ဂျပန်-မြန်မာ ပွဲတော် ၂၀၁၆ ကို အခုလာမယ့် ဖေဖော်ဝါရီလ (၂၈) ရက်နေ့၊ တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ရွှေထွဋ်တင်ဝန်းမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ ဖေဖော်ဝါရီလ (၄) ရက်နေ့က ရန်ကုန်မြို့၊ Sky Star ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအရ သိရပါတယ်။
ပွဲကို ဂျပန်-မြန်မာ ပွဲတော် ၂၀၁၆ ကျင်းပရေးကော်မတီမှ ဦးစီး ကျင်းပတာဖြစ်ပြီး အဲဒီပွဲကို လူကြီး လူငယ် မရွေး ပါဝင်ပျော်ရွှင်နိုင်တဲ့ ဝင်ကြေး အခမဲ့ပွဲဖြစ်ပါတယ်။
အဲဒီပွဲမှာ ဂျပန်နိုင်ငံထုတ် လူသုံးကုန် ပစ္စည်းတွေ၊ အီလက်ထရောနစ် စက်ပစ္စည်းတွေ၊ ဂျပန်နိုင်ငံထုတ် မော်တော်ကားတွေနဲ့ ဂျပန်ရိုးရာ လက်မှုပစ္စည်းတွေစတဲ့ ဂျပန်ဈေးရောင်းပွဲတော်တွေနဲ့အတူ ဂျပန်အစားအစာ တွေကိုလည်း ဝယ်ယူ သုံးဆောင် မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။
ပွဲတော်နေ့မှာ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး အဆိုတော် Hirahara Ayaka ရဲ့ ဖျော်ဖြေတင်ဆက်မှု၊ ဂျပန် နိုင်ငံမှ ချစ်စဖွယ် လူငယ် အကပညာရှင်များအဖွဲ့ Tempura Kidz (Japan Dancers) တို့ရဲ့ မြူးကြွ သွက်လက်တဲ့ ကကွက်ဆန်းများ တင်ဆက်မှုတွေနဲ့အတူ မြန်မာနိုင်ငံမှ နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော် နီနီခင်ဇော်၊ အားတီ၊ သားသား၊ မိစနီ္ဒ၊ အမွန်းတို့ရဲ့ ဖျော်ဖြေမှုများလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှ နာမည်ကြီး ဂီတမှုး ဓီရာမိုရ် ဦးစီးပြီး ဂျပန်နိုင်ငံ သမိုင်းဝင် ရုပ်ရှင်ဒရာမာ “Ryomaden the Legend” ဇာတ်ကားရဲ့ ဇာတ်ဝင်တေးကို မြန်မာ့ရိုးရာ ဆိုင်းဝိုင်းတွေနဲ့ တီးခတ် ဖျော်ဖြေတင်ဆက်မှုလည်း ပါဝင်မှာ ဖြစ်ပါတယ်။
အထူးအစီအစဉ်အနေနဲ့ ဂျပန်အဆိုတော် Hirahara Ayaka နဲ့အတူ အဆိုတော် နီနီခင်ဇော်တို့မှ အတူ ယှဉ်တွဲပြီး ဂျပန်နိုင်ငံရဲ့ နာမည်ကြီး “To the Future” (အနာဂတ်ဆီသို့) သီချင်းကို ဂျပန် အဆိုတော်မှ မြန်မာဘာသာစကားနဲ့ သီဆိုပြီး နီနီခင်ဇော်မှ အင်္ဂလိပ်ဗားရှင်းဖြင့် တွဲဖက် သီဆိုကာ ဖျော်ဖြေ တင်ဆက် သွားမှာဖြစ်ပါတယ်။ ဖျော်ဖြေရေး အစီအစဉ်တွေထဲမှာ နာမည်ကြီး မြန်မာဒီဇိုင်နာတွေရဲ့ ဖက်ရှင်ရှိုး တင်ဆက်မှု တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
“မနှစ်ကထက် ထူးခြားတာကတော့ ဒီနှစ် ဂျပန်- မြန်မာပွဲတော် ၂၀၁၆ မှာ ကျမတို့ရဲ့ မြန်မာ့ရိုးရာ၊ မြန်မာ တိုင်းရင်းသားတွေရဲ့ ရိုးရာ အဝတ်အစားတွေကို တင်ဆက်ပြသမယ့် ဖက်ရှင်ရှိုးလည်း ပါဝင်ပါတယ်။ နောက်တခါကျတော့ ဒီထက် ထူးခြားတာက ဂျပန်နိုင်ငံရဲ့ နာမည်ကြီး “To the Future” သီချင်းကို ဂျပန် အဆိုတော်က မြန်မာလို ဆိုမှာဖြစ်ပြီး နီနီခင်ဇော်က အင်္ဂလိပ်လို ဆိုမှာ ဖြစ်ပါတယ်။ သီချင်းတပုဒ်တည်းကို သူတို့ Version နှစ်မျိုးနဲ့ သူတို့ တွဲဖက်သီဆိုမှာပါ။ ဒါကလည်း ဒီနှစ်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်” လို့ Myanmar National Televison (MNTV) ရဲ့ President ဒေါ်နန်းမောက်လောဝ်ဆိုင်က ဧရာဝတီရဲ့ မေးမြန်းချက်ကို ဖြေကြားပါတယ်။