သီချင်းဆိုပြိုင်ပွဲများမှာ အခုလတ်တလော ပရိသတ်များအကြား ရေပန်းစားနေတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲဟာ ဆိုရင် ပရိသတ်စိတ်ဝင်စားဆုံးအချိန်လို့ပြောလို့ရတဲ့ Top 11 ကိုရွေးချယ်ထားပြီးဖြစ်ပါတယ်။ ဒီ ပြိုင်ပွဲကို တခြား ပြိုင်ပွဲတွေထက် ဘာကြောင့် စိတ်ဝင်စားမှုမြင့်မားရသလဲဆိုရင် ပြိုင်ပွဲက ရိုးရိုးသီချင်းဆိုပြိုင်ပွဲဆိုတာထက် ပြိုင်ပွဲ ဝင်များ Level အဆင့်ဆင့်ဖြတ်ကျော်ကာ ပြုတ်သွားတဲ့သူအတွက်ရော ပါလာတဲ့သူတွေအတွက်ရော ရင်ခုန်စရာ စိတ်ခံစားချက်ကို ပေးတဲ့ပွဲတပွဲလည်းဖြစ်နေတဲ့အတွက်ကြောင့်ပါ။
ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ မော်လမြိုင် စတဲ့ မြို့ကြီးငါးမြို့မှ ပြိုင်ပွဲဝင်ပေါင်းအယောက် ၈၀၀၀ ကျော်ကနေ ယခု Top 11 အထိ ရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲတလျှောက်မှာလည်း ကြည့်ရှုရတဲ့ ပရိတ်သတ်ကို လက်မလွှတ်စတမ်းကြည့်ချင်အောင် ရသစုံနဲ့ ပြသလာတဲ့ အစီအစဉ်တခုလည်းဖြစ်ပါတယ်။ ယခု ရွေးချယ်ပြီး Top 11 ကို စာနယ်ဇင်းများနဲ့မိတ်ဆက်ပေးတဲ့ အစီအစဉ်ကိုတော့ ဖေဖော်ဝါရီ ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ Top 11 အဆင့်ကို ရောက်ရှိလာကြတဲ့ ပြိုင်ပွဲဝင်များကတော့ အောင်ပြည့်ထွန်း၊ ဇော်မင်းဦး၊ အောင်တေဇာကျော်၊ M ဇော်ရိန်၊ မေကြည်၊ စောထက်နိုင်စိုး၊ ခိုင်သဇင်သင်း၊ မေနှင်းဆီ၊ စောလောထယ်ဝါး၊ Rio နဲ့ Sophia Everest တို့ပဲ ဖြစ်ကြ ပါတယ်။
Adele သီချင်းနဲ့ လူကြိုက်များခဲ့တဲ့ မေနှင်းဆီက ပြိုင်ပွဲတလျှောက်မှာ Top 11 ကို ရွေးချယ်ခဲ့တဲ့ အချိန်က စိတ်လှုပ်ရှားမှုအများဆုံးဖြစ်ခဲ့ပြီး ငိုခဲ့ရတဲ့ အချိန်ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မေနှင်းဆီက “Myanmar Idol Winner တယောက်ဖြစ်နိုင်ဖို့အတွက် ညီမမှာရှိတဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ သီဆိုမှု အဲဒါတွေကို အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ။ Winner တယောက်ဖြစ်လာရင်တော့ ညီမအရမ်း ပျော်မိမှာပါ။ အခုချိန်ကစပြီး ပရိသတ်တွေရဲ့ Vote နဲ့သွားမှာဆိုတော့ ညီမကို အားပေးကြပါ။ ဝေဖန်ပေးပါ အခက်အခဲရှိတဲ့ မြန်မာစာသားနဲ့ပတ်သက်လို့လည်း လေ့ကျင့်နေပါတယ်လို့” ဧရာဝတီကို ပြောပြပါတယ်။
ပြိုင်ပွဲအတွက်လည်း ကိုယ်ခန္ဓာပိုင်းနဲ့ ပတ်သက်လို့ ဝိတ်ကိုဝိတ်ချသွားမှာဖြစ်ပြီး ဖက်ရှင်ကိုလည်း ပြင်ဆင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
တောင်ကြီးမြို့က လာရောက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲတလျှောက် ရည်းစား ၁၇ ယောက်ရှိတယ်လို့ နာမည်ကြီးနေတဲ့ စောထက်နိုင်စိုးကတော့ “ရှေ့ပွဲတွေအတွက် ကျန်းမာရေးအတွက် အဓိက ဂရုစိုက်သွားမယ်။ အသံကို သေချာ ဂရုစိုက်မယ်၊ ကျနော်က နှစ်တန်း၊သုံးတန်းကျောင်းသားဘဝထဲက သီချင်းတွေဆိုခဲ့တာဆိုတော့ ဖြစ်ချင်တာ အဆိုတော်ပဲ။ Winner တယောက်ဖြစ်လာခဲ့ရင်တော့ ကျနော် အိပ်မက်တွေပြည့်ဝပြီပေါ့ဗျာ၊ ပရိတ်သတ်က သိကြတဲ့ ရည်းစား ၁၇ ယောက်ဆိုတာက ဟိုးအရင်တုန်းကပါ။ အခုအချိန်မှာတော့ ကျနော်မှာ ရည်းစားတယောက်မှ မရှိတော့ပါဘူး” လို့ ဧရာဝတီရဲ့ မေးမြန်းမှုကို ပြောပြပါတယ်။
ပြိုင်ပွဲမှာအကဲဖြတ်ပေးကြတဲ့ အကဲဖြတ်ဒိုင် သုံးဦးကလည်း သူတို့ ရွေးချယ်တဲ့ အခါတိုင်း ခေါင်းကိုက် စရာဖြစ်အောင် အရည်အချင်းတွေရှိတဲ့ ပြိုင်ပွဲဝင်များထဲက အမှားများတဲ့သူတွေကို ကြည့်ရှုတဲ့ ပရိတ်သတ်နဲ့ အတိုက်အခံလုပ်ပြီး ထုတ်ပယ်ခဲ့ရတဲ့ ပွဲတပွဲလည်းဖြစ်တယ်လို့ ပြောပြလာတဲ့အတွက် ရှေ့ဆက်ပြိုင်ပွဲ ကတော့ ပိုပြီးကြည့်ကောင်းတော့မယ့် ပြိုင်ပွဲတခုဆိုရင်လည်း မမှားပါဘူး။
ယခုပြိုင်ပွဲဝင် Top 11 ရွေးချယ်ပြီးတဲ့အချိန်မှာတော့ ပြိုင်ပွဲများအားလုံးကို Live ထုတ်လွှင့် သွားတော့မှာဖြစ်ပြီး တပတ်ကို တယောက်နှုန်း ထုတ်ပယ်သွားတော့မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များ သီဆိုယှဉ်ပြိုင်တဲ့ သောကြာနေ့တိုင်း ညကိုးနာရီအချိန်ကနေ နောက်နေ့ စနေနေ့ ညရှစ်နာရီ အချိန်အထိ MPT 7777 သို့ မိမိကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို Message ပေးပို့ပြီး Voting ပေးနိုင်မှာဖြစ်ပါတယ်။ Voting အနည်းဆုံး ပြိုင်ပွဲဝင်က ပြိုင်ပွဲကနေ ထွက်ရမှာဖြစ်ပြီး ဒီအစီအစဉ်ကတော့ ပရိသတ်နဲ့ရွေးချယ်သွားမယ့်အစီအစဉ်လည်း ဖြစ်နေပါတယ်။ Voting အစီအစဉ်နဲ့ပြိုင်ပွဲကို လာမယ့် သောကြာနေ့ ဖေဖော်ဝါရီ ၁၂ ရက်က စတင်သွားမှာ ဖြစ်ပါတယ်။
Myanmar Idol Winner တယောက်ဖြစ်ခဲ့ပါက ဆုကြေးငွေ ကျပ်သိန်း ၂၀၀ နဲ့ တကိုယ်တော် တေးစီးရီးခွေတခွေ ထုတ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဖိုင်နယ်ကိုတော့ ဧပြီ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။