မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့သော လေယာဉ်ပြန်ပေးဆွဲ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ Burma’s Hijack “ရောင်နီဦး၏အလင်းရောင်နဲ့အတူ” လို့ အမည်ပေးထားသော ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို မနေ့က သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီ ဇာတ်ကားက ၁၉၅၄ ခုနှစ် မြန်မာနိုင်ငံမှာရှိတဲ့ ကရင် KNU တပ်မှ ဗိုလ်စောကျော်အေးက ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲသွားမယ့် ခရီးသည်တင် DACOTA XY-ACT ကို ပြန်ပေးဆွဲခဲ့တဲ့ ဖြစ်ရပ်မှန်အား ပြန်လည်ရိုက်ကူး ထားခြင်းဖြစ်ပါတယ်။ ဒီ ပြန်ပေးဆွဲမှုက ကမ္ဘာမှာလည်း ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုဖြစ်ခဲ့ပြီး ဝတ္ထုအနေနဲ့လည်း စာရေးဆရာလှသောင်းက “မြန်မာနိုင်ငံရဲ့ ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုကြီး” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။
ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်းပုံစံက ၁၉၅၄ ခုနှစ် ဖဆပလအစိုးရကို မကျေနပ်တဲ့အတွက် သီးခြားခွဲထွက်ကာ ကရင်ပြည်နယ် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ KNU တပ်က ဖဆပလ အစိုးရတပ်ကို ခုခံကာကွယ်ဖို့် ယိုးဒယားနယ်စပ်မှ လက်နက်များကို သယ်ဆောင်ရန် လေယာဉ်လိုအပ်တာကြောင့် ခရီးသည်တင်လေယာဉ်ကို ဗိုလ်စောကျော်အေး အပါအဝင် သုံးယောက်က ပြန်ပေးဆွဲခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းပဲ ဖြစ်ပါတယ်။
အခုအခါ ရုပ်ရှင်ကားကြီးအဖြစ် ပြန်လည်ရိုက်ကူးတဲ့အခါ ဒါရိုက်တာ ဓာတ်ပုံ အဏ်ထော်ဏီ(မော်လမြိုင်)က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်သစ်များစွာနဲ့အတူ ပုံဖော်ထားတာဖြစ်ပါတယ်။
ဒီ ဇာတ်ကားကို စာနယ်ဇင်းပြသပြီးတဲ့အခါ အခမ်းအနားသို့ လေယာဉ်ပြန်ပေးဆွဲခဲ့တဲ့ ဗိုလ်စောကျော်အေး ယခုအခါ အသက် ၉၃ နှစ် ရှိပြီဖြစ်တဲ့ ဦးစောကျော်အေး တက်ရောက်ခဲ့ပြီး ဇာတ်ကားနဲ့ပတ်သက်လို့ “အခုပြန်ကြည့်တော့ ဇာတ်ကားက လိုတော့လိုသေးတယ်။ နောက်ပြီး တိုက်ပွဲခန်းတွေဆိုရင် တော်တော်လိုသေးတယ်။ သူတို့လည်း ဒီလောက်ပဲတတ်နိုင်မှာပေါ့လေ။ နောက်ပြီး ဘေးက အရံတွေကလည်းများလာတယ်။ ဇာတ်ကိုသိပ်တော့အားမရဘူး။ လွဲနေတာလေးတွေလည်း ရှိတယ်။ အခု အဘကျန်းမာရေးက သိပ်မကောင်းတော့ဘူး။ ကိုယ့်မှာ အာရုံကြော ရောဂါလည်းရှိနေတယ်လေ” လို့ ဧရာဝတီကို ပြောပြသွားပါတယ်။
ဒီဇာတ်ကားကြီးပြန်လည်ရိုက်ကူးတဲ့အခါမှာ ကရင်ပြည်နယ် ကျိုက်ဒုံ ဒေသမှာသွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး ဒါရိုက်တာ အဏ်ထော်ဏီက ဒီ ဇာတ်ကားနဲ့ပတ်သက်လို့ “လူတိုင်းမှာ မိသားစုဆိုတာရှိပါတယ်။ ကိုယ့်မိသားစုကို ပျိုးထောင်ဖို့က အားလုံးမှာ တာဝန်ရှိပါတယ်။ ဗိုလ်စောကျော်အေးက အလင်းဝင်လိုက်တဲ့အတွက် မှန်တဲ့ဘက်က ရပ်တည်လိုက်တဲ့အတွက် သားသမီးတွေကလည်း ပညာတတ်ပြီး တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ သားသမီး ရတနာတွေ ဖြစ်လာတယ်။ နောက်ထပ် လက်နက်ကိုင်တွေအနေနဲ့လည်း ဒီလိုပူးပေါင်းပြီး တိုင်းပြည်ထူထောင်ရေးမှာ ပါဝင်စေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့တိုင်းပြည်က သူများတိုင်းပြည်တွေနဲ့ယှဉ်ကြည့်တဲ့အခါ နှစ်ပေါင်းများစွာမှာ နောက်ကျန်ခဲ့တာလေ။ အခုဆို ခေါင်းဆောင်ကောင်းတယောက်လည်းရပြီလေ။ ဒါကြောင့် ဒီခေါင်းဆောင်ကောင်းနဲ့အတူ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပူးပေါင်းပါဝင်မှရမှာလေ။ ကျနော်တို့ ကိုယ်တိုင်လည်း ငယ်ငယ်လေးကတည်းက ဗုံးကျင်းထဲမှာ အိပ်ခဲ့ရတာ၊ ဆင်းရဲ အနိဌာရုံတွေကို မြင်ခဲ့ရတာ၊ ကြုံခဲ့ရတာ။ ကျနော်တို့ တိုင်းပြည်ရဲ့ သန်းငါးဆယ်ကျော်သောပြည်သူတွေကို ဒီလိုဆင်းရဲခြင်းတွေ မခံစားစေချင်တော့ဘူး။ ဒါကြောင့် ဒီဇာတ်ကားက ပြည်သူတွေကို ပေးတဲ့၊ လက်နက်ကိုင်တွေကိုပေးချင်တဲ့ Message ပါတဲ့ ကားပါ။”လို့ ဇာတ်ကားရိုက်ကူးမှုနဲ့ပတ်သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။
ဒီ ဇာတ်ကားကြီးကို မြန်မာနိုင်ငံတွင်းမှာ ရုံတင်ပြီးတဲ့အခါ ယိုးဒယားဘက်နဲ့ အာဆီယံနိုင်ငံများမှာ သွားရောက်ပြသဖို့ အစီအစဉ်ရှိကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် ဒီဇာတ်လမ်းကို ရိုက်ကူးဖို့အတွက် သရုပ်ဆောင်သစ်များစွာထဲကနေ ဗိုလ်စောကျော်အေး အဖြစ် သရုပ်ဆောင်စိုင်းလျံက ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့ပြီး သူကလည်းဇာတ်ကားနဲ့ပတ်သက်လို့ “ ဒီ ဇာတ်ကားမရိုက်ခင် ဝတ္ထုကို ကျေညက်နေအောင် ကျနော်တို့ဖတ်ခဲ့တယ်။ အဘ ဦးစောကျော်အေးနဲ့လည်း တွေ့ခဲ့ပါတယ်။ မေးခဲ့တယ်။ သူရဲ့ပုံစံနဲ့ ကာရိုက်တာကိုလည်း ကိုယ်က ကြည့်နေခဲ့တယ်။ အကဲခတ်တယ်။ သူ့ပုံစံနဲ့တူအောင် အတတ်နိုင်ဆုံး လုပ်ခဲ့တယ်။ စစ်သားဆိုတော့မာကျောတယ်၊ ခက်ထန်တယ် အဓိက အဲဒါကိုရအောင် ကျနော်လုပ်ခဲ့ပါတယ်။ အကြိုက်ဆုံးအခန်းကတော့ လေယာဉ်ပေါ်မှာ လက်ပစ် ဗုံးကိုင်ပြီး ခွဲလိုက်မယ်လို့ ခြိမ်းခြောက်လိုက်တဲ့ အခန်းတွေကို ကြိုက်ပါတယ်” လို့ လည်း ဧရာဝတီကို ပြောပြပါတယ်။
ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာပြည်ဖြစ်ရပ်မှန် ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုအကြောင်း ရိုက်ကူးထားသော “ရောင်နီဦး၏အလင်းရောင်နှင့်အတူ” ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က စတင်ပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။