ယခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မွေးရက်နဲ့ တိုက်ဆိုင်တဲ့ မွေးနေ့လည်း ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးက “ငါသည် အောင်ဆန်း” အမည်ရှိတဲ့ စင်တင်ပြဇာတ်ကို လာမယ့် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံမှာ ကပြဖျော်ဖြေဖို့ရှိပါတယ်။
ဒါပေမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ အနုပညာဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အမျိုးသား ခေါင်းဆောင်ရဲ့ ဆွေမျိုးသားချင်းထံမှ ခွင့်ပြုချက်ရရှိကြောင်း ပါရှိမှသာ ဇာတ်ရုံကို အသုံးပြုခွင့် ထုတ်ပေး ကူညီနိုင်မည် ဆိုတဲ့ ကြေညာချက် ပါရှိလာပါတယ်။
“ငါသည် အောင်ဆန်း” ဆိုတဲ့ ပြဇာတ်ကို ဇာတ်ညွန်း ဒါရိုက်တာ အကယ်ဒမီ မောင်ယဉ်အောင် (မြို့တော်) က မြို့ရွှေမန်းသား ဖိုးချစ်နဲ့တူတူ တခြား အနုပညာရှင်များစွာနဲ့ ရိုက်ကူးပုံဖော်ကြမှာ ဖြစ်ပြီး ပြဇာတ်အတွက်လည်း ယခုချိန်မှာ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
ယခုလို ကြေညာချက်နဲ့ ပတ်သက်လို့ ဖိုးချစ်အနုပညာ သဘင်ဘက်မှ တာဝန်ရှိတဲ့ ကိုမျိုးမင်းထိုက်က “အခုလို ကြေညာချက် ထွက်လာတဲ့အတွက် ကျနော်တို့ ဘက်ကလည်း ဗိုလ်ချုပ်ရဲ့ ဆွေမျိုးသားချင်း ခွင့်ပြုချက်ဆိုတော့ အမေစုနဲ့ တွေ့ဆုံပြီး ခွင့်ပြုမိန့်ရဖို့ စောင့်နေပါတယ်။
စောင့်နေတယ်ဆိုတာကလည်း အဓိက ကျနော်တို့ရဲ့ အားနည်းချက်ပေါ့။ အမေစုကို ဆက်သွယ်ဖို့ ဘယ်လိုဆက်သွယ်ရင် ရမလဲမသိလို့ပါ။ အမေစုက အခုလာဆိုရင် လာချင်တာပေါ့။ တွေ့ခွင့်ရဖို့ ကြိုးစားနေတာပါ၊ ကျနော်တို့က အမေစုကို” လို့ ပြောပါတယ်။
ကိုမျိုးမင်းထိုက်က ဆက်လက်ပြီး “ဒီပြဇာတ်ကို ကဖို့အတွက် ကျနော်တို့ ယဉ်ကျေးမှုဌာနကို တရားဝင် တင်ထားပါတယ်။ သူတို့ဘက်ကလည်း မိသားစုဝင် တဦးဦးရဲ့ ခွင့်ပြုမိန့်ကိုပဲ တောင်းနေပါတယ်။ ကျနော်တို့ကို ရန်ကုန်တိုင်းဒေသကြီးက ပွဲကပြခွင့်မိန့်ကတော့ ပေးပြီးသားပါ။
ဒါပေမယ့်ခန်းမက ယဉ်ကျေးမှုဝန်ကြီးဌာနက ခန်းမဆိုတော့ သူတို့ဘက်က ခွင့်ပြုချက်တောင်းတာပါ။ သူတို့ဘက်က လွန်တယ်လို့လည်း မဆိုဘူးပေါ့။ ကျနော်တို့ဘက်က ဒါကို ပါမစ်ယူထားတာ မရှိဘူးလေ။ အမှန်အတိုင်းပြောရရင် ကျနော်တို့ဘက်က ဒီပြဇာတ်ကို ကဖို့ ချောင်းနေတာကြာပြီလေ။ ပြီးတော့ ကျနော်တို့က ဗိုလ်ချုပ်ရဲ့ Image ကိုကျသွားမှာ စိုးတဲ့အတွက် ဗိုလ်ချုပ်ရဲ့ အခန်းကို ၃ ခန်းလောက်ပဲ ထည့်ထားပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ခွင့်ပြုချက်တောင်းဖို့ လာမယ့် စနေ၊ တနင်္ဂနွေမှာ ဖြစ်နိုင်အောင် ကြိုးစားမယ်လို့လည်း သိရပါတယ်။
ဒီပြဇာတ်မှာ ဖိုးချစ်က ဗိုလ်ချုပ်ကို လေးစားအားကျတဲ့ လူငယ်လေး တယောက်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။ အဓိက ဗိုလ်ချုပ်ကို လေးစားအားကျပြီး တိုင်းပြည်ကို ချစ်တဲ့လူငယ်များစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကပြဖျော်ဖြေပေမယ့် ဇာတ်လည်းဖြစ်တယ်လို့ သိရပါတယ်။
ကိုမျိုးမင်းထိုက်က “ကျနော်တယောက်ထဲရဲ့ ပုဂ္ဂိုလ်ခံစားချက်အရ ပြောရမယ်ဆိုရင် ဥပမာဗျာ ဗိုလ်ချုပ်ကြေးရုပ်ကြီး တရုပ်ကိုဗျာ၊ မြို့နယ်တိုင်း ပန်းခြံတိုင်းမှာရှိတယ်လေ၊ အဲဒါကို လုပ်တိုင်း ကျနော်တို့က ပြန်ပြောရမှာလား၊ ခွင့်ပြုချက် ပြန်တောင်းရမလား ဖြစ်နေတယ်ပေါ့၊ ကျနော်တို့သိတဲ့ ဗိုလ်ချုပ်က အမျိုးသားရေး ဖခင်ကြီးလေ၊ ဒါကြောင့် တမျိုးသားလုံးပိုင်တယ်။ ကျနော်တို့လုပ်မှာက အနုပညာလေ၊ အနုပညာရဲ့ သဘောသဘာဝက မီးမောင်းထိုးပြမှာပဲ။ ဥပမာ အနော်ရထာမင်းကြီးကို ရိုက်မယ်ဆိုရင် သူ့ကို ပါမစ်ရှင် တောင်းရမှာလားလို့ မေးရမလိုတောင် ဖြစ်နေပါတယ်” လို့ ပြောပါတယ်။