အမည် = ခိုင်သဒ္ဒါစိမ့်
အသက် = ၁၆နှစ် (ပထမနှစ် အင်္ဂလိပ်စာ၊ တာဝ)
ခုလက်ရှိမှာတော့ သမီးတို့ရဲ့shining silver star အဖွဲ့နဲ့ပဲ ဖျော်ဖြေပွဲတွေ လိုက်ဆိုနေပါတယ်။ အသက် (၁၂)နှစ်လောက်က ကြယ်ကလေးတွေရဲ့ဂီတမိုးကောင်းကင်မှာ ပြိုင်ပွဲတွေဝင်ခဲ့ပြီးတော့ အနုပညာအလုပ်ကို စပြီးလုပ်ခဲ့တာပါ။ ဆရာဦးသန်းဝင်းက သင်ကြားပေးခဲ့တာပါ။ ကျောင်းစာ တွေလည်း လုပ်ရပါတယ်။ အမြဲတမ်း အဆင့် (၁)ကနေ (၁၀)အတွင်း ဝင်ရပါတယ်။ သမီးတို့အဖွဲ့ကို တည်ထောင်တဲ့ ဆရာဦးသန်းဝင်းကလည်း ပညာရေးမှာ ညံ့ဖျင်းတဲ့ ကလေးတွေကို လက်မခံပါဘူး။ သမီးတို့ကိုယ်တိုင်လည်း ကြိုးစားခဲ့ရပါတယ်။ (၈)တန်းလောက်ထိ သီချင်းဆိုသေးတယ်။ ကိုးတန်း ဆယ်တန်းမှာတော့ လုံးဝလျော့ချလိုက်တယ်။ ဆယ်တန်းဆို ဘယ်ပွဲမှမလိုက်တော့ဘူး။ နေ့မအိပ် ညမအိပ် စာတွေကျက်ခဲ့ရတာပေါ့နော်။
ရှေ့လျှောက်ပြီးတော့လည်း ဒီလိုပဲ အနုပညာအလုပ်တွေပဲ လုပ်ဖြစ်ဦးမှာပါ။ ဖျော်ဖြေပွဲတွေ၊ ပြိုင်ပွဲတွေဆက်လုပ်နေမှာပေါ့နော်။ အနုပညာနဲ့ပတ်သက်ပြီးတော့ သမီးရဲ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေအကုန်လုံးက အနုပညာသွေးတွေပါပဲ။ အနုပညာအလုပ်ကို မလုပ်ဘဲ မနေနိုင်လောက်အောင်ပါပဲ။ မိဘတွေ၊ မိသားစုတွေကလည်း သဘောတူပံ့ပိုးမှုရှိပါတယ်။ သမီးရဲ့ရည်မှန်းချက်က အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ပါ။ အောင်မြင်တယ်ဆိုတာလည်း တခြားနည်းလမ်းတွေနဲ့ မဟုတ်ဘဲ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တာပါ။ ပြီးတော့ နောက်ထပ်ဖြစ်ချင်တာတခုက အင်္ဂလိပ်စာဆရာမပေါ့နော်။ အဲ့လိုဖြစ်ဖို့အတွက်ကတော့ သမီးသင်တန်းတွေ တက်နေပါတယ်။
စာဖတ်တာတော့ သိပ်ဝါသနာမပါဘူး။ ဗဟုသုတစာတွေဘာတွေ သိပ်မဖတ်ဖြစ်ဘူး။ အင်္ဂလိပ်စာကိုပဲ အဓိကထားဖတ်ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ (၁၆)ယောက်ရှိပါတယ်။ တည်ထောင်သူကတော့ ဆရာဦးသန်းဝင်းပါ။ ဆရာက ကလေးတွေ အောင်မြင်ဖို့အတွက် အစစအရာရာ ပံ့ပိုးပေးပါတယ်။ ဆရာရဲ့မိသားစုတွေအစပေါ့နော်။ အိမ်မှာအခကြေးငွေမယူဘဲနဲ့ ကလေးတွေကို အိမ်ပေါ် ခေါ်တင်ထားပြီး ဒုက္ခသုက္ခတွေခံပြီး သင်ပေးတာပါ။ ဘုရားတရားမမေ့ဖို့နဲ့ မိဘဆရာတွေရဲ့ ကျေးဇူးသိတတ်ဖို့ကိုလည်း အမြဲတမ်းတဖွဖွမှာပါတယ်။
လူငယ်တစ်ယောက်အနေနဲ့ အရေးကြီးဆုံးက စာရိတ္တလို့ထင်ပါတယ်။ ကိုယ့်လုပ်ချင်တဲ့လမ်းကို ရွေးနေတဲ့အချိန်မှာ တစ်ဖက်ကနေပြီးတော့ အနှောင့်အယှက်တွေလည်း ဝင်လာနိုင်တယ်လေ။ အဲ့လိုအချိန်ကျရင် လမ်းမလွဲသွားဖို့ပေါ့။ ကျန်တဲ့ ရွယ်တူလူငယ်တွေကို ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ၊ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ဖြစ်အောင် ပေါက်မြောက်အောင် ကြိုးစားပါလို့ပြောချင်ပါတယ်။