ဒီနှစ် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ “ချစ်သူများနေ့” အတွက် ပြည်သူ့ရင်ပြင်မှာ အိပ်မက်ဆုံရာ ရာသက်ပန် Season1မှ 2nd Runner Up ဆုရှင်၊ အဆိုတော် သားဂန်းနဲ့ Miss Capital 2015, Miss Hei Hei Tangoku 2014 ဆုတွေရရှိထားတဲ့ မော်ဒယ်လ် သရုပ်ဆောင် နှင်းဦးဝေတို့ကို ချစ်စရာကောင်းတဲ့ ချစ်သူ စုံတွဲပုံစံအဖြစ် ရိုက်ကူးထားပါတယ်။
အဆိုတော် သားဂန်းနဲ့ မော်ဒယ်လ် နှင်းဦးဝေတို့ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့အတူ Valentine’s Day အပေါ် သူတို့ရဲ့ ရိုက်ကွင်းအမှတ်တရ ရင်ခုန်စကားသံတွေနဲ့အတူ Valentine’s Day အတွက် အမှတ်တရ ဆုတောင်းစကားတွေကို ဧရာဝတီ သတင်းထောက် သီဟတိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။

အဆိုတော် သားဂန်း (အိပ်မက်ဆုံရာ ရာသက်ပန် Season1)
ကျနော် အခုလက်ရှိ ကျနော် Single အခွေလေးကို ကြိုးစားပြီး လုပ်နေပါတယ်။ အနုပညာ လှုပ်ရှားမှုကတော့ ကျနော် Music ဘက်ကို အားစိုက်ထားတာပေါ့ ကျန်တဲ့ဟာကတော့ ကျနော် ကြုံရင် ကြုံသလို လုပ်ဖြစ်ပါတယ်။
ကျနော်အခုလုပ်နေတဲ့ အခွေကတော့ အရင်တုန်းက သီချင်းတွေလည်းပြန်ပါတယ်။ ကျနော် တကယ် နှစ်သက်တဲ့ သီချင်းတွေ ပြန်ရွေးထားတယ်။ ကိုယ်ပိုင်သံစဉ်တွေ အများဆုံးပါတယ်၊ ကော်ပီ တပုဒ် နှစ်ပုဒ်လည်း ထည့်ထားပါတယ်။ လူငယ်အကြိုက်တွေရော လူကြီးအကြိုက်တွေရော စုံအောင် ကြိုးစားထားပါတယ်။
ကျနော်က အိပ်မက်ဆုံရာ ရာသက်ပန် Season 1 မှာ တတိယဆုနဲ့ ခြေလှမ်းစခဲ့တာပေါ့နော်။ ကျနော်ရယ်၊ ကိုအောင်ထက်ရယ်၊ Jenevy ရယ်ပေါ့။ ကိုအောင်ထက်ကတော့ Winner၊ Jenevy ကတော့ 1st Runner Up၊ ကျနော်က 2nd Runner Up ဆုရခဲ့တာပါ။
ကျနော့် Solo အခွေလေးကို ကျနော်စဉ်းစားထားတာ သင်္ကြန်အပြီးလောက်မှ အဆင်ပြေမယ်လို့ ထင်တယ်။ ကျနော ်အခွေပြီးတာကတော့ ၃ လပိုင်းနဲ့ ၄လပိုင်း ကျမှ ပြီးမှာ၊ ၄လပိုင်းဆိုရင် သင်္ကြန်နဲ့ဆိုတော့ နည်းနည်းလေးရှုပ်သွားမှာဆိုးလို့ ပရိသတ်ဆီကို နည်းနည်းနောက်ဆုတ်ပြီးတော့ အချိန်ယူပြီးတော့မှ ပရိသတ်တွေလက်ထဲ ချပြမယ်လို့ ကျနော်စဉ်းစားထားပါတယ်။
ကျနော့်အခွေထဲက သီချင်းတွေက Rock လည်းပါမယ်၊ ရိုးရိုး Pop ချိုချိုလေးတွေလည်းပါတယ်။ အရင်တုန်းက ဦးဇော်ဝင်းရှိန်တို့၊ ဘိုဘိုတို့ခေတ်ကတည်းက သီချင်းတွေလည်း ပြန်ပါတယ်ပေါ့။ ကျနော်ကြိုက်လို့ အရင်တည်းက ကြိုက်ခဲ့တဲ့ သီချင်းတွေကို ပြန်ထည့်ထားတာပါ။
Valentines’ Day နဲ့ ပတ်သက်ပြီးတော့ အမှတ်တရတော့ မရှိပါဘူး။ တခါမှလည်း Valentine’s Day နေ့ကို တကူးတကကြီး မစဉ်းစားမိခဲ့ပါဘူး။ ဒီနှစ်ကျတော့ အခုလို ဧရာဝတီနဲ့ ထူးထူးခြားခြားလေး ရိုက်ခွင့်ရတဲ့ အတွက် အရမ်းပျော်ပါတယ်။ တခါမှ မလုပ်ဖူးတဲ့ အလုပ်လည်း လုပ်ရတဲ့အတွက်အရမ်းပျော်ပါတယ်။
ဒီ Valentine’s Day နေ့မှစပြီး ချစ်တဲ့သူတွေ ကိုယ်ချစ်တဲ့သူနဲ့ အကြာကြီးချစ်နိုင်ပါစေလို့ အမြဲတမ်း ချစ်ချစ်ခင်ခင်နေသွားရပါစေလို့ အားလုံးကို ဆုတောင်းပေးပါတယ်။
ကျနော့်ကို အိပ်မက်ဆုံရာမှာရော အခုထက်ထိ အင်တိုက်အားတိုက် အားပေးကြတဲ့၊ အကောင်းမြင်ပေးကြတဲ့၊ သူများနဲ့ယှဉ်ရင်လည်း ကျနော့်ကို ဦးစားပေးတက်တဲ့ပရိသတ်တွေကို ကျနော် အရမ်းကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်က နယ်က လာတဲ့သူတယောက်ပေမယ့် ဒီအဆင့်ထိ ရောက်အောင် ကူညီပေးခဲ့ကြတဲ့ သူတွေကို အရမ်းကျေးဇူးတင်ပါတယ် ပြောချင်ပါတယ်။

မော်ဒယ်လ် နှင်းဦးဝေ
ညီမအခု လတ်တလော အနုပညာလှုပ်ရှားမှုတွေ အနေနဲ့ ဗီဒီယိုကားတွေရိုက်နေပါတယ်။ Music Video တွေလည်း ရိုက်နေပါတယ်။
ညီမ မော်ဒယ်အလုပ်ကို ၂၀၁၄ ကုန်ခါနီးလောက်က စလုပ်ခဲ့တာပါ။ အခုလက်ရှိ “Mid Night” ဆိုတဲ့ ဇာတ်ကား ရိုက်ထားပါတယ်။ ကိုမြင့်မြတ်၊ မရတနာဗိုလ်တို့နဲ့ အတူ သရဲကားလေးပါ။ ပြီးတော့ ရုပ်ရှင်ကားကြီး “ကျောမှာ ဂဠာန်၊ ရင်မှာနဂါး” ဆိုတဲ့ ဇာတ်ကားမှာ ကိုမြင့်မြတ်၊ ဦးကျော်သူ ၊ မင်းသမီးအသစ် မဝင်းပါအိန္ဒြာ တို့နဲ့ အတူ ညီမပါဝင် ရိုက်ကူးထားပါတယ်။ အဲ့ဒီကားမှာလည်း ညီမ ကျိုက်ထိုက တောသူလေးတယောက် အနေနဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
ညီမ Talents & Model Agency ကနေ သင်တန်းဆင်းတာပါ။ တနှစ်ကျော်လောက် မော်ဒယ်လ် လုပ်ခဲ့ ပါတယ်။ ပြီးတော့ ဆုတွေလည်းရခဲ့ပါတယ်။ Miss Capital 2015 ရထားပါတယ်။ Miss Hei Hei Tangoku 2014 လည်း ရထားပါတယ်။ ပြီးတော့ ညီမ မော်ဒယ်လ် ရှိုးတွေ လျှောက်တယ်၊ ရုပ်ရှင်အစည်းအရုံးမှာက ၂၀၁၅ ဇွန်လကမှ ရုပ်ရှင် ဗီဒီယို သင်တန်း ၃ လ တက်ပြီး တော့မှ သင်တန်းဆင်းထားတယ်။ ရုပ်ရှင် စရိုက်တာကတော့ မကြာသေးဘူး အခုက လေးကားပဲ ရှိဦးမယ်။
ညီမအခု သရုပ်ဆောင်ဘက်ကို ပိုပြီးတော့လုပ်ဖြစ်တယ်၊ ညီမသီချင်းဆိုဖို့လည်းရှိတယ်၊ အခုလက်ရှိကတော့ ညီမပွဲတွေရှိရင်တော့ဆိုတယ်၊ ညီမ ကိုယ်ပိုင်သီချင်းရယ်လို့ မဆိုဖြစ်သေးဘူးပေါ့ သီချင်းဆိုဖို့လည်းရှိတယ် ပရိသတ်ကြီးကညီမကို အားပေးပါလို့ ညီမ အသစ်တယောက်အနေနဲ့ အကောင်းဆုံးလဲ ကြိုးစားနေပါတယ်လို့။
Valentine’s Day အနေနဲ့ ညီမမှာ အမှတ်တရ မရှိပါဘူး၊ ညီမ ဒီနေ့ရိုက်ရတာက အရမ်းပျော်ပါတယ်။ အဆိုတော် ကိုသားဂန်းနဲ့လည်း ညီမက ခင်နေတော့ တယောက်နဲ့တယောက်အပေးအယူမျှမျှနဲ့ပဲ ရိုက်ဖြစ်ခဲ့ပါတယ်။
Valentine’s Day ဆိုတာချစ်သူတွေရဲ့ ဒါ ချစ်သူမှမဟုတ်ပါဘူး ကိုယ်ချစ်တဲ့သူ မှန်သမျှ ချစ်သူများနေ့ပါ။ တကယ်လို့ တယောက်တည်းဖြစ်နေတဲ့သူတွေလည်း အားမငယ်ပါနဲ့။သူငယ်ချင်းတွေနဲ့အတူတူ ပျော်လို့ ရပါတယ်လို့ ချစ်သူတွေလည်း ဒီထက်မက ပိုပြီးတော့ ချစ်နိုင်ပါစေလို့ ။
ပရိသတ်ကြီးကို ပြောချင်တာက ညီမ အနုပညာအလုပ်တွေကို ကြိုးစားနေပါတယ်။ Valentines’ Day မှာ ချစ်သူတွေအားလုံး ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ပြောချင်ပါတယ်။
ဓာတ်ပုံ ရိုက်ကူးရာမှာ Valentines’ Day နှင်းဆီပန်းစည်း စပွန်ဆာအဖြစ် (Gift4u by Food2u, www.food2u.com.mm , Facebook- Food2u) က ကူညီပံ့ပိုးပေးထားပါတယ်။