အခုတလော လူပြောသူပြော များလာပြန်တာက ဇီကာ (Zika) ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါပေါ့။ ဒီဗိုင်းရပ်စ်ကို သယ်ဆောင် ကူးစက်စေတာကတော့ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ခြင်ကျား (Aedes aegypti) ရယ်၊ သူနဲ့ မျိုးတူ အကျား မဟုတ်ဘဲ အနက်ပေါ်မှာ အဖြူစက်လေးတွေပါတဲ့ Aedes albopictus တို့ပါပဲ။ သွေးလွန်တုပ်ကွေး၊ Chikungunya နဲ့ Yellow fever စတဲ့ရောဂါတွေဖြစ်စေတာ ဒီခြင်တွေပါပဲ။ မနက်စောစောနဲ့ ညနေပိုင်းတွေမှာ လူကို ကိုက်တာ များတယ်လို့ ဆိုပါတယ်။ သတင်းတခုအရတော့ လိင်ဆက်ဆံတာကနေ ဇီကာ ကူးစက်တာ တယောက်တော့ တွေ့ဖူးပါသတဲ့။ အလွယ်တကူ ကူးစက်ပျံ့ပွားစေတဲ့ ရောဂါလို့ဆိုကြပါတယ်။
ဇီကာ ဘာကြောင့် အရေးကြီးသလဲ
ဇီကာ ရောဂါက ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ရင် စိုးရိမ်စရာပါ။ ဘရာဇီးမှာ ဒီရောဂါက ကပ်အသွင် ပျံ့နှံ့ ဖြစ်ပွားပြီးတဲ့အခါ ရောဂါဖြစ်သူ ကိုယ်ဝန်ဆောင်တွေကနေ ကလေးတွေကို ကူးစက်ပြီး မွေးရာပါ Microcephaly ခေါ်တဲ့ ခေါင်းသေးသေးလေးတွေ ဖြစ်စေတာ တွေ့ခဲ့ကြရလို့ပါ။ အဲဒီ ဦးခေါင်းသေးသေးလေးတွေက မွေးဖွားချိန်မှာ သေဆုံးတတ်သလို အသက်ရှင်နေရင်လည်း ရုပ်ပိုင်း၊ စိတ်ပိုင်း ဖွံ့ဖြိုးမှု ပြဿနာတွေနဲ့ ကြုံရတာပါ။ ဒါကြောင့် ဇီကာ မဖြစ်အောင်၊ တနည်းအားဖြင့် ခြင်ကိုက်မခံရအောင် ကိုယ်ဝန်ဆောင်တွေ အထူးသတိပြုရမှာပါ။
ဇီကာရဲ့ ရောဂါလက္ခဏာတွေ
ဇီကာမှာ ရောဂါ လက္ခဏာ ပြင်းပြင်းထန်ထန် မရှိတတ်ပါဘူး။ ဖျားမယ်၊ ကိုယ်ပေါ်မှာ အနီအစက်အပြောက် အဖိန့်တွေ ထွက်မယ်၊ အဆစ်အမြစ်တွေ ကိုက်မယ်၊ ခေါင်းကိုက်၊ ကိုယ်လက်နာတာတွေဖြစ်မယ်။ ဖြစ်လေ့ အရှိဆုံးကတော့ မျက်စိနာတာ၊ နီတာ(Pink eye or conjunctivitis) ပေါ့။ ရက်အနည်းငယ်ကနေ ၁ ပတ်လောက် အထိသာ ဖြစ်တတ်ပါတယ်။ တချို့မှာ ဘာလက္ခဏာမှ မပြသလို ရောဂါက ဆေးရုံတွေ ဘာတွေ တက်ရလောက်အောင် မပြင်းထန်ပါဘူး။ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့Chikunganya တို့နဲ့ ဖျားတာချင်း ခပ်ဆင်ဆင်ပါပဲ။
ကုရာနတ္ထိ၊ ကာကွယ်လို့ ရ၏
ရောဂါ မပြင်းထန်သလို ကုသစရာ ဆေးလည်း မရှိပါဘူး။ အနားယူ၊ ရေများများသောက်၊ ဖျားနာကိုက်ခဲတွေအတွက် ပါရာစီတမောလောက် ကလွဲပြီး ကျန်တာတွေ သောက်ဖို့မလိုပါဘူး။ ရေကြည်ရေသန့်မှာ ပေါက်တဲ့ ခြင်ကျားနွယ်ဝင် ကိုက်တာကနေ ဖြစ်တာမို့ ခြင်ပေါက်ပွားမှု မရှိအောင် ရေတွေ သိုလှောင်ရင် ဖုံးအုပ်တာ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ပြီး ပိုးလောက်လန်း ရှင်းလင်းရေးလုပ်တာတွေက ရောဂါကာကွယ်တာပါပဲ။ ခြင်ကိုက်မခံရအောင် အဝတ်လုံလုံခြုံခြုံဝတ်၊အဝတ်အစား လွတ်နေတဲ့ နေရာတွေ ခြင်ကိုက်မခံရတဲ့ လိမ်းဆေး Pepellent တွေလိမ်း၊ ပန်ကာလေး ဖွင့်ထား၊ ခြင်ထောင်နဲ့ အိပ်စက်တာတွေက ကာကွယ်ရေးပါပဲ။ ခြင်ဆေးခွေ ထွန်းတာကတော့ လုံးဝမလုပ်သင့်ဘူးပေါ့။
ဇီကာနဲ့ သတိ
တကယ်တော့ ရောဂါအရ ဇီကာ ဖြစ်တာက စိုးရိမ်စရာ သိပ်မဟုတ်ပေမယ့် ကိုယ်ဝန်ဆောင်တွေမှာ ကူးစက်ခံရရင် Microcephly ကလေးတွေ မွေးလာတာကသာ ရေရှည်အတွက် စိုးရိမ်စရာဖြစ်ရတာမို့ ကိုယ်နေထိုင်ရာ ဝန်းကျင်မှာ ဇီကာလို သံသယဖြစ်စရာ အဖျားအနာတွေ ရှိနေရင် မကူးစက်အောင်၊ ခြင်ကိုက်မခံရအောင် ဂရုစိုက်ကြရမှာပါ။ ကိုယ်က ကိုယ်ဝန်ဆောင် မဟုတ်လည်း ကိုယ်ဖျားနာတာကနေ ကိုယ့်ကို ကိုက်တဲ့ခြင်က ကိုယ်ဝန်ဆောင်ကို ကိုက်ရင် ကူးစက်သွားနိုင်တာမျိုးပါ။
သတိပြုပါ။ ဂရုစိုက်ပါ။ သိပ်တော့ ကြောက်လန့်ခြောက်ခြားရမယ့် အနေအထားမျိုး မဟုတ်ပါဘူး။ ကပ်ရောဂါ အသွင်ဆောင်ပြီး အားလုံးကို ကူးစက်လာမှာမျိုးကို မျက်ခြေမပြတ်စေဘဲ အဓိက ကာကွယ်ရေးဖြစ်တဲ့ ခြင် မပေါက်ပွားရေးနဲ့ ခြင်ကိုက် မခံရရေးကို ဦးစားပေး လုပ်ဆောင်ကြရင်ဖြင့် ဇီကာလည်း အေးဆေးပါပဲ။