ကချင်ပြည်နယ် စစ်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းဖို့ ရည်ရွယ်ပြီး ကချင်ဒီဇိုင်နာ ၇ ဦးတို့က OneNess လို့ နာမည်ပေးထားတဲ့ Kachin Charity Fashion Show ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့ Gadamar ဟိုတယ်ရဲ့ Grand Ballroom မှာ ကျင်းပသွားမှာဖြစ်ပြီး ဒီဇိုင်နာများက ကချင်ရိုးရာ ဂျပ်ခုပ်ထည်များကိုသာ တီထွင်ပြီး ချုပ်လုပ်ပြသသွားကြမှာ ဖြစ်ပါတယ်။
ပါဝင်ပြသကြမှာ ကချင်ဒီဇီုင်နာ ၇ ဦးကတော့ Ystone, Seng Lat (MaKa), Zaw Seng (Manmade), G Htu Aung (GHG), Ah Put, Ahlatt lumyang, Mr Jet (Lai Za) တို့ ဖြစ်ကြပြီး ဝတ်စုံများကို ကချင်နာမည်ကြီး မော်ဒယ်လ်များ၊ Miss များနဲ့ တခြား နာမည်ကြီး မော်ဒယ်လ်များက ဝတ်ဆင်ပြသသွားကြမှာ ဖြစ်ပါတယ်။
ဒီဖက်ရှင်ပွဲနဲ့ ပတ်သတ်လို့ ဒီဇီုင်နာ သက်တမ်း ၁၀ ကျော်ရှိပြီဖြစ်တဲ့ ဒီဇိုင်နာ Ystone က “ဒီပွဲမှာ ကျနော်တို့က ကချင်အထည်တွေကိုပဲ ဦးစားပေးပြီးပြသွားမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲရည်ရွယ်ချက်က ကချင်စစ်ဘေးသင့် ပြည်သူတွေအတွက် ရည်ရွယ်ပြီး လုပ်တာဆိုတော့လေ။ စစ်ဘေးသင့် ပြည်သူတွေကလည်း သူတို့ အချိန်ကြာပြီလေ၊ ကိုယ့်တိုင်းရင်းသားဆိုတော့ ကိုယ့်အိမ်တွင်း မိသားစုက တယောက်ယောက် ဖြစ်သလို ခံစားရတယ်” လို့ ပြောပါတယ်။
သူက ဆက်လက်ပြီး “ကိုယ်တိုင်လည်း စစ်ဘေးနေရာတွေမှာ ကိုယ်တိုင် သွားလှူခဲ့တဲ့ အခါတိုင်း မြင်နေရ တွေ့နေရတာတွေကို ကြည့်ပြီး မျက်လုံးထဲက ဘယ်တော့မှ မထွက်ဘူး၊ အဲဒီဖီလင်က ကိုယ့်ရဲ့စိတ်ထဲမှာ အချိန်ပြည့်ရှိတယ်။ ကိုယ်တယောက်တည်း လုပ်ရင်လည်း ဖြစ်မှာမဟုတ်ဘူးလေ ဒါကြောင့် အားလုံးတိုင်ပင်ပြီး ထိထိရောက်ရောက် ဖြစ်အောင် လုပ်မယ်ဆိုပြီး ဒီပွဲလေးကို လုပ်ဖြစ်ကြတာပါ။ သူတို့အတွက် အခုချိန်ထိက ကျန်းမာရေးနဲ့ ပညာရေး လိုအပ်ချက်က အများကြီး လိုအပ်နေသေးတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
လက်မှတ်ဈေးနှုန်းများကို ကျပ် ၅၀၀၀ သတ်မှတ်ထားပြီး ပြပွဲမှာ လာရောက်ကြည့်ရှုရင်း အလှူငွေများလည်း လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ ပြပွဲပြီးတာနဲ့ ရရှိတဲ့ အလှှူငွေအားလုံးကို ကိုယ်တိုင်လည်း သွားလှူမှာ ဖြစ်သလို တာဝန်ရှိသူများ ကနေတဆင့်လည်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ဒီပွဲမှာ သီချင်းသီဆိုပေးမယ့် အဆိုတော် ရေဗက္ကဝင်းကလည်း “ဒီလိုရန်ပုံငွေပွဲတွေ လုပ်နိုင်တာ အရမ်းကောင်းပါတယ်။ ဒီလိုပွဲတွေ လုပ်မှလည်း ဒါကို မေ့နေတဲ့သူတွေ ပြန်သတိရလာမယ်။ အလှူငွေပေးချင်တယ်၊ ပါဝင်ချင်တယ် ဆိုရင်တောင် ဘယ်မှာပေးရမှန်း မသိတဲ့သူတွေအတွက်လည်း အကျိုးရှိတယ်လေ” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဒီ OneNess ကချင် ဖက်ရှင်ရှိုးပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်က စတင်ပြီး နာမည်ကြီး အဆိုတော်များရဲ့ ဖျော်ဖြေမှုများနဲ့အတူ တင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။