ယနေ့ မျက်မှောက် နည်းပညာခေတ်မှာ အင်တာနက် အသုံးပြုမှု တွင်ကျယ်လာတာနဲ့အမျှအွန်လိုင်းမှာပါ ဈေးကွက် စီးပွားရေး ချဲ့ထွင်လာတာတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ကြော်ငြာတွေ စတဲ့ ဈေးကွက် စီးပွားရေးဆိုင်ရာ အလုပ်တွေ ကို Facebook လို လူမှုကွန်ရက်တွေမှာပါ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြပါတယ်။
ဒီနေ့ခေတ် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးကို စတင်လုပ်ကိုင်နေသူ လူငယ်လူရွယ်တွေ အနေနဲ့ Facebook လူမှုကွန်ရက်ကို အသုံးပြုပြီး မိမိရဲ့ စီးပွားရေး လုပ်ငန်းကို ပိုမိုတိုးတက်လာအောင် မိမိရဲ့ ကုန်ပစ္စည်း၊ လုပ်ငန်း၊ ကြော်ငြာတွေကို လူသိများလာအောင် ကိုယ်တိုင်စီမံခန့်ခွဲနိုင်ဖို့ ပထမဆုံး လူမှုကွန်ရက် Facebook Marketing သင်တန်းကို ရန်ကုန်မြို့မှာ ဖွင့်လှစ်လာပါပြီ။
လက်ရှိ imyanmarhouse.com ဝက်ဘ်ဆိုက်မှာ Digital Marketing Manager ဖြစ်တဲ့ အသက် ၂၅ နှစ် အရွယ် ကိုခွန်နေထွန်းကို သူ ဖွင့်လှစ်ထားတဲ့ Facebook Marketing သင်တန်းနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် သီဟတိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ပထမဦးဆုံး အခုဖွင့်လှစ်မယ့် Facebook Marketing သင်တန်းအကြောင်းကို အရင်ဆုံး မိတ်ဆက် ပေးပါဦး။
ဖြေ။ ။ ကျနော် ဒီသင်တန်းကို MOAG Training Class ဆိုပြီး ပေးထားပါတယ်။ အခု ၂၀၁၆ ခုနှစ်မှာ စတင် ဖွင့်လှစ် ဖြစ်ခဲ့တဲ Training Class လေး ဖြစ်ပါတယ်။ MOAG ဆိုတာက လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ကတည်းက နာမည် အရှည် Myanmar Online Advertising Group (MOAG) ဆိုတဲ့ နာမည်နဲ့ Facebook မှာ Page တခုလုပ်ပြီး လုပ်ငန်းရှင်တွေရဲ့ စီးပွားရေး လူမှုကွန်ရက် စာမျက်တွေကို လူသိများတဲ့ စာမျက်နှာတခု ဖြစ်လာအောင် ဝန်ဆောင်မှု ပေးနေခဲ့တာ ကြာပါပြီ။ နာမည်ကျော် ကုမ္ပဏီတွေရဲ့ Facebook စာမျက်နှာတွေ အပါအဝင် အခုချိန်ထိ လုပ်ပေးခဲ့တာ စုစုပေါင်း လုပ်ငန်း ၄၀ ကျော်လောက်အထိ ရှိပါတယ်။
မေး။ ။ ဒီသင်တန်းက ဘယ်လို လူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တာပါလဲ။
ဖြေ။ ။ အခုချိန်ဟာ ကျနော်တို့ မြန်မာပြည်မှာ ဆက်သွယ်ရေး အင်တာနက် ဖွံ့ဖြိုးတိုးတက်လာတဲ့ ကာလတခု ဖြစ်တယ်။ ဘယ်လုပ်ငန်းမဆို ကိုယ့်လုပ်ငန်း လူသိများလာဖို့အတွက် Digital Marketing နဲ့ ဆက်စပ်မှု ရှိကိုရှိလာ ကြမှာပါ။ လက်ရှိ Printing ထုတ်ဝေတဲ့ မီဒီယာပိုင်းတွေတောင် Digital ဘက်ကို တော်တော်များများ ကူးပြောင်းလာကြပြီ။ ဒါကြောင့် လုပ်ငန်းရှင်တွေရဲ့ ကြော်ငြာမှု ပုံစံတွေကလည်း Offline ထက် Online ကို အလိုလိုနေရင်း ပါလာနေကြပြီ။ Digital Marketing က Future of the Business လို့တောင် ပြောလို့ရတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းကို လူသိများဖို့အတွက် ဒီဘာသာရပ်က အရေးပါလာပြီ။ မြန်မာပြည်မှာ ဒီလို ဘာသာရပ်နဲ့ ပတ်သက်ပြီး မျှဝေသင်ကြားပေးတဲ့ သင်တန်းဆိုတာကလည်း မရှိသလောက်ရှားတယ်။ ဒါကြောင့် ဒီသင်တန်းကို မိမိ ကုန်ပစ္စည်း လူသိများအောင် Digital Marketing ဘာသာရပ်ထဲက Social Media ကနေ ဘယ်လို ထိုးဖောက်မလဲ ဆိုတာ သိဖို့ အရေးကြီးတယ်။ Marketing ဘာသာရပ်ကို စိတ်ပါဝင်စားသူတွေရယ်၊ မိမိလုပ်ငန်း၊ ဒါမှမဟုတ် မိမိကုန်ပစ္စည်းကို Brand Awareness ရအောင် လုပ်ချင်တဲ့ ဘယ်သူကို မဆို ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားတာပဲ ဖြစ်ပါတယ်။
မေး။ ။ သင်တန်းကို ဘယ်လို လူတွေ တက်ရောက်သင့်လဲ။
ဖြေ။ ။ တက်ရောက်သင့်တဲ့ သူတွေ ကတော့ စီးပွားရေးသမားတွေ ဈေးကွက်ချဲ့ထွင်ဖို့ လုပ်ငန်းလူသိများဖို့ လုပ်ဆောင်လိုသူတွေ တက်ရောက်သင့်သလို၊ အွန်လိုင်းရှောပင်း e-commerce စိတ်ဝင်စားသူတွေ Digital Marketing ကို စိတ်ပါ ဝင်စားသူတွေ ဘယ်သူမဆို တက်ရောက်သင့်ပါတယ်။
မေး။ ။ သင်တန်း တက်ရောက်ဖို့ အရည်အချင်း ကန့်သတ်ထားတာမျိုး ရှိလား။
ဖြေ။ ။ သင်တန်းကျောင်းဆိုပြီး သွားတာမျိုး မဟုတ်ဘဲ Part Time Training သဘောမျိုး သွားတာဖြစ်တဲ့ အတွက် အသက်အရွယ်၊ အရည်အချင်း ကန့်သန့်ထားတာမျိုး မရှိပါဘူး။ အင်တာနက်၊ အွန်လိုင်းကို ကောင်းကောင်း အသုံးချတတ်ပြီး Digital ကနေ ဘယ်လိုနည်းနဲ့ ထိုးဖောက်ရမလဲ ဆိုတာ စိတ်ပါဝင်စားမှုရှိရုံနဲ့ တက်ရောက် နိုင်ပါတယ်။
မေး။ ။ သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်က မြန်မာပြည်မှာ Digital က ဖွံ့ဖြိုးဆဲ ရှိနေသေးတာမို့ နိုင်ငံခြား ဝန်ဆောင်မှု ကုမ္ပဏီတွေ အများအပြား ဝင်ရောက်လာတဲ့အခါ ကျွမ်းကျင်တဲ့ လုပ်သား ပြဿနာတွေ ရှိနေတယ်။ ဘာသာစကား ကျွမ်းကျင်ပေမယ့်လည်း Digital Marketing နဲ့ ပတ်သက်တဲ့အခါ အားနည်းချက်ရှိတာကို တွေ့ရတယ်။ ဒါကြောင့် ရွယ်တူလူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုရှိလာစေချင်တယ်။ ပြီးတော့ တချို့ လုပ်ငန်းတွေက ဒီအပိုင်းကို နားမလည်တဲ့အခါ နိုင်ငံခြားအေဂျင်စီတွေကို လုပ်ငန်းအပ်နှံရပြီး ကုန်ကျစရိတ် ကြီးနေတာမျိုး တွေ့ရတယ်။ ဒါကို ကိုယ်တိုင်နားလည်ပြီး ကိုယ်တိုင်ဦးစီး လုပ်ကိုင်သွားနိုင်စေဖို့ ရည်ရွယ်ပါတယ်။
မေး။ ။ သင်တန်းမှာ သင်ကြားပေးသွားမယ့် ဘာသာရပ်တွေက ဘာတွေ ဖြစ်မလဲ။
ဖြေ။ ။ သင်ကြားပေးမယ့် ဘာသာရပ်က Digital Marketing ရဲ့ မြန်မာပြည် အတွက် အဓိကကျတဲ့ Social Media Facebook Marketing ဘာသာရပ်ကို သင်ကြားပေးသွားမှာပါ။ သင်တန်းချိန်က တပတ်ကို တရက်၊ တလကြာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
မေး။ ။ သင်တန်းကနေ Digital Marketing လုပ်မယ့် လူငယ်တွေ အတွက် ဘယ်လောက်ထိ အထောက်အကူ ပြုမယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ သင်တန်း ပြီးဆုံးသွားတဲ့အခါ Social Media Facebook Marketing အတွက် Adminstration ကောင်းကောင်း လုပ်နိုင်သွားမယ်။ Facebook Ads Manager Tools တွေကို ကောင်းကောင်း နားလည်သွားပြီး Budget တွေကို ပိုင်းခြား အသုံးချနိုင်သွားရမယ်။ Features အသစ်တွေကို သိရှိနိုင်ပြီး Social Media ရဲ့ Third Party Tools တွေကို ကောင်းကောင်း အသုံးချနိုင်သွားပြီးတော့ Digital Marketing ကို နားလည်ဖို့ အတွက် ကောင်းမွန်တဲ့ အခြေခံကောင်းတွေ ရရှိသွားပါမယ်။
မေး။ ။ Digital Marketing သင်တန်းတွေက မြန်မာနိုင်မှာဆို မရှိသလောက် ရှားပါးတယ်၊ ဒါကို လေ့လာချင်တဲ့ လူငယ်တွေ အတွက် ဘယ်လိုနည်းနဲ့ လေ့လာရမယ် ဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ Digital Marketing ဘာသာရပ်က အွန်လိုင်းမှာ လေ့လာသင်ယူ လို့ရတာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့ အသုံးချနိုင်မှ ထိရောက်မှု ရှိမှာပါ။ Website တခုနဲ့ ပတ်သက်ပြီး Google မှာ အမှတ် ကောင်းဖို့ အတွက် SEO, SEM တွေကိုပါ လေ့လာထားရပါမယ်။ ဒီလိုဘာသာရပ်နဲ့ ပတ်သက်ပြီး Google Search မှာ Digital Marketing လို့ အလွယ်တကူ ရှာပြီး လေ့လာလို့ ရပေမယ့် အချို့သော ဝေါဟာရ တွေက Website Developer သမားတွေ နားလည်တဲ့ ဘာသာရပ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် လေ့လာမယ် ဆိုရင် Developer သမားတွေနဲ့ အတူ လေ့လာမယ် ဆိုရင်တော့ ထိရောက်မှုရှိပါလိမ့်မယ်။
မေး။ ။ ကိုယ်တိုင်ကကော ဒီဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတွေ လေ့လာမှုတွေ ပြုလုပ်နေတယ် ဆိုတာ မျှဝေပေးပါဦး။
ဖြေ။ ။ ကျနော် ကိုယ်တိုင်ကျတော့ လုပ်ငန်းစလုပ်ကတည်းက အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းတွေမှာ နိုင်ငံခြားသားတွေနဲ့ အတူတွဲ လုပ်ခဲ့ရတယ်။ ကိုယ်တိုင် လေ့လာခဲ့မှုနဲ့အတူ သူတို့ရဲ့လမ်းညွှန်ပြမှုတွေကို အနီးကပ် သင်ကြားခွင့် ရခဲ့တယ်။ ကိုယ်တိုင်လည်း လုပ်ငန်းတွေ လက်ခံလာတဲ့အထိ လက်တွေ့ လုပ်ခွင့်ရခဲ့တယ်။ မှားခဲ့တာတွေလည်း များတယ်။ အမှားတွေကနေပဲ အတွေ့အကြုံများပြီး တဖြေးဖြေး နားလည် သဘောပေါက် လာခဲ့ရတာပါ။ မသိတဲ့အရာကို တွေ့ခဲ့ပြီ ဆိုရင်လည်း ကျနော့်အတွက်က Google မှာ ရှာဖွေပြီး လေ့လာပါတယ်။
မေး။ ။ သင်တန်းအတွက် ဘာတွေ လိုအပ်တယ်ဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ သင်တန်းကို Laptop ရှိရင် Laptop ယူလာလို့ ရပါတယ်။ သင်ကြားဖို့ အတွက် မှတ်သားဖို့ တခုခု ယူဆောင်လာရင် ရပါပြီ။
မေး။ ။ ထပ်ပြီး ဖြည့်စွက် ပြောချင်တာရှိရင် ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော် ဖြည့်စွက်ပြီး ပြောချင်တာက ကျနော် ဖွင့်လှစ်မယ့်Training Class က သင်တန်းကျောင်းလို လူအများကြီး တပြိုင်တည်း သင်ကြားတာ မဟုတ်ဘဲ ၄ ယောက် တဖွဲ့၊ ၅ ယောက်တဖွဲ့ သင်ကြားတာ ဖြစ်တဲ့ အတွက် တက်ရောက်သူတွေ အတွက် နားမလည်တာတွေကို မေးခွန်းပိုပြီး မေးနိုင်မယ်။ ပြီးတော့ သင်တန်းဆိုတိုင်း တက်တာမျိုး မဟုတ်ဘဲ ကိုယ့်အတွက် တကယ်အကျိုးရှိပြီး အသုံးချမယ်လို့ ခံယူထားတယ်ဆိုမှ တက်ရောက်ဖို့ အတွက် ဖိတ်ခေါ်ပါတယ်လို့ ပြောချင်ပါတယ်။
သင်တန်းလိပ်စာ
အမှတ် ၅၇၊ ပထမထပ်၊ ပြည်မြန်မာစတိုးအပေါ်၊ မင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်