ခင်ဝမ်းက သူခင်တဲ့ မိတ်ဆွေတွေကို ဆိုပြလေ့ရှိတဲ့ ဂျပန် သီချင်းလေး တပုဒ်ရှိတယ်..။
ယာကူဇာဂိုဏ်းထဲကိုရောက်သွားတဲ့ ငယ်သူငယ်ချင်း ကောင်လေး ၂ ယောက်၊ ကောင်မလေး ၁ ယောက် ရဲ့ တြိဂံ ဇာတ်လမ်းလေး။ ဂျပန်မှာတော့ အင်မတန် နာမည်ကြီးပြီး လူတိုင်း ရလေ့၊ ဆိုလေ့ရှိတယ်တဲ့။
သုံးယောက်အတွဲမှာ နှစ်ယောက်က ချစ်သူတွေဖြစ်သွားတော့ ယာကူဇာဂိုဏ်းထဲမှာ ဆက်မနေချင်တော့ဘူး..။ လက်ထပ်ပြီး ဘဝမှာ အေးအေးဆေးဆေးပဲနေချင်တော့တယ်..။ ဒါပေမဲ့ လူဆိုးဂိုဏ်းက တခါဝင်ပြီးရင် တသက်လုံး ထွက်လို့မရတော့တဲ့ ထုံးစံရှိတယ်။ ထွက်ပြေးရင်လည် ဘယ်နေရာ ရောက်ရောက်လိုက် သတ်လေ့ရှိတယ်။
ဇာတ်လမ်းက သူငယ်ချင်းကောင်မလေးကို ချစ်ပေမဲ့ သူငယ်ချင်း နောက်တယောက်အတွင် ငဲ့ပြီး တယောက်တည်း အနစ်နာခံ ကျန်ခဲ့ရမယ့်တယောက်က သူယ်ချင်းစုံတွဲ ဂိုဏ်းထဲက ထွက်ပြေးလို့ရအောင် ဘဝကိုရင်း ကူညီတဲ့အကြောင်းလေးပါ။ သူဟာ ဂိုဏ်းရဲ့ ရာဇဝတ်မှုတွေကို မကြိုက်ပေမဲ့ ဂိုဏ်းခေါင်းဆောင်နှစ်သက်မှုခံရအောင် ရွပ်ရွပ်ချွံချွံလုပ်ပြရတယ်၊ တဖြည်းဖြည်းနဲ့ ဒုတိယတန်းခေါင်းဆောင်နေရာကို ယူနိုင်ခဲ့တယ်။ အဲဒီတော့မှ သူငယ်ချင်းစုံတွဲကို ထွက်ပြေးနိုင်အောင် ကူညီခဲ့တယ်။ မပြေးခင် သူတို့ကို မှာလိုက်တယ်။ ဘယ်နေရာ ရောက်ရောက် သူ့ကို ပိုစ်ကဒ်လေးတွေပို့ပြီး အသက်အန္တရယ်မရှိတဲ့ အကြောင်း အသိပေးဖို့ပါပဲ။ လွမ်းဆွတ်ကြေကွဲဖွယ်ကောင်းတဲ့ ဂျပန် ရိုးရာ ဂန္တဝင်တေးကောင်းလေးပေါ့..။
ကျနော် အဓိကပြောချင်တာက ခင်ဝမ်းရဲ့ ခိုင်မာတဲ့ ရပ်တည်မှု မူဝါဒပါ။ ခင်ဝမ်းက အဲဒီဂျပန်သီချင်းကို သူကိုယ်တိုင် (မူရင်းသံစဉ်) ဘာသာပြန်ပြီး မြန်မာဗားရှင်း ဖွဲ့တယ်။ မူရင်းနဲ့အတူ ဘာသာပြန်ဗာရှင်းကိုလည်း ရင်းနှီးတဲ့ မိတ်ဆွေဝိုင်းတွေမှာ ဆိုပြလေ့ရှိတယ်။
၁၉၉၄ ခုနှစ် သီချင်းသစ် နောက်ဆုံး အခွေ “လိုတရအကြည့်” အပြီး ခင်ဝမ်း New Version အကောင်းဆုံးတေးများ ထွက်ခဲ့လို့ အထိုက်အလျောက် စီးပွားရေးအရအောင်မြင်၊ ဈေးကွက်ဝင်နေတဲ့အချိန်မှာ ထုတ်လုပ်သူတွေက အဲဒီမြန်မာမှုပြုထားတဲ့ ဂျပန်သီချင်းကို တပုဒ်ထဲ အခွေထုတ်ဖို့ မက်လောက်တဲ့ ပိုက်ဆံနဲ့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ဖူးတယ်။ ဒါပေမဲ့ သူ ငြင်းခဲ့တယ်။
သူကိုယ်တိုင်က ဒီဂျပန်သီချင်းလေးကို မြန်မာတေးပရိသတ်တွေ ခံစားစေချင်တဲ့ ဆန္ဒတော့ရှိတယ်။ သူ့ြ့မန်မာမှုပြုလက်ရာကို နားထောင်ဖူးကြတဲ့ ခင်ဝမ်းမိတ်ဆွေတွေကလည်း ခင်ဝမ်းဟန်အတိုင်း ဆွေးဆွေမြည့်မြည့် ကြေကြေကွဲကွဲနဲ့ လက်ရာမြောက်တဲ့ သီချင်းကောင်းလေးမို့ အခွေအဖြစ် ထုတ်စေချင်ကြတယ်။ ဒါပေမဲ့ သူက မူရင်းရေးဖွဲ့သီဆိုခဲ့တဲ့ ဂျပန် ဂီတပညာရှင်ကို ခွင်မတောင်းဘဲနဲ့သူမဆိုချင်ဘူး။ ပြီးတော့သူက မူရင်း ဂီတပညာရှင်ရဲ့ Masterpiece ဖြစ်ခဲ့တယ်အရာကို သူပြန်လည်တင်ပြရင် မူရင်းအရသာ ပျောက်သွားမှာမျိုးကိုလည်း မလိုလားဘူ။ ဒီလိုနဲ့ သီချင်းခွေ ဖြစ်မြောက်မလာခဲ့ဘူး။
ခင်ဝမ်းရဲ့ ဘဝမှာ ဒီလို အနုပညာဘဝနေထိုင်မှု သီလ၊ ကျင့်ဝတ် Principle တွေနဲ့ ကျင့်ကြံနေထိုင်ခဲ့တဲ့အတွက် ကျနော်တို့ မြန်မာပရိသတ် (ဗမာဂီတလောက) ခင်ဝမ်းရဲ့ နောက်ထပ် ဂန္တဝင်ဖြစ်နိုင်တဲ့ သီချင်းကောင်းလေးတပုဒ် မရလိုက်ခဲ့ဘူး။ ဒါပေမဲ့ ဒီအဖြစ်အပျက်သေးသေးလေးကပဲ သူ့ကို ပိုမိုကြီးကျယ်တဲ့ အနုပညာရှင်စစ်စစ်ဖြစ်ကြောင်းလည်း ပြသနေတယ်။ ကျနော် ငယ်စဉ် ၁၉၉၀ ခုနှစ်များ၊ဆိုခဲ့တဲ့ အကြောင်းအရာလေး သိလိုက်ရချိန်မှာ သူ့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို သိမြင်လိုက်ရပြီး ခင်ဝမ်းကို ချစ်မြတ်နိုး လေးစားရိုသေမှုဟာ ပိုတိုးလာခဲ့တယ်။ အခု အသက်အရွယ်တိုင် အကြိမ်ကြိမ် အံ့သြလေးစားဂုဏ်ယူနေရတယ်။
ကျနော်ဟာ ခင်ဝမ်းရဲ့ သီချင်းတွေနဲ့ စိတ်အာဟာရဓာတ် ထုံကူးမွေးမြူခဲ့ရသလို သူ့ရဲ့ စိတ္တဇပန်းချီ (၁၉၇၀ ခုနှစ်) စာအုပ်နဲ့လည်း ကြီးကြီးကျယ်ကျယ် ပြောရရင် အနုပညာ ဉာဏ်အလင်းတွေ ပွင့်ခွင့်သာခဲ့တယ်။ သူ့စာအုပ်ထွက်ချိန်မှာလည်း ကျောင်းဆွဲ၊ ဘုရားဆွဲ၊ တခါလာလည်း မင်းသား၊ မင်းသမီးပုံ၊ တခါလာလည်း ကောင်မလေး စောင်းကောက်တီး ဖြစ်နေတဲ့ မြန်မာ့ပန်းချီကို ခေတ်သစ် ကမ္ဘာ အနုပညာနဲ့ ချိတ်ဆက်ပေးလိုတဲ့ သူ့အရိုးခံ စိတ်ဓာတ်ဆန္ဒကြောင့် ဂယက်ရိုက်ခဲ့သလို နောင်နှစ်ပေါင်းနှစ်ဆယ် ကျနော်ဖတ်ဖူးတဲ့အခါမှာလည်း ကျနော့်ရဲ့ အနုပညာအသိကို နှိုးဆွပေးခဲ့တယ်။
အလုပ်သမား လယ်သမားပုံဆွဲပြလို့ တောင်သူလယ်သမား လုပ်သား ပြည်သူကို အကျိုးမပြု၊ ပန်းချီဆရာတွေ လယ်ထဲဆင်း ကောက်စိုက်သမပုံ ဆွဲရုံနဲ့ လူထုအနုပညာမဖြစ်။ အခြေခံ လူထု လူအများဟာ ရသအနုပညာ ပစ္စည်းများ အထူးသဖြင့် ခေတ်မီ ကမ္ဘာတန်းဝင် ခေတ်သစ် အနုပညာထုတ်ကုန်များကို ခံစားနားလည် သိတတ်၊ လူဖြစ်ရကျိုးနပ်ဖို့လိုတယ်။ ခေတ်သစ်အနုပညာကိုလူတစုပဲ ခံစားခွင့်သာတဲ့ နောက်ခံလူမှု၊ စီးပွား၊ နိုင်ငံရေး အဆောက်အအုံအကြောင်း ဆက်စပ် စဉ်းစားတတ်လာတယ်။ အနုပညာအတွေးအခေါ်၊ အနုပညာစနစ်ပြောင်းလဲမှုတွေ အသစ်တွေ လူထုကြားပြန့်နိုင်မှ ဖြစ်မယ်ဆိုတဲ့ အသိကို ခင်ဝမ်းရဲ့ စိတ္တဇပန်းချီကနေပေးခဲ့တယ်။ လူထုနဲ့ အနုပညာကင်းကွာနေရတဲ့ နိုင်ငံစနစ်ကို မနှစ်မြို့ တော်လှန်လိုစိတ်ကို ခင်ဝမ်းက မွေးဖွားပေးခဲ့တယ်။
ခင်ဝမ်းမျှော်မှန်းခဲ့တဲ့ လူထုကြားကခေတ်သစ်ပန်းချီ၊ ခေတ်သစ်ပန်းချီကျောင်း၊ ခေတ်သစ်ပန်းချီပြတိုက်၊ ခေတ်စနစ် ပတ်ဝန်းကျင် လူမှုရပ်ဝန်းဟာ လူတွေရဲ့ ရသစိတ္တကို ယဉ်ပါးစေပြီး ပြည်သူနဲ့ အနုပညာ အညမည ဖြစ်ဖို့ ကျနော်တို့ဆီမှာ ခေတ်ဆိုး၊ စနစ်ဆိုး၊ လူဆိုးတွေက အခွင့်အရေးမပေးခဲ့ပါဘူး။
အခု ၂၁ ရာစု ရောက်ချိန် မြန်မာပြည် ခေတ်စနစ် အသစ်မှာလည်း ခေတ်ပေါ်ပန်းချီဟာ လူကုံထံ လူ့မလိုင်များ ဧည့်ခန်းဆောင်မှာ ဈေးကြီးပေးဝယ်၊ ဂုဏ်တုဂုဏ်ပြိုင် အလှချိတ်ခံရ၊ နိုင်ငံခြားသံတမန် အဝန်းအဝိုင်းမှာပဲ ဈေးကွက်ရှာနေရတဲ့ ခင်ဝမ်း စိတ္တဇပန်းချီရေးချိန် ၁၉၇၀ ခုနှစ်နဲ့ ထူးမခြားဖြစ်နေသေးတာဟာ ကျနော်တို့ မျိုးဆက်တွေရဲ့ တာဝန်မကျေမှု တခုပါပဲ။ အနာဂတ်မှာ ကျနော်တို့ အခု ခင်ဝမ်းကို လွမ်းတသသ ဖြစ်နေသလို မြန်မာပြည် ကျေးရွာအနှံ့က အခြေခံလူထုလည်း ခင်ဝမ်းအမှတ်တရ ပန်းချီပြပွဲတွေ လုပ်နိုင်ဖို့၊ ဂန္တဝင်တေးကောင်းတွေ ဟစ်ကြွေးနိုင်ဖို့အလို့ငှာ လူအများ တပြေးညီ လူမှု၊ စီးပွား ကျန်းမာသန်စွမ်းတဲ့ ဒီမိုကရေစီလူ့ဘောင်စနစ်တခု ရေခံမြေခံကောင်းကောင်းနဲ့ တည်ဆောက်လာနိုင်အောင် လာမယ့် အစိုးရအသစ် စနစ်၊ မူဝါဒမှာ တာဝန်ရှိသလို ကျနော်တို့အားလုံးလည်း ကြိုးစားရပါဦးမယ်။
အခုအနေအထားမှာတော့ အစမှာဆိုခဲ့တဲ့ ခင်ဝမ်းမဆိုဖြစ်ခဲ့တဲ့ ဂျပန်သီချင်းလေးကို နောက်ပိုင်းမှာ ကော်ပီလုပ်ဆိုတဲ့ သီချင်းအတိုင်း “ငါတို့တိုင်းပြည်မှာ ခင်ဝမ်းလို လူ ရှိခဲ့တယ်..” ဆိုတဲ့ အသိလေးနဲ့ “ဖြေသိမ့်လိုက်..” ပါတယ်။
ဂျပန်ပြည်ရဲ့ အဆိုးဆုံးလက်ဆောင်ကတော့ နှစ်ခြောက်ဆယ်ကျော် အမွေခံကျင့်သုံးခဲ့တဲ့ စစ်ဝါဒပေါ့။ ဂျပန်ပြည်ရဲ့ အကောင်းဆုံးလက်ဆောင်ကတော့ ဟွန်ဒါ၊ တိုယိုတာ၊ တိုရှီဘာ၊ ဆိုနီ မဟုတ် ဂျပန့်ရင်သွေး မြန်မာ့သားကောင်း၊ မြန်မာ့ရင်သွေး ဂျပန် စိတ်ဓာတ်ရှင် “ခင်ဝမ်း” ပါပဲလို့ဆိုရင်း ခင်ဝမ်းအလွမ်း တို့ထိခံစားမှုကို အဆုံးသတ်ပါရေစ..။
ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၀၃၊ ၂၀၁၆
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေအာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် [email protected] သို့ စာရေး နိုင်သည်။)