ရန်ကုန်မြို့ရဲ့ လူကုံထံရပ်ကွက်နေရာတခုလို့လည်း ပြောလို့ရပြီး အနီးအနားမှာလည်း သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးလည်းရှိ၊ ရန်ကုန်မြို့လယ်ကောင် ဆူးလေနဲ့လည်း မလှမ်းမကမ်း၊ ရန်ကုန်ဘူတာကြီး၊ အောင်ဆန်းအားကစားကွင်း၊ သမ္မတရုပ်ရှင်ရုံ ဒီလိုနေရာတွေသွားချင်တယ်ဆိုရင်လည်း မိနစ်ပိုင်း လမ်းလျှောက်လိုက်တာနဲ့ ရောက်နေပြီဆိုတော့ အခုဆိုရင် နိုင်ငံခြားသား ခရီးသွားများ၊ တရုတ်လူမျိုး၊ ရှမ်းလူမျိုး စသည်တို့ ပျားပန်းခတ်မျှ ပိုမို စည်းကားနေထိုင်လာခဲ့တဲ့ ဒဂုံမြို့နယ် ယောမင်းကြီး လမ်း(ယောက်လမ်း) လို့ပြောလိုက်ရင် အားလုံးလည်း သိကြမှာပါ။
လမ်းကကျယ်လည်းကျယ် ရှည်လည်းရှည်တဲ့ အဲ့ဒီယောက်လမ်းထဲကို အလံပြဘုရားလမ်းကနေ တည့်တည့်ကြီး ဝင်လာလိုက်ပြီး ဗိုလ်ရာညွန့်လမ်းပေါ်ကို ချိုးကွေ့လိုက်မယ်ဆိုရင် Wifi- free သုံးလို့ရမယ့် ကော်ဖီဆိုင်တွေ၊ ဘားတွေ၊ အမျိုးသမီးဖက်ရှင်ဆိုင်တွေကို အတိုင်းသားတွေ့မြင်ရမှာပါ။ ဒီလို ကော်ဖီဆိုင်လေးတွေထဲကြည့် လိုက်ရင် နိုင်ငံခြားသားတော်တော်များများ လက်ပ်တော့ပ်ကိုယ်စီနဲ့ အလုပ်ရှုပ်နေကြလေရဲ့။ အဲ့ဒီ ဗိုလ်ရာညွန့်လမ်းထဲကို ဆက်ဝင်လိုက်ပြီး နဝဒေးလမ်းနဲ့ ဗိုလ်ရာညွန့်လမ်းထောင့်ကို ရောက်လာမယ်ဆိုရင်တော့ ထိုင်း-တရုတ်စားသောက်ဆိုင်တွေ၊ ရှမ်းစားသောက်ဆိုင်တွေ ၊ အလှအပ အသုံးအဆောင်ပစ္စည်းဆိုင်တွေ Steak ဆိုင်တွေ နိုင်ငံခြားစတိုင် Coffee Shop အသေးလေးတွေ၊ လက်ဘက်ရည်ဆိုင် စတာတွေကို ပေါပေါများများ တွေ့မြင်လာရပါတယ်။ အဲ့ဒီလမ်းဆုံကတော့ အတော်လေးစည်ကားလှပါတယ်။ ဒီမှာ တရုတ်လူမျိုး၊ ရှမ်းလူမျိုးတွေနဲ့ နိုင်ငံခြားသားတော်တော်များများကိုလည်း အများဆုံးတွေ့မြင်ကြရမှာပါ။ အမျိုးမျိုးသော စားသောက်ဆိုင်ပေါင်းများစွာကို တနေရာတည်းမှာ တွေ့ရတော့ စားသုံးသူအများအပြားနဲ့ အဲ့ဒီ လမ်းဆုံ လမ်းထောင့်က စည်းကားနေတာလည်းဖြစ်နိုင်ပါတယ်။
လူကုံထံအသိုင်းအဝိုင်း၊နိုင်ငံခြားသားအသိုင်းအဝိုင်းတို့ ကျက်စားရာနေရာဆိုတော့ အဲ့ဒီနားတဝိုက်က စားသောက်ဆိုင်တွေရဲ့ ဈေးကတော့ သာမာန်နေရာတွေထက် အနည်းငယ်ဈေးကြီးတာကိုလည်း တွေ့ရပါတယ်။ ကဲ .. ဧရာဝတီပရိတ်သတ်တွေ ယောမင်းကြီးလမ်း(ယောက်လမ်း)၊ ဗိုလ်ရာညွန့်လမ်းနဲ့ နဝဒေးလမ်းတို့ ပေါင်းစုံစည်ကားရာ နေရာတဝိုက်ရဲ့ ဆိုင်အနေအထား အခြေအနေတွေကို သိရှိနိုင်ဖို့ ဓာတ်ပုံသတင်းတရပ်အဖြစ်နဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။
ဓါတ်ပုံများ မျိုးမင်းစိုး/ဧရာဝတီ