာပါ။ ပြီးတော့ ကျနော်တို့ ခရီးသွားရင်းနဲ့ အပျော် ရိုက်ထားတာလေးတွေ ရှိတယ်။ တချို့ Music Video လေးတွေ ရိုက်ရင်းနဲ့ ပိုတာလေးတွေ ရှိတယ်။ အဲဒါလေးတွေ ပြန်စုပြီးတော့ ကျနော်တို့ ဒီဗီဒီယိုလေး လုပ်ဖြစ်သွားတာပါ။
မေး။ ။ ဒီဗီဒီယိုက Facebook မှာ ဆိုရင် အရမ်းပျံ့နှံ့နေတယ်။ Like လုပ်တဲ့ သူတွေရော၊ Share လုပ်တဲ့ သူတွေရော အများကြီး ဖြစ်နေတယ်ဆိုတော့ အဲဒီအပေါ်ကိုကော ခံစားချက်လေး ပြောပြပေးပါဦး။
ဖြေ။ ။ အခု လက်ရှိတော့ ကျနော် ၅ နှစ်အတွင်းမှာ တင်တဲ့ ဗီဒီယိုတွေထဲမှာ Like လုပ်တာထက် စာရင် Share လုပ်တာ အများဆုံးရတဲ့ ကျနော်တို့ရဲ့ ဗီဒီယိုလေးပါ။ ပုံမှန်ဆိုလို့ရှိရင် Post တခု လုပ်လိုက်ရင် Facebook မှာ လူတွေကို မြင်အောင် သူတို့က ပိုက်ဆံတောင်းတယ်။ ပိုက်ဆံပေးပြီး Boots လုပ်မှ လူတွေက မြင်တယ် ဆိုတော့ ကျနော် အရင်ဆုံး ဒီဗီဒီယိုလေးကို ပိုက်ဆံမပေးဘဲ ဘယ်လောက်ထိ လူတွေ မြင်နိုင်မလဲ ဆိုပြီးတော့ အရင်ဆုံး တင်ကြည့်တယ်။ တင်ကြည့်လိုက်တဲ့အခါ ကျနော် ပြီးခဲ့တဲ့၂ ရက် (ဇန်နဝါရီ ၂၂ ရက်နေ့) လောက်အထိကို လူတွေ တွေ့တာ 1.7 million ရှိတယ်။ ကျနော် မှန်းထားတာ ဒီဗီဒီယိုက လက်ရှိလည်း ဒီအချိန်မှာ Like & Share အများဆုံး ဖြစ်တယ်။ ပြီးတော့ ကျနော်တို့ Boots လုပ်ထားတဲ့ အတွက် တကမ္ဘာလုံးက လူတွေလည်း ပိုပြီးတော့ မြင်လိမ့်မယ်လို့ ထင်တယ်။
မေး။ ။ ဒီ ဗီဒီယိုကနေ တဆင့် ကမ္ဘာအနှံ့ကလူတွေ မြန်မာနိုင်ငံဆိုတာကို ပိုပြီး သိလာမယ်လို့ ရည်ရွယ် ထားလား။ ဒီဗီဒီယိုကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း တိုးတက်လာမယ်လို့ မျှော်လင့်မိလား။
ဖြေ။ ။ အဓိကကတော့ ကျနော့် စိတ်ကူးလေးရှိတယ်။ ပထမတချက်က ဒီဗီဒီယိုကို ထုတ်လိုက်ရတဲ့ အဓိပ္ပါယ်က အဓိက နောက်ခံက ကျနော် ရေးထားတဲ့ အတိုင်းပဲ။ ကျနော်တို့ အရင်က စင်ကာပူမှာ အလုပ်လုပ်တယ်။ တခြားနိုင်ငံတွေ သွားလည်တဲ့အခါမှာ သူငယ်ချင်းတွေက မေးတယ်။ ဘေးက အသိတွေက မေးတဲ့အခါ ဘယ်နိုင်ငံကလာတာလဲ ဆိုတော့၊ ကျနော် မြန်မာနိုင်ငံကလာတာ၊ မြန်မာနိုင်ငံက ဘယ်မှာလဲ၊ မြန်မာဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းတွေ မေးလာတယ်။ ဒါ အခု နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် တက်လာတဲ့ နောက်ပိုင်း မှာမှ မြန်မာက Hit ဖြစ်လာပြီး လူတွေ စိတ်ဝင်စားလာကြတယ်။ Attention ရလာတဲ့ အခါကျမှ သက်သာ သွားတယ်။ ဟိုးအရင်တုန်းက၊ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကျနော်တို့ စပြီးတော့ စင်ကာပူမှာ စပြီး အလုပ် လုပ်ချိန် တုန်းကဆို မြန်မာက လာတယ်။ မြန်မာက ဘယ်မှာလဲဆိုရင် ကျနော်က မြေပုံကြီး ထုတ်ပြရတယ်။ ဒီနေရာမှာ အိန္ဒိယနဲ့ Thailand ထိစပ်နေတဲ့ နေရာဆိုပြီး ပြမှ နိုင်ငံကြီးက အကြီးကြီး ဘယ်သူမှ မသိကြဘူး။
နောက်ထပ် တခုကကျတော့ အဲဒီအချိန်တုန်းက တခြားနိုင်ငံက မီဒီယာတွေ မြန်မာနိုင်ငံကို လာတယ်။ လာပြီး မြန်မာနိုင်ငံကို လာရိုက်လို့ရှိရင် အားလုံးက Negative Point of View ပဲ သွားတယ်။ သူတို့ဆီက လာလို့ရှိရင် မီဒီယာတွေက အမြဲတမ်း Corruption တွေ များတယ်။ မြန်မာနိုင်ငံဆိုတဲ့ နေရာက ကျန်းမာရေးဆိုလည်း မကောင်းဘူး။ လမ်းတွေလည်း မကောင်းဘူး။ အစားအသောက်တွေ လည်း Safety မဖြစ်ဘူးဆိုပြီး အဲဒီလို Negative Point of View တွေကနေ ဖော်ပြပေးတဲ့ မီဒီယာတွေက ကျနော်တို့ အားလုံး ၈၀ ရာခိုင်နှုန်း လောက် ဖြစ်နေတဲ့အခါ ကျနော်တို့က ပြန်တွေ့နေရတော့ ဟိုမှာ အပြင်မှာ ထွက်နေတဲ့ မြန်မာ တယောက် အနေနဲ့ ကိုယ့်နိုင်ငံက သတင်းတွေ နိုင်ငံတကာက လူတွေ ကြားမှာ တက်လာတဲ့အခါ ကြည့်လိုက်ရင် မြန်မာနိုင်ငံက တက်လာတဲ့ သတင်းတွေ အားလုံးက Negative Point of View တွေ ဖြစ်နေတယ်။ မှန်တယ်၊ ကျနော်တို့နိုင်ငံက Perfect မဟုတ်ဘူး။ အကောင်းစားကြီး မဟုတ်ဘူး။ အရမ်းဆင်းရဲတဲ့ နိုင်ငံတွေထဲမှာ ပါတယ်။
ဒါပေမဲ့ ဒါကြီးကို ငါတို့ ဆင်းရဲနေတာဆိုပြီး သိမ်ငယ်နေမယ့်အစား ကိုယ်လုပ်နိုင်သလောက်ကို ပြမယ်။ ကြည့်မိတဲ့ လူတွေအနေနဲ့ အနည်းဆုံးတော့ မြန်မာနိုင်ငံကို လာလည်ချင်တယ်ဆိုတဲ့ Percentage အနည်းငယ် ရှိမယ်။ အဲဒီကနေ မြန်မာနိုင်ငံ ဝင်ငွေတွေ အများကြီးရလာမယ်။ အဲဒီကနေမှ မြန်မာနိုင်ငံ အများကြီး တိုးတက်လာမယ်။ ဒီ အတိုင်းကြီး မကောင်းဘူး၊ မကောင်းဘူးဆိုပြီး ဖိထားမယ့်အစား တတ်နိုင်တဲ့ နေရာကနေ ကူညီတာ ပိုကောင်းတယ်။ ကျနော်လည်း အဲဒီလို ခံယူထားတယ်။ ဒီဗီဒီယို ကောင်းလာတာနဲ့ မြန်မာဆိုတဲ့ နာမည်က ကောင်းလာလေ ကျနော်လည်း Effective ဖြစ်တယ်။ လူတိုင်းလည်း ဖြစ်မယ်။ မြန်မာနိုင်ငံရဲ့ အလှဘက် အခြမ်းတွေကိုပဲ သီးသန့် ရိုက်ပြထားတာချည်းပဲ။ မကောင်းတာ တခုမှ မပါပါဘူး။
မေး။ ။ ဒီဗီဒီယိုကို အွန်လိုင်းပေါ်မှာ တင်ပြီးတဲ့နောက်ပိုင်းမှာ အခုဆို အွန်လိုင်းပေါ်မှာ အရမ်း ပြန့်နှံ့နေပြီ ဆိုတော့ ဒီဗီဒီယိုအတွက်ကို Commercial အတွက်သုံးဖို့ဆိုပြီးတော့ ကမ်းလှမ်းလာတဲ့ ကုမ္ပဏီတွေရော ရှိပြီလား။
ဖြေ။ ။ ရှိပါတယ်၊ ကျနော် အခုလောလောဆယ် ၂ ခု ရွေးထားတယ်ပေါ့။ အဲ့ဒီမှာ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ သုံးမယ့်လူတွေဆိုရင် အခမဲ့ ကျနော့်ကို အသိပေးပြီး သုံးလို့ရပါတယ်။ နောက်ပြီးတော့ ကျောင်းသား ကျောင်းသူတွေ နိုင်ငံခြားမှာ မြန်မာနိုင်ငံကို Presentaion လုပ်ချင်တဲ့သူတွေအတွက် အခမဲ့ ပေးသုံး ထားပါတယ်၊ ဒါပေမယ့် ဒီဗီဒီယိုကနေပြီးတော့ စီးပွားရေးပြန်ရှာမယ့်သူ၊ Travel & Tours ကုမ္ပဏီတွေ ဆိုရင်တော့ ကျနော့်ကို ဆက်သွယ် လာပါလို့ ကျနော်ပြောထားပါတယ်၊ ဆက်သွယ်လာတဲ့ သူတွေရှိရင်တော့ ကျနော့်က သူတို့ကို သူတို့ သုံးတဲ့ အပေါ် မူတည်ပြီးတော့ ပြန် Charge လုပ်ပါတယ်။
မေး။ ။ အခု လက်ရှိ ဒီ ရိုက်ကူးမှုနဲ့ ပတ်သက်ပြီးတော့နေ့စဉ် ကိုယ့်ကိုယ်ကိုယ် တိုးတက်မှုရှိအောင် ဘယ်လိုလေ့လာမှုတွေ လုပ်တယ်ဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ နေ့တိုင်း ကျနော်ကြည့်နေကျ ဝက်ဘ်ဆိုဒ် ၄၊ ၅ ခုကိုတော့ ကျနော် နေ့တိုင်း ကြည့်တယ်၊ ပြီးရင် သူများတွေ ရိုက်ထားတဲ့ Vimeo တို့၊ Youtube တို့မှာ ကျနော်ရိုက်ချင်တာနဲ့ တူတဲ့လူတွေရဲ့ Trend တွေကို လိုက်ကြည့်တယ်။ နောက် ကျနော်အရမ်းကြိုက်တဲ့ ဒါရိုက်တာတွေကို လိုက်ကြည့်ပြီးတော့ သူတို့ ဘယ်လို ရိုက်သလဲ၊ သူတို့ရော ဘယ်လိုစခဲ့သလဲ၊ သူတို့ History တွေ သူတို့ရဲ့ Inspriation တွေ အကုန် လိုက်ကြည့်တယ်။ ကျနော် အမြဲတမ်း လိုက်ပြီး လေ့လာတယ်၊ နေ့တိုင်းတော့ ကြည့်ဖြစ်တယ်။ ဒါပေမယ့် ဒီဘက်မှာ အလုပ်များတဲ့ အခါကျရင်တော့ မကြည့်ဖြစ်ဘူးပေါ့၊ Update ဖြစ်တဲ့ ဟာတွေဆိုရင် တခါတလေ Subcribe လုပ်ထားတော့ ကျနော့် အီးမေးလ်ထဲကိုဝင်တယ်လေ။ ဝင်တော့ အဲ့ဒါတွေကို ကျနော့်အချိန်ယူပြီးတော့ ညဘက်တွေမှာ ကြည့်ဖြစ်တယ်။
မေး။ ။ “ဒါရိုက်တာ အာကာ” ဆိုပြီးတော့ ပရိသတ်က အသိအမှတ်ပြု လက်ခံလာတဲ့ ဗီဒီယိုကရော ဘယ်ဗီဒီယို ဖြစ်မလဲ။
ဖြေ။ ။ အဲ့ဒါကတော့ ၂ ခုရှိလိမ့်မယ်။ ကျနော်ထင်တာတော့ “Golden Rock” ဆိုတဲ့ ကျိုက်ထီးရိုး ဘုရားကို ရိုက်ထားတဲ့ ဗီဒီယိုရယ်၊ ပြီးရင် “ပုံရိပ်” ဆိုတဲ့ Music Video ရယ်၊ အဲ့ဒီ ၂ ခု ကတော့ ကျနော့်ကို စပြီး သတိထား မိလာတဲ့ဟာပေါ့။ အဲဒီတုန်းက အဲဒီဗီဒီယိုက အရမ်း Share ဖြစ်တယ်ပေါ့၊ ဘယ်လောက် ကြည့်ဖြစ်လဲဆိုတော့ ကျနော် ဗီဒီယို တင်လိုက်တဲ့အချိန်မှာ လူတွေက အဲဒီ ဗီဒီယိုဖိုင်ကို ဝိုင်းကြည့်တဲ့ အတွက်ကြောင့်မို့လို့ Facebook Log-in တွေတောင် ဝင်လို့မရတော့ဘူးပေါ့၊ Traffic အရမ်းများတဲ့အချိန်မှာ ဝင်လိုက်မရတော့ဘဲ ကျနော် Log-out ဖြစ်သွားဖူးတဲ့ အခြေအနေအထိပဲ။ အဲဒီတုန်းက ဒါ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက၊ အဲဒီတုန်းက Fan Page တွေ ခေတ်မစားသေးတဲ့ အချိန်ဆိုတော့ ကျနော့် Profile ကနေ တင်လိုက်တာ၊ တင်လိုက်တဲ့အခါမှာ အရမ်း လူကြည့်များတဲ့ အခါကျတော့ Facebook က ဟန်းသွားတာတွေ တောင်ဖြစ်ဖူးတယ်။ အဲဒီအချိန်က အဲဒီဗီဒီယို ၂ ခုကတော့ ကျနော် Experiences ဖြစ်ခဲ့တာပေါ့။
မေး။ ။ ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းကြောင်းနဲ့ ရှေ့ဆက်လုပ်မယ့် အလုပ်တွေကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ကျနော် အခု လောလောဆယ်တော့ ၁၀၀ ရာခိုင်နှုန်းတော့ ပြောလို့မရသေးဘူး၊ ၂၀၁၆ အတွင်းမှာ ကျနော် ရုပ်ရှင်ရိုက်ဖို့ရှိတယ်၊ Producer နဲ့ ကျနော်တို့ သဘောတူညီမှု ၈၀ ရာခိုင်နှုန်း လောက်ပေးပြီးပြီပေါ့။ ကျနော် လက်မှတ်ထိုးဖို့ပဲ ကျန်တော့တယ်၊ စာချုပ်တွေဘာတွေ အားလုံး အဆင်သင့်ဖြစ်နေပြီ၊ လက်မှတ် ထိုးပြီးတော့ တကယ် စရိုက်ဖြစ်တဲ့ အခါကျရင်တော့ ကျနော် ဘာရိုက်မယ်ဆိုတာ Public မှာ Release လုပ်မယ်။ အခုအထိတော့ ကျနော် ပြောနိုင်တာက ရုပ်ရှင်ရိုက်ဖို့အတွက် ကြိုးစားနေပါတယ်။ လုံး၀ တရားဝင် ဖြစ်သွားရင်တော့ ဒီသတင်းကို အပြင်ထုတ်မှာပါ။ အခုလက်ရှိကတော့ ကျနော်ဒီလောက်ပဲပြောလို့ရမှာပါ။ ။
ဒါရိုက်တာ အာကာ ရိုက်ကူး ဖန်တီးထားတဲ့ မြန်မာနိုင်ငံအကြောင်း “An Untouched Gem” ဗီဒီယိုဖိုင်လင့်ခ်