မလေးရှားနိုင်ငံမှာကျင်းပပြုလုပ်မယ့် Mr.& Miss Culture Asia World 2016 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ Mr. သတိုးတေဇ နဲ့ Miss နှင်းဝတ်ရည်ဝင်းတို့က သွားရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတွင်းမှာ ရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ရိုးရာဓလေ့ ထုံးထမ်းအစဉ်အလာများကို နိုင်ငံအချင်းချင်း နှီးနှော ဖလှယ်ကာ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်တဲ့ပွဲလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ကြမယ့် သတိုးတေဇ နဲ့ နှင်းဝတ်ရည်ဝင်းတို့ကို Elegant Myanmar Festival Organization က ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြိုင်ပွဲကျင်းပပြုလုပ်ပြီး ရွေးချယ်ခဲ့ကာ အဓိကအားဖြင့် မြန်မာရုပ်ရည်ရှိသူများကိုသာ ဦးစားပေး ရွေးချယ်ခဲ့တာလို့လည်း သိရပါတယ်။
ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်မယ့် သတိုးတေဇ ရဲ့ နာမည်ရင်းက ကျော်ဇင်ထွန်းဖြစ်ပြီး အသက် ၁၉ နှစ်ရှိကာ ယခင်က မော်ဒယ်လ်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူတယောက်လည်းဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့လည်း ပတ်သက်လို့ သတိုးတေဇ က “ပြိုင်ပွဲအတွက် ကျနော် ခန္ဓာကိုယ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာကိုရော လေ့ကျင့်ပြင်ဆင်ထားပါတယ်။ ဝတ်စုံနှစ်စုံဝတ်ဆင်ပြသမှာပါ။ ရိုးရာဝတ်စုံကိုတော့ ရှေးဘုရင် ဝတ်စုံ ဝတ်ဆင်မှာပါ။ Talent ပိုင်းမှာ ကျနော် သူငယ်တော်အကနဲ့ ပြသမှာ ဖြစ်ပါတယ်။ သူငယ်တော်အကကို ဘာကြောင့်ရွေးရတာလဲဆိုတော့ ဒီအကက ယဉ်ကျေးပြီးချစ်စရာကောင်းတဲ့ အကဖြစ်လို့ပါ။ တခြားနိုင်ငံတွေမှာ ဒီအကကိုကြည့်ရင် စိတ်ကြည်နူးဖွယ်ရာ ဖြစ်မယ်ထင်လို့ ရွေးချယ်ဖြစ်တာပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဒီပြိုင်ပွဲမှာ Miss Culture Asia World 2016 အဖြစ်သွားရောက်ယှဉ်ပြိုင်မယ့် အသက် ၁၈နှစ်အရွယ် အရပ် ၅ပေ ၇လက်မရှိပြီး ဒုတိယနှစ် စီးပွားရေးတက္ကသိုလ်တက်ရောက်နေတဲ့ နှင်းဝတ်ရည်ဝင်းကလည်း ပြိုင်ပွဲနဲ့ ပတ်သက်လို့ “ညီမက ပြိုင်ပွဲဝတ်စုံအတွက် ဒီဇိုင်နာ ကိုဖြိုးပြည့်က နတ်သမီးဝတ်စုံ ပုံစံကို ချုပ်ပေးမှာပါ။ Talent ပိုင်းမှာကျတော့ သင်္ကြန်အကကို သင်္ကြန်မိုးသီချင်းနဲ့ ကပြမှာပါ။ ဗဟုသုတပိုင်းမှာဆိုရင် ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုပိုင်းနဲ့ ပတ်သက်ပြီး လက်လှမ်းမီသလောက်လေ့လာထားပါတယ်။ ကိုယ်က အသစ်လည်းဖြစ်တော့ ပြိုင်ပွဲအတွက် သူများထက် နှစ်ဆ ပိုပြီးကြိုးစားရပါတယ်။ ညီမဖြစ်ချင်တာက အောင်မြင်တဲ့ နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ Miss တယောက်ဖြစ်ချင်တာပါ”လို့ ပြောပြပါတယ်။
Mr & Miss Culture Asia ပြိုင်ပွဲကို ကျင်းပပြုလုပ်နေတာ ယခုဆိုရင် နှစ်နှစ်နီးပါးရှိပြီ ဖြစ်ပြီး အာဆီယံနိုင်ငံများအပြင် Australia ၊ Namibia ၊ Angola အစ ရှိတဲ့နိုင်ငံများမှာ ပြိုင်ပွဲဝင်များလည်း ပါဝင်ယှဉ်ပြိုင်ကြပါတယ်။