VMware မှ သုံးစွဲသူများအတွက် ရိုးရိုးရှင်းရှင်းနဲ့ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်တဲ့ စီးပွားရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲ ပလက်ဖောင်း (Software Platform) အသစ် “VMware Workspace ONE” ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပါပြီ။
ဒီဂျစ်တယ် အခြေပြုလုပ်ငန်းခွင်တခု (Digital Workspace) ကို ဖန်တီးပေးနိုင်တဲ့ “VMware Workspace ONE” ဆော့ဖ်ဝဲ ပလက်ဖောင်းသစ်ကို ယနေ့၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့ က Novotel ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်း မိတ်ဆက်ခဲ့ပါတယ်။
VMware Workspace ONE ဆော့ဖ်ဝဲမှာ သုံးစွဲသူ မည်သူဆိုတာ စစ်ဆေးအတည်ပြုနိုင်ခြင်း၊ အသုံးပြုတဲ့ Device တွေကို စီမံ ထိန်းကျောင်းမှုများ ပြုလုပ်နိုင်ခြင်းနဲ့ Application များကို ပေးပို့ အသုံးပြုနိုင်ခြင်း စတဲ့ လုပ်ဆောင်ချက်များစွာ ပါဝင်တယ်လို့ သိရပါတယ်။
“ကျနော် VMware ကို လက်ရှိ မြန်မာနိုင်ငံမှာ နာမည်ကြီး ဘဏ်လုပ်ငန်းတွေနဲ့ ဆက်သွယ်ရေး အော်ပရေတာတွေဖြစ်တဲ့ တယ်လီနောတို့ အော်ရီဒူးတို့က အသုံးပြုနေပါတယ်။ Non-profit Organization တွေဖြစ်တဲ့ World Bank တို့၊ PSI တို့ကလည်း Data Center တွေ တည်ဆောက် ထားပြီး VMware ကို အသုံးပြုလျက်ရှိပါတယ်” လို့ VMware မြန်မာရဲ့ Territory Manager ကိုထွန်းထွန်းလင်းက ပြောပါတယ်။
ဆက်ပြီး သူက “နည်းပညာတက္ကသိုလ်တွေမှာ VMware နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ ထွက်ပေါ်လာအောင် ဆရာ၊ ဆရာမတွေကို Training တွေ ပေးဖို့ ပါမောက္ခတွေ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားဖို့ရှိတယ်။ နည်းပညာတက္ကသိုလ်တွေကိုလည်း ကျနော်တို့ VMware ကိုဝယ်ယူ အသုံးပြုမယ်ဆိုရင် ဈေးလျှော့ပေးထားတာမျိုးတွေ ရှိပါတယ်” လို့ ဆိုပါတယ်။
VMware Workspace ONE ကို ယခုသုံးလပတ်ကာလအတွင်းမှာ ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်း အားဖြင့် သုံးစွဲသူတဦးစီအတွက် အမေရိကန်ဒေါ်လာ ၈ ဒေါ်လာနဲ့ On-Premises perpetual လိုင်စင်နဲ့ ဝယ်ယူမယ်ဆိုရင်တော့ သုံးစွဲသူတဦးကို အမေရိကန်ဒေါ်လာ ၁၅၀ ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။
VMWare ဟာ Cloud နည်းပညာခေတ်မှာ စီးပွားရေးလုပ်ငန်းများ၊ Virtualization နဲ့ Cloud Infrastructure Solutions များကို လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် ရှေ့ပြေးဦးဆောင်နေတဲ့ အမေရိကန်အခြေစိုက် နည်းပညာ ကုမ္ပဏီတခု ဖြစ်ပါတယ်။