ဒီတပတ်အတွက် ပိတ်ရက်နဲ့ အားလပ်ရက်တွေကတော့ ဖေဖော်ဝါရီ ၁၂ ကနေ ၁၄ ရက်ထိဆိုတော့ သုံးရက်ကြီး တောင်ဖြစ်လို့ ပျော်စရာပါပဲ။ ဒီ ပိတ်ရက်သုံးရက်မှာ ဘယ်တွေသွားရင်ကောင်းမလဲဆိုတာ စဉ်းစားနေကြပြီ ထင်ပါတယ်။ ဧရာဝတီကလည်း ဒီလို ပိတ်ရက်မှာ ဘယ်နေရာမှာ ဘယ်လို ပွဲလမ်းသဘင်တွေ၊ Show ပွဲတွေ ရှိနေမလဲဆိုတာကို လက်လှမ်းမီသလောက် စုစည်းပြီး ပြောပြချင်ပါတယ်။
ပထမဆုံး ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြည်ထောင်စုနေ့လည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရွှေသံစဉ်တေးဂီတက ပြုလုပ်မယ့် အနုပညာရှင်များစွာပါဝင်မယ့် တေးဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် ရှိပါတယ်။ ဒီအစီအစဉ်ကို မနက် ၁၀ နာရီက စတင်ပြီး ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်မှာဖြစ်ကာ ဝင်ကြေးကတော့ အခမဲ့ပဲ ဖြစ်ပါတယ်။
ည ၆ နာရီအချိန်မှာ ရန်ကုန်မြို့ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားဇာတ်ရုံမှာ မြို့ရွှေမန်းသား ဖိုးချစ်ကပြ ဖျော်ဖြေမယ့် “ငါသည် အောင်ဆန်း” ဆိုတဲ့ ဗိုလ်ချုပ်အကြောင်းကို ပုံဖော်ပြမယ့် ပြဇာတ်ကို ကပြဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ ဒီပွဲကို အားပေးကြည့်ရှုချင်တဲ့ပရိသတ်များအတွက် လက်မှတ်ဈေးနှုန်းများကတော့ ကျပ် ၂၅၀၀၀၊ ၂၀၀၀၀ နဲ့ ၁၅၀၀၀ ပဲ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ ဖေဖော်ဝါရီ ၁၂ နဲ့ ၁၃ နှစ်ရက် ကပြဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။
နောက်တပွဲကလည်း ဂီတဖျော်ဖြေပွဲပါ။ ဒါကတော့ လွန်ခဲ့တဲ့ နှစ်တော်တော်များများက လူငယ်ပရိသတ်ကြားမှာ ပေါက်ခဲ့ဖူးတဲ့ စုံတွဲအဆိုရှင်နှစ်ယောက်ရှိခဲ့ဖူးပါတယ်။ အဆိုတော် အဲလက်စ်နဲ့ ထွန်းအိနြာဗို တို့နှစ်ဦးပါ။ သူတို့ ပေါက်ခဲ့တဲ့ “ဆုံနိုင်ခွင့်”ဆိုတဲ့ တေးစီးရီးကိုတော့ တော်တော်များများ သိကြဦးမယ်လို့ထင်ပါတယ်။ အခုအခါမှာ သူတို့နှစ်ဦးက “ဆုံနိုင်ခွင့်”လို့ အမည်ပေးထားတဲ့ Live&Exclusive သီဆိုဖျော်ဖြေပွဲကို မင်းဓမ္မလမ်းမှာရှိတဲ့ MCC (Indoor) မှာည ၇နာရီအချိန် ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီပွဲကို လာရောက်ကြည့်ရှူ့သူများအနေနဲ့ အသက် ၁၈ နှစ်အရွယ်ကို ပြန်ရောက်သွားစေရမယ်လို့လည်း ပြောထားတဲ့အတွက် ငယ်ရွယ်တဲ့ခံစားမှု ရင်ခုန်ဖွယ်ရာ ခံစား ချက်များကို ပြန်ပြီး ခံစားချင်ကြတဲ့သူများအတွက် လက်မလွှတ်သင့်တဲ့ ပွဲတခုလည်း ဖြစ်ပါတယ်။
နေ့လည်ပိုင်းမှာတော့ ဟစ်ဟော့ပ်ပရိသတ်များအတွက် တေးစီးရီးတခုကို ဖြန့်ချိရောင်းချပေးမယ့် ပွဲတခုလည်း ရှိနေပါတယ်။ အဲဒါကတော့ နေ့လည် ၃နာရီအချိန်မှာ ပြည်လမ်းမှာရှိတဲ့ Junction Square မှာ အဆိုရှင်လွှမ်းပိုင်က ပရိသတ်ကြားမှာ ပေါက်သီချင်းတွေအများကြီးပါဝင်ခဲ့သော “ဂီတစာဆို” လို့ အမည်ပေးထားတဲ့ တေးစီးရီးကို MTV အဖြစ် ရိုက်ကူးပုံဖော်ပြီး ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ အဆိုရှင်လွှမ်းပိုင်က အခွေ ဝယ်ယူသူများကို အနုပညာရှင် အဆိုရှင်များစွာနဲ့အတူ လက်မှတ်ရေးထိုး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
နောက်တရက် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတော့ ဗိုလ်ချုပ်ရဲ့မွေးနေ့လည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဗိုလ်ချုပ် မွေးနေ့အမှတ်တရအဖြစ် ပဲပြုတ်နဲ့ နံပြားကျွေးမယ့် နေရာတွေ တော်တော်များများရှိမယ်လို့ထင်ပါတယ်။ ဒီ နေ့မှာတော့ ဗိုလ်ချုပ်ပြတိုက်လုပ်ထားတဲ့ ဗိုလ်ချုပ်အိမ်ကိုလည်း သွားရောက်လေ့လာလို့လည်း ရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတော့ ထူးထူးခြားခြား တနင်္ဂနွေနေ့ဖြစ်သလို တကမ္ဘာလုံးက ချစ်တတ်ကြတဲ့သူများအတွက် နေ့ထူးလေးတနေ့ဖြစ်သော“ချစ်သူများနေ့”လည်း ဖြစ်နေပါတယ်။ ကိုယ့်ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်မယ့် သူတွေ ဒီနေ့မှာ အများကြီးရှိကြမှာပါ။ လျှောက်လည်ရင်းနဲ့ စုံတွဲတွေအတွက် ကျင်းပပြုလုပ်ပေးတဲ့ ပြိုင်ပွဲလေး တွေကိုလည်း ဒီနေ့မှာတော့ လူစုံတဲ့ Shopping mall များတွင် အများကြီး တွေ့ရပါလိမ့်မယ်။ နေ့လည် ၃ နာရီမှာတော့ သရုပ်ဆောင် အဆိုတော် ဆုပန်ထွာရဲ့ “သေလောက်အောင် ချစ်တယ်”လို့ အမည်ပေးထားတဲ့ တေးစီးရီး ထွက်ရှိမှာဖြစ်ပြီး အဆိုတော်နဲ့ သူငယ်ချင်းများက အဲ့ဒီတေးစီးရီးကို လက်မှတ်ရေးထိုးပြီးရောင်းချပေးသွားမှာပါ။
နေရာကတော့ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှာရှိတဲ့ Happy world မှာပါ။ ဒါ့အပြင် လူငယ်ပရိသတ်များအတွက် ကတော့ ကန်တော်ကြီးမျှော်စင်ကျွန်းထဲမှာ Valentine’s Day Music Concert ပွဲကြီးတခုရှိတယ်နော်။ ဟစ်ဟော့ပ် အဆိုရှင်များစွာပါဝင်တဲ့ ဒီပွဲကို ချစ်သူနဲ့တူတူ ကြည့်ရှူ့နိုင်တဲ့အကြောင်းကို လက်တို့ပြီးသတင်းပေးလိုက်ပါတယ်။ ဒါ့အပြင် ညနေ ခြောက်နာရီအချိန် ပြည်သူ့ရင်ပြည်မှာလည်း metal&Punk Rock show ကို ဝင်ကြေးအခမဲ့နဲ့ ဝင်ရောက်ကြည့်လို့ရတယ်နော်။
ပိတ်ရက်မှာဘယ်မှမသွားဘဲ အိမ်မှာပဲ နားနားနေနေ နေပြီး ဘယ်သီချင်းသစ်တွေနားထောင်ရမလဲ စဉ်းစားနေတဲ့ ဂီတချစ်သူတွေအတွက်ကတော့ မကြာခင်သေးခင်က ထွက်ရှိထားတဲ့ တေးသီချင်း အခွေတွေကို ပြောပြပေးချင် ပါတယ်။ အဆိုတော် ဇော်ပိုင်နဲ့ နာမည်ကြီးအမျိုးသမီးအဆိုရှင်သုံးဦးတို့ပါဝင်ထားကြတဲ့ “ZPNL” လို့ အမည် ပေးထားသော တေးစီးရီးထဲက သီချင်းသစ်တွေက ကိုယ်ပိုင်သံစဉ်တွေချည်းပဲ ၁၂ ပုဒ် ပါဝင်ကာ သီချင်းတွေ အကုန်လုံးက အသက်အရွယ်မရွေး နားဆင်ပြီး ကြိုက်ကြမယ့် သီချင်းတွေ ဖြစ်ပါတယ်။
ဒါတွေက ဒီတပတ် ပိတ်ရက်အတွက် ဘယ်တွေသွားပြီး ဘာတွေလုပ်ရင်ကောင်းမလဲ စဉ်းစားနေတဲ့သူတွေအတွက် အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်နော် ပိတ်ရက်မှာ အားလုံးစိတ်ချမ်းသာစွာနဲ့ ပျော်နိုင်ကြပါစေ။