Lifestyle

နှင်းဆီဖြူရဲ့အဝေးကလူ၊ ခရမ်းပြာ ဝိညာဉ် နှင့် ဆယ်လ်မွန် ငါးတို့ အပြန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဘဝ၌ မေ့ပစ်၍မရသော အရာ များလှသည်။ ထိုအရာများတွင် ဂီတသမားနှင့် အနုပညာသည် တချို့၏ တခါက“ခရမ်းပြာဆောင်” ပါဝင်သည်။

တခါက ရန်ကုန်မြို့ကြီးရှိ ခရမ်းပြာဆောင်မှာ ဖြစ်သည်။ လွန်ခဲ့သော နှစ် ၂၀ ကျော်၊ ၂၅ နှစ် ခန့်က။ သူတို့ ခရမ်းပြာသားတွေက “ကိုဝမ်း” ဟု လေးစားချစ်ခင်စွာ ခေါ်ကြသည်။ ပြင်ပမှ စာပေ အနုပညာသည်တွေကတော့ “ဝိဇ္ဇာကြီး”ဟု ခေါ်ကြသည့် အဆိုတော် ခင်ဝမ်း၊ သူခွဲခွာသွားသော နှစ်များတွင် ဖေဖော် ဝါရီ ၃ ရက်ဆိုလျှင် တနှစ်တိုးပေပြီ။

တွေးနေစဉ် တိတ်ဆိတ်ခြင်းက လာပြီး စကားပြောလာသည်။ တိတ်ဆိတ်ခြင်း အရပ်မှ အသံပြုလာသည်။ မေ့ပစ်၍ မရနိုင်သောသူ၊ အဆိုတော်၊ တေရေး ဆရာ၊ မော်ဒန် ပန်းချီဆရာ၊ ဝိဇ္ဇာသည် ဖမ်းယူဆုပ်ကိုင်ခြင်းငှာ မစွမ်းနိုင်ပေမယ့် မည်သည့် အရာကမှ ဖျောက်ဖျက်ပစ်ခြင်းငှာ မစွမ်းနိုင်သော အတိတ်မှ အသံတို့ကို ထပ်တခါ ပြုလာသည်။

နားထောင်ကြရအောင်၊ စစခြင်း အသံကားချပ် အဖွင့်မှာပင် ထိုစဉ်က ကိုယ်ပိုင်သံစဉ်ဟုခေါ်ကြသော ဂီတ၏ နှင်းဆီဖြူရဲ့ အဝေးကလူ သည် ချစ်သောသူတယောက်အား ခွဲခွာ၍ ဘဝနောင်ရေးအတွက် အစ်ကိုများရှိရာ ဂျပန်သို့ ထွက်ခွာသွားခဲ့ရသည်။

“ကိုယ် လေယာဉ်ပေါ်မှာ ပြည်မှာဆောင်းကို ရေးဖြစ်တယ်…..၊ ပြန်သင့်….မပြန်သင့်…..ဆုံးဖြတ်ခွင့်မရှိတဲ့ ပြည်မှာဆောင်း…..၊ အနေဝေး…..ရေဝေးမှာ…..ဆုံးရှုံးသွားရတော့မယ့် ပြည်မှာဆောင်း…..” အဲ့ဒီတုန်းက ရှေ့မှာ ဘာဖြစ်မယ် မသိဘူးလေ။

သို့သော် ခေတ်မီမီ ကမ္ဘာသိနှင့် ကြည့်မြင်သော တိုင်းနိုင်ငံတို့၌ အနုပညာရှင်သည် “ရတနာ” ၊ သူ၏ ဦးလေးကလည်း မော်ဒန် ပန်းချီဆရာ၊ ထိုအခါ လာရင်းကိစ္စတို့ခေါင်းစဉ်ပြောင်း၍ သူ လာလမ်းသို့ ပြန်ရမည်။ အနုပညာရှင်က အနုပညာပဲလုပ်ရမည်။ သို့သော် မပြန်ခင် ဥရောပရှိ ပန်းချီပြတိုက်များဆီ လေ့လာရေး သွားခဲ့သည်။ သူ ပြောပြလေ့ရှိသည်။

“ကိုယ်က ပြင်သစ်မှာ ဗန်ဂိုးတို့ ပီကာဆိုတို့ ထိုင်တဲ့ဆိုင်မှာ လက်ဖက်ရည်သွားသောက် ခဲ့သေးတာ”ဟု ရယ်ရင်း ကြွားတာလေ ဟု ပြောတတ်စမြဲ။

ထိုစဉ်က ဥရောပတိုက်၌ အနုပညာ တိုးရစ်တယောက်လို လှည့်လည်သွားလာနေစဉ်ကာလအတွင်း ဆွီဒင်လား၊ ဘယ်နိုင်ငံဟု မမှတ် မိပါ၊ ထိုနိုင်ငံ၌ “ဆယ်လ်မွန်ငါးတို့ အပြန်” သီချင်း ဖြစ်လာမည့် Theme ကို သွားတွေ့သည်။ ကိုဝမ်း တွေ့ခဲ့သည်။

“အဲ့ဒီမှာ လက်ကမ်းကြော်ငြာတခု တွေ့ရတယ်။ ဆယ်လ်မွန်ငါးတွေ ပြပွဲကြော်ငြာ”ဟု သူ အရမ်း စိတ်ဝင်စားသွားသည့် အကြောင်း ကို ပြောပြသည်။

စိတ်ဝင်စားဆို ထိုစဉ်က သူ၏ ချစ်ခရီးအဖော်မွန် နောင်သောအခါ ထာဝရ လက်တွဲဖော် ဒေါ်ခင်လေးမြင့်သည် အဏ္ဏဝါဇီဝဗေဒ ကျောင်းသူ၊ ဒေါ်ခင်လေးမြင့် ထံမှတဆင့် သူ နှစ်သက်စွာ မှတ်သားဖူးခဲ့သော ငါးတွေရဲ့အကြောင်း၊ ဒီဆယ်လ်မွန်ငါးတွေ….။

မိုးဦးရေဆန်….၊ ထိုအခါသမယ၊ ဆယ်လ်မွန်ငါးတို့သည် ပင်လယ်မှ မြစ်ဖျားဆီသို့ သားပေါက်ရန် ပြန်သော ခရီးကာလ၊ ဖော်မဲ့ ဝိဇ္ဇာ တေးတစအား ဆုပ်မိခဲ့ပြီ၊ မောင်မယ်အတူ ဆန်ကာ ပြန်ခဲ့ပြီ။ ဒီကာလ မိုးဦးရေဆန်မှာ…..။

“ဆယ်လ်မွန်ငါးတွေ မြစ်ဖျားဆီ သားပေါက်ဖို့ အပြန်လမ်းမှာ ဒီငါးတွေရဲ့ လောက အဆီးအတားတွေကို မရရအောင် ကျော်ကြ တာ တွေက အရမ်း အတုယူစရာကောင်းတယ်၊ မြစ်ကြောင်းထဲ ဝင်လာပြီဆိုတာနဲ့ ရေတံခွန်နဲ့ နီးတဲ့နေရာတွေမှာ သူတို့ကို ငွေယူပြီး ပြ စားကြတယ်၊ လူတွေ ကြိတ်ကြိတ်တိုး ကြည့်ကြတယ်၊ ကလေးတွေလည်း ပါတာပေါ့၊ တို့နားက ထိုင်းမှာလည်း အဲဒီအချိန်ဆို မဲခေါင်မြစ် တလျှောက်မှာ ပြစားကြတယ်လို့ ကြားဖူးတယ်”

“စစခြင်း မြစ်ရေထက် နည်းနည်းမြှင့်ပြီး ပိုက်တားကြတယ်၊ ရေထဲမှာလည်း ပိုက်အပြည့် ပိတ်ထားတယ်၊ ဆယ်လ်မွန်ငါးတွေ ခုန်ကျော် သွားကြတယ်။ ဆက်ပြီး ရေတံခွန်နားရောက်တဲ့အထိ သူတို့ကျော်သွားနိုင် သလောက်အထိ ပိုက်တွေကို အစဉ်လိုက် မြှင့် ပေးထားကြတယ်။ ငါးတွေကလည်း ကနေသလား မှတ်ရတယ်၊ လှလှပပကို ကျော်သွားကြတယ်”ဟု ဝိဇ္ဖာကြီးက ပြောပြသည်။

မိခင်ငါးများနှင့် ဖခင် ငါးများသည် ဘဝစေရာဆီကို မောင်မယ်အတူ ဆန်ကာပြန်ကြ သကဲ့သို့ ဝိဇ္ဇာမောင်လည်း မကြာခင်မှာ “မယ်”ရှိရာ ပြည်တော်ကို ပြန်ရမည်။

ပါရမီရှင်နှင့် ပါရမီဖြည့်ဖက် တို့သည်လည်း ဘဝ၌ စိန်ခေါ်မှုများနှင့် စကြရမြဲ….။

ဆယ်လ်မွန် ငါးတို့သည်လည်း…..

“ရေတံခွန်နားရောက်တော့ သူတို့တွေ ကမ်းပေါ်ကို တက်ကြတယ်။ ကမ်းစပ်ကျောက်တုံး ကျောက်ခဲတွေ ပေါ်ကနေ တဆင့် ပြီး တဆင့် ခုန်ကာပျံကာ၊ လူးတလှည့် လှိမ့်တလှည့် ရေတံခွန် ထိပ်ဖျားအထိ ဇွဲနဲ့ တက်ကြတာကိုကြည့်ရင် သူတို့စိတ်ဓာတ်ကို လေး စား လည်း လေးစား၊ အားလည်းကျ၊ နောက်ဆုံး ကြောက်တောင်လာတယ်….”

“ဒါနဲ့ ရေတံခွန်ထိပ်ရောက်တော့ ရေထဲပြန်ဆင်းကြ၊ ရှေ့ကိုပြန်ဆန်ကြ၊ ဒီမှာ ရေထဲမှာ အသင့်စောင့်နေတဲ့ ဝက်ဝံတွေရန်နဲ့ တွေ့ရပြန် ရော…..၊ သေသူသေ ရှင်သူတွေ ဆက်ကြ မောင်မယ်အတူတူ ဆန်ကာပြန်ကြပေါ့…..”

ဘဝစေရာ အတူတူပြန်ကြသူတွေ၊ ဘဝစေရာဆီသို့။ ယုံကြည်ရာ လိုက်ခဲ့ကြသည်။

“မြစ်ဖျား သူတို့ ငါးဥချမယ့် နေရာမှာ လူတွေကြိုရောက်နေကြတယ်၊ အဲ့ဒီမှာ ၂၄ နာရီ မီးတွေ လင်းထိန်နေအောင် ထွန်းထား တယ်။ အသံယောင်လို့မှ မထွက်ကြဖို့ ကြိုသတိပေးထားတယ်၊ ရောက်လာပါပြီ….”

မောင်မယ်အတူ ဆန်ကာပြန်ခဲ့၊ ရောက်ခဲ့ကြပြီ…..။

“ရောက်ရောက်ခြင်း ငါးအထီးက ငါးအမကို ပတ်ချာလည်လှည့် ကူးရင်းခပ်ရင်း မီးနေစောင့်ရတယ်၊ ဖြတ်ခနဲ ရေပြင်ပေါ် တက် လာ တဲ့ အသက်မရှိတော့တဲ့ မိခင်ငါးတွေ မျိုးဆက်ကို ချန်ပေးထားခဲ့ပြီး သူတို့ရဲ့ ဘဝဇာတ်သိမ်း သွားပြီ။ ဒီလိုနဲ့ ငါးလေးတွေ ပင်လယ်ပြန်နိုင်တဲ့ အချိန်ရောက်တော့ ငါးထီးတွေက ငါးလေးတွေကို ဘေးက စောင့်ရှောက်ရင်း ပြန်ကြ၊ အလာမှာတုံးက မိခင်တွေ၊ အပြန်မှာတော့ မျိုးဆက်သစ်တွေ၊ နောက်နှစ် မိုးဦးကျတော့ မြစ်ညာဆီ ပြန်ကြပေါ့….”

ဆယ်လ်မွန်ငါးတို့ အပြန် သီချင်းလေးက အဲ့ဒီ ငါးတွေဆီက ရခဲ့တာ…..ဟု ဝိဇ္ဖာဝမ်းက ပြောပြသည်။

အဲ့ဒီအချိန်က ကိုယ်ပိုင်သံစဉ် Original သီချင်းသမားတို့၏ ဘဝများက ဂီတယူတိုးပီးယားထဲတွင် ရှာဖွေကြရင်း လဲကျသေဆုံးကြ၊ ပျောက်ကွယ်သွားကြ၊ အနုပညာရဲ့ ဆယ်လ်မွန်လူငါးများ……။

ကိုခင်ဝမ်း ၏ ပန်းခရမ်းပြာ၊ ကိုနေဝင်း၏ ယာဉ်အမီ ရီရီ ပြုံးပြန်ပါ၊ မွန်းအောင် ၏ စိဉ္စမာဏဉာဏ်၊ ရာပြည့် ၏ တကောင်တည်း ဒါပေမယ့် ခြင်္သေ၊ မန္တလေးက Shell အဖွဲ့၏ Shell အသည်းနှလုံး၊ ခိုင်ထူး ၏ အစောဆုံးပြန်ခဲ့ နှင်းသက်သက်ဝေ တို့သည် ခရမ်းပြာ တွင် နေဆဲ လူများ၊ ခရမ်းပြာ ၏ လူဟောင်းများက ဖန်းတီးခဲ့ကြခြင်း ဖြစ်သည်။

ခရမ်းပြာမှာ နေနေကြဆဲထဲကလည်း ကိုစိုင်း(Guitar Library) တို့၊ ကိုမင်းတို့၊ ကျောက်ပန်းတောင်း ကိုဇော်ဇော်တို့ ၊ ကိုခင်ဝမ်း ၏ Rainbow Bridge ဝိုင်းက ဒရမ်မာဟောင်း ကိုသန်းဦး(တေးရေး စစ်အိမ်) တို့ကလည်း နိုင်ငံတကာအဆင့် ကိုယ်ပိုင်သံစဉ်များကို ကြိုးစားနေကြသော ခရမ်းပြာ ယူတိုးပီးယား နိုင်ငံသားများ ဖြစ်သည်။

ဝိဇ္ဇာဝမ်းရေ ခရမ်းပြာသည် ကျနော်တို့ နှလုံးသားဝိညာဉ်၊ ထို နှလုံးသားဝိညာဉ် တို့၏ လောကဓမ္မတေးသံ တို့သည်လည်း အမတ သေခြင်းမဲ့ပါ။

ဖေဖော်ဝါရီ ၃ ရက်နေ့ ညတွင် အင်ယားကန်ပေါင် တံတားဖြူ၌ ဝိဇ္ဖာ၏ ကောင်းကင်ယံမှ တေးသံတို့ကို ကျွနု်ပ်တို့သည် နှလုံးသား ဖြင့် နားဆင်ခဲ့ရင်ဖြင့် မြင်သိ၊ ထိသိစိတ်တို့မှ ကင်းလွတ်သော ဒြပ်မဲ့ အမတ သေခြင်း၏ အခြားတဖက်မှ တေးသံတို့ကား နှလုံးသား များ ဆီသို့ အတားမဲ့ အဆီးမဲ့ သင့်ထံ ကျွနု်ပ်တို့ထံ အားလုံးထံ…..။ ။

ဆောင်းပါးရှင် နိုင်အောင်စိုး သည် ဂစ်တာသမားတဦး ဖြစ်ပြီး အဆိုတော် ခင်ဝမ်း နှင့်အတူ ရန်ကုန် ခရမ်းပြာ အဆောင်တွင် အချိန် ကာလ ကြာမြင့်စွာ တရင်းတနှီး အတူနေထိုင်ခဲ့သူ တဦးဖြစ်သည်။ ယခု ဆောင်းပါးကို အဆိုတော် ခင်ဝမ်း ကွယ်လွန်ခြင်း ၁၆ နှစ် မြောက် အမှတ်တရ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading